YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 24:36-50

ရှင်လုကာခရစ်ဝင် 24:36-50 MSBU

ဤ​အကြောင်းအရာ​များ​ကို သူ​တို့​ပြောဆို​နေ​ကြ​စဉ် ကိုယ်တော်​သည် သူ​တို့​အလယ်​၌​ရပ်​လျက်“သင်​တို့​၌​ငြိမ်သက်​ခြင်း​ရှိ​ပါ​စေ”​ဟု မိန့်​တော်မူ​၏။ သို့သော် သူ​တို့​သည် တစ္ဆေ​ကို​မြင်​နေ​ကြ​သည်​ဟု​ထင်မှတ်​၍ ထိတ်လန့်​ကြောက်ရွံ့​ကြ​၏။ ကိုယ်တော်​က​လည်း“အဘယ်ကြောင့်​တုန်လှုပ်​ချောက်ချား​ကြ​သနည်း။ အဘယ်ကြောင့် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ သံသယ​ဖြစ်​ကြ​သနည်း။ ငါ့​လက်​နှင့်​ငါ့​ခြေ​တို့​ကို​ကြည့်​ကြ​လော့။ ငါ​ကိုယ်တိုင်​ပင်​ဖြစ်​၏။ ငါ့​ကို​တို့ထိ​စမ်းသပ်​၍ ကြည့်ရှု​ကြ​လော့။ အကြောင်းမူကား တစ္ဆေ​၌ အရိုး​၊ အသား​မ​ရှိ။ ငါ​၌​မူကား သင်​တို့​မြင်​ရ​သည့်​အတိုင်း အရိုး​၊ အသား​ရှိ​၏”​ဟု မိန့်​တော်မူ​ပြီးလျှင် မိမိ​၏​လက်​တော်​နှင့်​ခြေ​တော်​တို့​ကို သူ​တို့​အား ပြ​တော်မူ​၏။ သူ​တို့​သည် ဝမ်းမြောက်​သဖြင့် မ​ယုံ​နိုင်​သေး​ဘဲ​ရှိ​၍ အံ့ဩ​လျက်​နေ​ကြ​စဉ် ကိုယ်တော်​က“ဤ​နေရာ​တွင် စားစရာ​တစ်စုံတစ်ခု​ရှိ​သလော”​ဟု မေး​တော်မူ​၏။ ထိုအခါ သူ​တို့​သည် ငါး​ကင်​တစ်​ပိုင်း​ကို ကိုယ်တော်​အား ပေး​ကြ​ရာ ကိုယ်တော်​သည်​ယူ​၍ သူ​တို့​ရှေ့​တွင် သုံးဆောင်​တော်မူ​၏။ တစ်ဖန် ကိုယ်တော်​က“သင်​တို့​နှင့်အတူ​ရှိ​စဉ် သင်​တို့​အား ငါ​ပြော​ခဲ့​သော​စကား​မှာ မောရှေ​၏​ပညတ်​တရား​ကျမ်း၊ ပရောဖက်​ကျမ်း​များ​နှင့် ဆာလံ​ကျမ်း​တွင် ငါ​နှင့်​ပတ်သက်၍ ရေး​ထား​သမျှ​တို့​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​ရ​မည်​ဟူ၍​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကျမ်းစာ​ကို​နားလည်​ကြ​စေရန် သူ​တို့​၏​အသိစိတ်​ကို​ဖွင့်​ပေး​တော်မူ​ပြီးလျှင် သူ​တို့​အား​မြွက်ဆို​တော်မူ​သည်​မှာ“ကျမ်းစာ​၌​ရေး​ထား​သည်​ကား ခရစ်တော်​သည် ဒုက္ခ​ဝေဒနာ​ခံစား​ရ​၍ သုံး​ရက်​မြောက်​သော​နေ့​၌ သေ​သော​သူ​တို့​ထဲမှ ထမြောက်​ရ​မည်။ ထို့နောက် သူ​၏​နာမ​တော်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​နှင့်ဆိုင်သော​နောင်တ​တရား​ကို ဂျေရုဆလင်​မြို့​မှ​အစပြု​၍ လူမျိုး​တကာ​တို့​အား ဟောပြော​ရ​မည်​ဟူ၍​ဖြစ်​၏။ သင်​တို့​သည် ဤ​အကြောင်းအရာ​တို့​၏​သက်သေ​များ​ဖြစ်​ကြ​၏။ ငါ​သည် ငါ့​ခမည်းတော်​၏​ကတိ​တော်​ကို သင်​တို့​ထံသို့​စေလွှတ်​မည်။ သို့သော် သင်​တို့​သည် အထက်​ကောင်းကင်​မှ​တန်ခိုး​ဖြင့် လွှမ်းခြုံ​ခြင်း​ခံရ​သည်​အထိ ဂျေရုဆလင်​မြို့​၌ နေ​ကြ​ဦး​လော့”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် ဗေသနိ​ရွာ​သို့​တိုင်အောင် သူ​တို့​ကို​ခေါ်ဆောင်​သွား​ပြီးလျှင် လက်​တော်​ကို​မြှောက်​၍ သူ​တို့​ကို​ကောင်းချီး​ပေး​တော်မူ​၏။