YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 5:27-39

ရှင်လုကာခရစ်ဝင် 5:27-39 MSBU

ထို့နောက် ကိုယ်တော်​သည် ထွက်ခွာ​သွား​၍ အခွန်​ကောက်ခံ​ရာ​စခန်း​တွင်​ထိုင်​နေ​သည့် လေဝိ​အမည်​ရှိ အခွန်​ကောက်ခံ​သူ​တစ်​ဦး​ကို​မြင်​သဖြင့်“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​သော် သူ​သည် ရှိသမျှ​တို့​ကို​စွန့်​ပြီး ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။ လေဝိ​သည် မိမိ​၏​အိမ်​၌ ကိုယ်တော်​အတွက် ဧည့်ခံပွဲ​ကြီး​ကို​ကျင်းပ​လေ​ရာ အခွန်​ကောက်ခံ​သူ​အစုအဝေး​နှင့်​အခြား​သော​သူ​များစွာ​တို့​သည် သူ​တို့​နှင့်အတူ​ထိုင်​၍ စား​သောက်​နေ​ကြ​၏။ ထိုအခါ ဖာရိရှဲ​တို့​နှင့် သူ​တို့​ထဲမှ​ကျမ်းပြု​ဆရာ​တို့​က “သင်​တို့​သည် အဘယ်ကြောင့် အခွန်​ကောက်ခံ​သူ​များ၊ အပြစ်သား​များ​နှင့်အတူ စား​သောက်​ကြ​သနည်း”​ဟု တပည့်​တော်​တို့​အား မကျေမနပ်​ပြောဆို​ကြ​၏။ ယေရှု​က​လည်း“ကျန်းမာ​သော​သူ​တို့​သည် ဆေးဆရာ​ကို​မ​လိုအပ်​ကြ​ပေ။ နာမကျန်း​ဖြစ်​သော​သူ​တို့​သာလျှင် လိုအပ်​ကြ​၏။ ဖြောင့်မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အပြစ်သား​တို့​ကို နောင်တ​သို့​ခေါ်​ရန်​ငါ​လာ​၏”​ဟု မိန့်​တော်မူ​၏။ လူ​အချို့​တို့​က “ယောဟန်​၏​တပည့်​များ​သည် မကြာခဏ အစာရှောင်​၍ ဆုတောင်း​ခြင်း​အမှု​ကို​ပြု​ကြ​သည်။ ဖာရိရှဲ​တို့​၏​တပည့်​များ​သည်​လည်း ထိုနည်းတူ​ပြု​ကြ​သည်။ ကိုယ်တော်​၏​တပည့်​တော်​တို့​မူကား စား​သောက်​လျက်​နေ​ကြ​ပါ​သည်​တကား”​ဟု လျှောက်​ကြ​၏။ ယေရှု​က​လည်း“သတို့သား​၏​ဆွေမျိုး​မိတ်သင်္ဂဟ​များ​သည် သတို့သား​နှင့်အတူ​ရှိ​နေ​စဉ် သူ​တို့​ကို အစာရှောင်​စေ​နိုင်​မည်လော။ သို့သော် သတို့သား​ကို သူ​တို့​ထံမှ​ခေါ်ဆောင်​သွား​မည့်​နေ့ရက်​များ​ရောက်လာ​လိမ့်မည်။ ထို​နေ့ရက်​များ​ရောက်လာ​သည့်​အခါ​၌ သူ​တို့​သည် အစာရှောင်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​မြွက်ဆို​တော်မူ​သည်​မှာ“မည်သူ​မျှ အဝတ်​အသစ်​မှ​ပိတ်စ​ကို​ဆုတ်ဖြဲ​၍ အဝတ်​အဟောင်း​ကို ဖာ​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် အဝတ်​အသစ်​ကို ဆုတ်ဖြဲ​ရ​သည်​သာမက ဖာ​ထား​သော​ပိတ်စ​အသစ်​သည်​လည်း အဝတ်​အဟောင်း​နှင့် လိုက်ဖက်​မည်​မ​ဟုတ်။ ထိုနည်းတူ မည်သူမျှ စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အဟောင်း​၌ ထည့်​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် စပျစ်​ဝိုင်​အသစ်​သည် သားရေဘူး​ကို​ပေါက်ပြဲ​စေ​သဖြင့် စပျစ်​ဝိုင်​ယိုထွက်​ကာ သားရေဘူး​လည်း ပျက်စီး​သွား​လိမ့်မည်။ စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အသစ်​၌​သာ ထည့်​ရ​၏။ စပျစ်​ဝိုင်​အဟောင်း​ကို သောက်​ပြီး​သော​သူ​သည်​လည်း ‘စပျစ်​ဝိုင်​အဟောင်း​သည် ကောင်း​၏’​ဟု ဆို​လျက် စပျစ်​ဝိုင်​အသစ်​ကို သောက်​လို​စိတ်​မ​ရှိ​တတ်”​ဟု မိန့်​တော်မူ​၏။

​ရှင်လုကာခရစ်ဝင် 5:27-39 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။