ထိုနေ့၌ပင် သူတို့ထဲမှနှစ်ဦးသည် ဂျေရုဆလင်မြို့မှ ခုနစ်မိုင်ခန့်ဝေးသည့် ဧမောက်ဟုခေါ်သောရွာသို့ သွားကြ၏။ သူတို့သည် ဖြစ်ပျက်ခဲ့သောအရာအလုံးစုံတို့ကို အချင်းချင်းပြောဆိုနေကြ၏။ ထိုသို့ပြောဆိုလျက်ဆွေးနွေးနေကြစဉ် ယေရှုကိုယ်တော်တိုင်ချဉ်းကပ်လာ၍ သူတို့နှင့်အတူကြွတော်မူ၏။ သို့သော် သူတို့၏မျက်စိသည် ကာဆီးထားခြင်းခံရသဖြင့် သူတို့သည် ကိုယ်တော်ကိုမမှတ်မိကြချေ။ ကိုယ်တော်ကလည်း“သင်တို့သည် လမ်းသွားရင်း မည်သည့်အကြောင်းအရာများကို အချင်းချင်းဆွေးနွေးနေကြသနည်း”ဟု မေးတော်မူရာ သူတို့သည် မျက်နှာညှိုးငယ်လျက်ရပ်နေကြ၏။ ထို့နောက် ကလောဖအမည်ရှိသူက “သင်သည်ဂျေရုဆလင်မြို့၌ ဧည့်သည်အဖြစ်နေထိုင်လျက်ပင် ဤရက်များအတွင်း ထိုမြို့၌ဖြစ်ပျက်ခဲ့သောအရာများကို သင်တစ်ဦးတည်းသာမသိဘဲနေသလော”ဟု ဆို၏။ ကိုယ်တော်ကလည်း“မည်သည့်အရာများနည်း”ဟု မေးတော်မူလျှင် သူတို့က “နာဇရက်မြို့သားယေရှုနှင့်ပတ်သက်သောအရာများဖြစ်၏။ သူသည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့တွင် လုပ်ဆောင်မှုနှင့်ပြောဆိုမှုတို့၌ အစွမ်းသတ္တိနှင့်ပြည့်စုံသောပရောဖက်ဖြစ်၏။ သို့သော် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ငါတို့ကိုအုပ်ချုပ်သူများသည် သူ့ကိုသေဒဏ်စီရင်ရန်အပ်နှံ၍ လက်ဝါးကပ်တိုင်ပေါ်၌ တင်ခဲ့ကြ၏။ ထိုအရှင်သည် အစ္စရေးလူမျိုးကို ရွေးနုတ်ကယ်တင်မည့်အရှင်ဖြစ်သည်ဟု ငါတို့မျှော်လင့်ထားကြ၏။ ထိုမျှမက ဤအမှုအရာများဖြစ်ပျက်ခဲ့ပြီးနောက် ယခုသုံးရက်မြောက်ဖြစ်သောအခါ ငါတို့ထဲမှ အမျိုးသမီးအချို့တို့သည် ငါတို့ကိုအံ့ဩငေးမောစေကြ၏။ သူတို့သည် နံနက်စောစောသင်္ချိုင်းသို့သွားကြရာ ထိုအရှင်၏အလောင်းကိုမတွေ့ခဲ့ကြပေ။ သူတို့သည်ပြန်လာ၍ ထိုအရှင်အသက်ရှင်လျက်ရှိကြောင်းမြွက်ဆိုသည့်ကောင်းကင်တမန်များကို ဗျာဒိတ်ရူပါရုံ၌တွေ့မြင်ရကြောင်း ပြောပြကြ၏။ ငါတို့ထဲမှ လူအချို့တို့သည် သင်္ချိုင်းသို့သွားကြရာ အမျိုးသမီးများပြောခဲ့သည့်အတိုင်းဖြစ်ပြီး ထိုအရှင်ကိုမတွေ့ခဲ့ကြပါ”ဟု ဆိုကြ၏။ ထိုအခါ ကိုယ်တော်က“အို မိုက်မဲ၍ ပရောဖက်များဟောပြောခဲ့သမျှတို့ကိုယုံကြည်ရန် စိတ်နှလုံးထိုင်းမှိုင်းသောသူတို့၊ ခရစ်တော်သည် ဤသို့ဒုက္ခဝေဒနာခံစားရ၍ မိမိ၏ဘုန်းအသရေထဲသို့ဝင်စားရမည်မဟုတ်လော”ဟု သူတို့အား မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် မောရှေနှင့်ပရောဖက်အပေါင်းတို့၏ကျမ်းများမှအစပြု၍ ကျမ်းစာတစ်ခုလုံးတွင် မိမိနှင့်ပတ်သက်၍ ရေးထားသည့်အကြောင်းအရာတို့ကို သူတို့အား ရှင်းပြတော်မူ၏။ သူတို့သွားနေသည့်ရွာအနီးသို့ရောက်ကြသောအခါ ကိုယ်တော်သည် ရှေ့သို့ခရီးဆက်မည့်ဟန်ရှိသဖြင့် သူတို့က “မိုးချုပ်ခါနီး၍ တစ်နေ့တာလည်း ကုန်လုနီးပြီဖြစ်သောကြောင့် အကျွန်ုပ်တို့နှင့်အတူတည်းခိုပါ”ဟု ဆိုလျက် ကိုယ်တော်ကိုမရအရဖိတ်ခေါ်ကြ၏။ ထို့ကြောင့် ကိုယ်တော်သည်သူတို့နှင့်အတူတည်းခိုရန် လိုက်သွားတော်မူ၏။ သူတို့နှင့်အတူ စားပွဲ၌ထိုင်တော်မူသောအခါ ကိုယ်တော်သည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူ၏။ ထိုစဉ် သူတို့၏မျက်စိသည်ပွင့်လာ၍ ကိုယ်တော်ဖြစ်ကြောင်းသိကြ၏။ ထိုအခါ ကိုယ်တော်သည် သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားလေ၏။ သူတို့ကလည်း “လမ်း၌ ငါတို့နှင့်စကားပြောတော်မူသောအခါ၌ဖြစ်စေ၊ ငါတို့အား ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၌ဖြစ်စေ ငါတို့၏စိတ်နှလုံးထဲတွင် မီးတောက်လောင်သကဲ့သို့ဖြစ်ခဲ့သည်မဟုတ်လော”ဟု အချင်းချင်းပြောဆိုကြ၏။ သူတို့သည် ချက်ချင်းထ၍ ဂျေရုဆလင်မြို့သို့ပြန်သွားကြရာ တစ်ဆယ့်တစ်ပါးသောတပည့်တော်တို့နှင့် သူတို့၏အပေါင်းအဖော်များ စုဝေးနေကြသည်ကိုတွေ့ရကြ၏။ ထိုသူအပေါင်းတို့က “သခင်ဘုရားသည် အမှန်ပင်ထမြောက်တော်မူ၍ ရှိမုန်ထံထင်ရှားပြတော်မူပြီ”ဟု ပြောဆိုနေကြ၏။ ထိုသူနှစ်ဦးတို့ကလည်း လမ်း၌ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများနှင့် မုန့်ကိုဖဲ့တော်မူစဉ် ကိုယ်တော်ဖြစ်ကြောင်းသိခဲ့ရပုံတို့ကို ပြောပြကြ၏။ ဤအကြောင်းအရာများကို သူတို့ပြောဆိုနေကြစဉ် ကိုယ်တော်သည် သူတို့အလယ်၌ရပ်လျက်“သင်တို့၌ငြိမ်သက်ခြင်းရှိပါစေ”ဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် 24 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာခရစ်ဝင် 24
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာခရစ်ဝင် 24:13-36
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ