YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 24:13-35

ရှင်လုကာခရစ်ဝင် 24:13-35 MSBU

ထို​နေ့​၌​ပင် သူ​တို့​ထဲမှ​နှစ်​ဦး​သည် ဂျေရုဆလင်​မြို့​မှ ခုနစ်​မိုင်​ခန့်​ဝေး​သည့် ဧမောက်​ဟု​ခေါ်​သော​ရွာ​သို့ သွား​ကြ​၏။ သူ​တို့​သည် ဖြစ်ပျက်​ခဲ့​သော​အရာ​အလုံးစုံ​တို့​ကို အချင်းချင်း​ပြောဆို​နေ​ကြ​၏။ ထိုသို့​ပြောဆို​လျက်​ဆွေးနွေး​နေ​ကြ​စဉ် ယေရှု​ကိုယ်တော်​တိုင်​ချဉ်းကပ်​လာ​၍ သူ​တို့​နှင့်အတူ​ကြွ​တော်မူ​၏။ သို့သော် သူ​တို့​၏​မျက်စိ​သည် ကာဆီး​ထား​ခြင်း​ခံရ​သဖြင့် သူ​တို့​သည် ကိုယ်တော်​ကို​မ​မှတ်မိ​ကြ​ချေ။ ကိုယ်တော်​က​လည်း“သင်​တို့​သည် လမ်းသွား​ရင်း မည်သည့်​အကြောင်းအရာ​များ​ကို အချင်းချင်း​ဆွေးနွေး​နေ​ကြ​သနည်း”​ဟု မေး​တော်မူ​ရာ သူ​တို့​သည် မျက်နှာ​ညှိုးငယ်​လျက်​ရပ်​နေ​ကြ​၏။ ထို့နောက် ကလောဖ​အမည်​ရှိ​သူ​က “သင်​သည်​ဂျေရုဆလင်​မြို့​၌ ဧည့်သည်​အဖြစ်​နေထိုင်​လျက်​ပင် ဤ​ရက်​များ​အတွင်း ထို​မြို့​၌​ဖြစ်ပျက်​ခဲ့​သော​အရာ​များ​ကို သင်​တစ်ဦးတည်း​သာ​မ​သိ​ဘဲ​နေ​သလော”​ဟု ဆို​၏။ ကိုယ်တော်​က​လည်း“မည်သည့်​အရာ​များ​နည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “နာဇရက်​မြို့သား​ယေရှု​နှင့်​ပတ်သက်​သော​အရာ​များ​ဖြစ်​၏။ သူ​သည် ဘုရားသခင်​ရှေ့၊ လူ​အပေါင်း​တို့​ရှေ့တွင် လုပ်ဆောင်​မှု​နှင့်​ပြောဆို​မှု​တို့​၌ အစွမ်းသတ္တိ​နှင့်​ပြည့်စုံ​သော​ပရောဖက်​ဖြစ်​၏။ သို့သော် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ငါ​တို့​ကို​အုပ်ချုပ်​သူ​များ​သည် သူ့​ကို​သေဒဏ်​စီရင်​ရန်​အပ်နှံ​၍ လက်ဝါးကပ်တိုင်​ပေါ်၌ တင်​ခဲ့​ကြ​၏။ ထို​အရှင်​သည် အစ္စရေး​လူမျိုး​ကို ရွေးနုတ်​ကယ်တင်​မည့်​အရှင်​ဖြစ်​သည်​ဟု ငါ​တို့​မျှော်လင့်​ထား​ကြ​၏။ ထိုမျှမက ဤ​အမှုအရာ​များ​ဖြစ်ပျက်​ခဲ့​ပြီးနောက် ယခု​သုံး​ရက်​မြောက်​ဖြစ်​သောအခါ ငါ​တို့​ထဲမှ အမျိုးသမီး​အချို့​တို့​သည် ငါ​တို့​ကို​အံ့ဩ​ငေးမော​စေ​ကြ​၏။ သူ​တို့​သည် နံနက်​စောစော​သင်္ချိုင်း​သို့​သွား​ကြ​ရာ ထို​အရှင်​၏​အလောင်း​ကို​မ​တွေ့​ခဲ့​ကြ​ပေ။ သူ​တို့​သည်​ပြန်လာ​၍ ထို​အရှင်​အသက်ရှင်​လျက်​ရှိ​ကြောင်း​မြွက်ဆို​သည့်​ကောင်းကင်တမန်​များ​ကို ဗျာဒိတ်​ရူပါရုံ​၌​တွေ့မြင်​ရ​ကြောင်း ပြောပြ​ကြ​၏။ ငါ​တို့​ထဲမှ လူ​အချို့​တို့​သည် သင်္ချိုင်း​သို့​သွား​ကြ​ရာ အမျိုးသမီး​များ​ပြော​ခဲ့​သည့်​အတိုင်း​ဖြစ်​ပြီး ထို​အရှင်​ကို​မ​တွေ့​ခဲ့​ကြ​ပါ”​ဟု ဆို​ကြ​၏။ ထိုအခါ ကိုယ်တော်​က“အို မိုက်မဲ​၍ ပရောဖက်​များ​ဟောပြော​ခဲ့​သမျှ​တို့​ကို​ယုံကြည်​ရန် စိတ်နှလုံး​ထိုင်းမှိုင်း​သော​သူ​တို့၊ ခရစ်တော်​သည် ဤသို့​ဒုက္ခ​ဝေဒနာ​ခံစား​ရ​၍ မိမိ​၏​ဘုန်း​အသရေ​ထဲသို့​ဝင်စား​ရ​မည်​မ​ဟုတ်​လော”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် မောရှေ​နှင့်​ပရောဖက်​အပေါင်း​တို့​၏​ကျမ်း​များ​မှ​အစပြု​၍ ကျမ်းစာ​တစ်ခုလုံး​တွင် မိမိ​နှင့်​ပတ်သက်၍ ရေး​ထား​သည့်​အကြောင်းအရာ​တို့​ကို သူ​တို့​အား ရှင်းပြ​တော်မူ​၏။ သူ​တို့​သွား​နေ​သည့်​ရွာ​အနီး​သို့​ရောက်​ကြ​သောအခါ ကိုယ်တော်​သည် ရှေ့​သို့​ခရီး​ဆက်​မည့်​ဟန်​ရှိ​သဖြင့် သူ​တို့​က “မိုးချုပ်​ခါနီး​၍ တစ်နေ့တာ​လည်း ကုန်​လုနီး​ပြီ​ဖြစ်​သောကြောင့် အကျွန်ုပ်​တို့​နှင့်အတူ​တည်းခို​ပါ”​ဟု ဆို​လျက် ကိုယ်တော်​ကို​မရအရ​ဖိတ်ခေါ်​ကြ​၏။ ထို့ကြောင့် ကိုယ်တော်​သည်​သူ​တို့​နှင့်အတူ​တည်းခို​ရန် လိုက်​သွား​တော်မူ​၏။ သူ​တို့​နှင့်အတူ စားပွဲ​၌​ထိုင်​တော်မူ​သောအခါ ကိုယ်တော်​သည် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား ပေး​တော်မူ​၏။ ထိုစဉ် သူ​တို့​၏​မျက်စိ​သည်​ပွင့်​လာ​၍ ကိုယ်တော်​ဖြစ်​ကြောင်း​သိ​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် သူ​တို့​၏​မြင်ကွင်း​မှ ပျောက်ကွယ်​သွား​လေ​၏။ သူ​တို့​က​လည်း “လမ်း​၌ ငါ​တို့​နှင့်​စကား​ပြော​တော်မူ​သောအခါ​၌​ဖြစ်စေ၊ ငါ​တို့​အား ကျမ်းစာ​အနက်​ကို ဖွင့်ပြ​တော်မူ​သောအခါ​၌​ဖြစ်စေ ငါ​တို့​၏​စိတ်နှလုံး​ထဲတွင် မီး​တောက်လောင်​သကဲ့သို့​ဖြစ်​ခဲ့​သည်​မ​ဟုတ်​လော”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ သူ​တို့​သည် ချက်ချင်း​ထ​၍ ဂျေရုဆလင်​မြို့​သို့​ပြန်​သွား​ကြ​ရာ တစ်ဆယ့်တစ်​ပါး​သော​တပည့်​တော်​တို့​နှင့် သူ​တို့​၏​အပေါင်းအဖော်​များ စုဝေး​နေ​ကြ​သည်​ကို​တွေ့​ရ​ကြ​၏။ ထို​သူ​အပေါင်း​တို့​က “သခင်​ဘုရား​သည် အမှန်ပင်​ထမြောက်​တော်မူ​၍ ရှိမုန်​ထံ​ထင်ရှား​ပြ​တော်မူ​ပြီ”​ဟု ပြောဆို​နေ​ကြ​၏။ ထို​သူ​နှစ်​ဦး​တို့​က​လည်း လမ်း​၌​ဖြစ်ပျက်​ခဲ့​သည့်​အကြောင်းအရာ​များ​နှင့် မုန့်​ကို​ဖဲ့​တော်မူ​စဉ် ကိုယ်တော်​ဖြစ်ကြောင်း​သိ​ခဲ့​ရ​ပုံ​တို့​ကို ပြောပြ​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။