ထို့နောက် တရားလွှတ်တော်၌စုဝေးသောသူအပေါင်းတို့သည် ထ၍ ကိုယ်တော်ကို ပိလတ်မင်းရှေ့သို့ခေါ်ဆောင်သွားပြီးလျှင် “ဤသူသည် ဆီဇာဧကရာဇ်အား အခွန်တော်မဆက်သရန်တားမြစ်ကာ မိမိကိုယ်ကို ခရစ်တော်တည်းဟူသောဘုရင်တစ်ပါးဖြစ်ကြောင်းပြောဆို၍ အကျွန်ုပ်တို့၏ပြည်သူလူထုကို ဖောက်ပြန်လမ်းလွဲစေကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်”ဟု ကိုယ်တော်ကိုစွပ်စွဲပြောဆိုကြ၏။ ပိလတ်မင်းကလည်း “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော”ဟု ကိုယ်တော်အား မေးလျှင် ကိုယ်တော်က“သင်ပြောသည့်အတိုင်းပေတည်း”ဟု ပြန်ဖြေတော်မူ၏။ ထိုအခါ ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုပရိသတ်တို့အား “ဤသူ၌ အပြစ်တစ်စုံတစ်ခုကိုမျှ ငါမတွေ့”ဟု ဆို၏။ သို့သော် သူတို့က “သူသည် ဂါလိလဲနယ်မှစ၍ ဤအရပ်ဒေသတိုင်အောင် ယုဒနယ်တစ်နယ်လုံး၌သွန်သင်လျက် လူထုကိုလှုံ့ဆော်ခဲ့ပါသည်”ဟု အပြင်းအထန်ပြောဆိုကြ၏။ ပိလတ်မင်းသည် ထိုစကားကိုကြားလျှင် ဤသူသည် ဂါလိလဲနယ်သားဖြစ်သလောဟုမေးမြန်းပြီးမှ ဟေရုဒ်အုပ်စိုးသည့်နယ်မှဖြစ်ကြောင်း သိသောအခါ ကိုယ်တော်ကို ဟေရုဒ်ထံသို့ပို့လိုက်၏။ ထိုအချိန်တွင် ဟေရုဒ်သည်လည်း ဂျေရုဆလင်မြို့၌ရောက်ရှိနေ၏။ ဟေရုဒ်သည် ယေရှုကိုမြင်လျှင် အလွန်ဝမ်းမြောက်လေ၏။ အကြောင်းမူကား သူသည် ကိုယ်တော်အကြောင်းကိုကြားသိထား၍ ကိုယ်တော်ကိုတွေ့မြင်လိုသည်မှာ အချိန်ကြာမြင့်ပြီဖြစ်ပြီးကိုယ်တော်ပြုသည့် နိမိတ်လက္ခဏာတစ်စုံတစ်ခုကိုမြင်ရရန်မျှော်လင့်နေ၏။ သို့ဖြစ်၍ သူသည် ကိုယ်တော်ကိုမေးခွန်းများစွာမေးလေ၏။ သို့သော် ကိုယ်တော်သည် မည်သည့်အရာကိုမျှ ဖြေကြားတော်မမူခဲ့ချေ။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများသည် ထ၍ ကိုယ်တော်ကိုပြင်းထန်စွာစွပ်စွဲကြ၏။ ဟေရုဒ်သည်လည်း မိမိစစ်သားများနှင့်အတူ ကိုယ်တော်ကိုမထီမဲ့မြင်ပြုလျက် ပြောင်လှောင်ကာ တင့်တယ်သောဝတ်လုံကိုဝတ်စေပြီးလျှင် ပိလတ်မင်းထံသို့ ပြန်ပို့လေ၏။ ဟေရုဒ်နှင့်ပိလတ်မင်းတို့သည် ယခင်က တစ်ဦးနှင့်တစ်ဦးရန်ဘက်ဖြစ်ခဲ့သော်လည်း ထိုနေ့တွင် မိတ်ဆွေဖြစ်လာကြ၏။
ရှင်လုကာခရစ်ဝင် 23 ကိုဖတ်ပါ။
နားထောင်ပါ ရှင်လုကာခရစ်ဝင် 23
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာခရစ်ဝင် 23:1-12
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ