YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 22:39-71

ရှင်လုကာခရစ်ဝင် 22:39-71 MSBU

ထို့နောက် ကိုယ်တော်​သည်​ထွက်ခွာ​၍ ပြုလေ့​ရှိ​သည့်​အတိုင်း သံလွင်​တောင်​ပေါ်သို့​ကြွ​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​၏။ ထို​အရပ်​သို့​ရောက်​တော်မူ​သောအခါ ကိုယ်တော်​က“ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့ မ​ကျရောက်​စေရန် ဆုတောင်း​ကြ​လော့”​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် သူ​တို့​ထံမှ​ခဲတစ်ပစ်စာ​ခန့်​ခွာသွား​၍ ဒူး​ထောက်​လျက် “အို အဖ၊ အလို​တော်​ရှိ​လျှင် ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ ဖယ်ရှား​ပေး​တော်မူ​ပါ။ သို့သော် အကျွန်ုပ်​၏​အလို​အတိုင်း​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​အလို​တော်​အတိုင်း​ဖြစ်စေ​တော်မူ​ပါ”​ဟု ဆုတောင်း​တော်မူ​၏။ ထိုအခါ ကောင်းကင်​မှ ကောင်းကင်တမန်​တစ်​ပါး​သည် ကိုယ်တော်​ထံ​ထင်ရှား​လာ​၍​ကိုယ်တော်​ကို​အားပေး​လေ​၏။ ကိုယ်တော်​သည် ပြင်းစွာ​သော​ဝေဒနာ​ကို​ခံစား​လျက် ပို၍​ပြင်းပြ​စွာ​ဆုတောင်း​တော်မူ​ရာ ကိုယ်တော်​၏​ချွေး​သည် မြေ​ပေါ်သို့​ကျ​သော​သွေး​စက်​သဖွယ်​ဖြစ်​လေ​၏။ ကိုယ်တော်​သည် ဆုတောင်း​ရာ​မှ​ထ​၍ တပည့်​တော်​တို့​ထံသို့ ပြန်လာ​သောအခါ သူ​တို့​သည် ဝမ်းနည်း​နွမ်းလျ​သဖြင့် အိပ်ပျော်​နေ​ကြ​သည်​ကို တွေ့​လျှင် “အဘယ်ကြောင့်​အိပ်ပျော်​နေ​ကြ​သနည်း။ ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့ မ​ကျရောက်​စေရန် ထ​၍​ဆုတောင်း​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ် လူ​အစုအဝေး​တို့​သည်​ရောက်လာ​ကြ​၏။ တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သော ယုဒ​ဆို​သူ​သည် သူ​တို့​ကို​ဦးဆောင်​လာ​၍ ယေရှု​ကို​နမ်း​ရန် ချဉ်းကပ်​လေ​၏။ သို့သော် ယေရှု​က“ယုဒ၊ သင်​သည် လူ့သား​ကို အနမ်း​ဖြင့်​အပ်နှံ​မည်​လော”​ဟု မေး​တော်မူ​၏။ ကိုယ်တော်​၏​အနီး​၌​ရှိ​သော​သူ​တို့​သည် ဖြစ်လာ​မည့်​အရာ​ကို​သိမြင်​၍ “သခင်​ဘုရား၊ အကျွန်ုပ်​တို့ ဓား​နှင့်​ခုတ်​ရ​မည်​လော”​ဟု မေးလျှောက်​ကြ​ပြီးလျှင် သူ​တို့​ထဲမှ​တစ်​ယောက်​သည် ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ကို​ခုတ်​သဖြင့် ထို​သူ​၏​ယာ​ဘက်​နားရွက်​ပြတ်​သွား​လေ​၏။ ထိုအခါ ယေရှု​က“ဤမျှနှင့်​ရပ်​လော့”​ဟု မိန့်​တော်မူ​ပြီးလျှင် ထို​သူ​၏​နားရွက်​ကို လက်​တော်​နှင့်​တို့ထိ​လျက် အကောင်းပကတိ​ဖြစ်​စေ​တော်မူ​၏။ ထို့နောက် ယေရှု​သည် မိမိ​ကို​ဖမ်းဆီး​ရန်​ရောက်လာ​ကြ​သော ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ဗိမာန်​တော်​အစောင့်​တပ်မှူး​များ​နှင့် သက်ကြီးဝါကြီး​များ​အား“သင်​တို့​သည် ဓားပြ​ကို​ဖမ်း​သကဲ့သို့ တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် လာ​ကြ​သလော။ ငါ​သည် နေ့​တိုင်း သင်​တို့​နှင့်အတူ​ဗိမာန်​တော်​၌​ရှိ​စဉ် သင်​တို့​သည်ငါ့​ကို​မ​ဖမ်းဆီး​ကြ။ သို့သော် ဤသည်ကား သင်​တို့​၏​အချိန်​ဖြစ်​ပြီး မှောင်မိုက်​ခြင်း​၏​အခွင့်​အာဏာ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သူ​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​၍ ဆွဲခေါ်​သွား​ကာ ယဇ်ပုရောဟိတ်​မင်း​၏​အိမ်​သို့ ခေါ်ဆောင်​လာ​ကြ​၏။ ပေတရု​မူကား မလှမ်းမကမ်း​မှ​လိုက်​သွား​လေ​၏။ သူ​တို့​သည် ခြံဝင်း​အလယ်​တွင် မီး​ဖို​၍ စုဝေး​လျက်​ထိုင်​နေ​ကြ​သဖြင့် ပေတရု​သည်​လည်း သူ​တို့​အကြား​၌​ထိုင်​လေ​၏။ ထိုအခါ အစေခံ​မိန်းမ​တစ်​ဦး​သည် မီးဖို​၏​အလင်း​၌​ထိုင်​နေ​သော ပေတရု​ကို​မြင်​၍ သူ့​ကို​စေ့စေ့​ကြည့်​လျက် “ဤ​သူ​သည်​လည်း ထို​သူ​၏​အပေါင်းအဖော်​ဖြစ်​သည်”​ဟု ဆို​လေ​၏။ သို့သော် ပေတရု​က “အချင်း​မိန်းမ၊ ထို​သူ​ကို​ငါ​မ​သိ”​ဟု ငြင်း​ဆို​လေ​၏။ ထို့နောက် ခဏ​ကြာ​သော် အခြား​သော​သူ​တစ်​ဦး​သည် ပေတရု​ကို​မြင်​၍ “သင်​သည်​လည်း သူ​တို့​ထဲက​တစ်​ယောက်​ဖြစ်​သည်”​ဟု ဆို​၏။ သို့သော် ပေတရု​က “အချင်း​လူ၊ ငါ​သည် သူ​တို့​ထဲက​မ​ဟုတ်”​ဟု ဆို​လေ​၏။ တစ်ဖန် တစ်​နာရီ​ခန့်​ကြာ​သော် အခြား​သော​သူ​တစ်​ဦး​က “အမှန်စင်စစ် ဤ​သူ​သည်​လည်း ထို​သူ​နှင့်အတူ​ရှိ​ခဲ့​သည်။ အကြောင်းမူကား သူ​သည်​လည်း ဂါလိလဲ​နယ်သား​ဖြစ်​သည်”​ဟု အခိုင်အမာ​ပြောဆို​၏။ သို့သော် ပေတရု​က “အချင်း​လူ၊ သင်​ပြော​နေ​သည့်​အရာ​ကို ငါ​မ​သိ”​ဟု ဆို​၏။ ထိုသို့ သူ​ပြော​နေ​သည့်​အချိန်​၌​ပင် ကြက်​တွန်​လေ​၏။ ထိုအခါ သခင်​ဘုရား​သည်​လှည့်​၍ ပေတရု​ကို​စူးစိုက်​ကြည့်​တော်မူ​၏။ ပေတရု​သည်​လည်း“ယနေ့​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်”​ဟု မိန့်​တော်မူ​ခဲ့​သော သခင်​ဘုရား​၏​စကား​တော်​ကို ပြန်လည်​သတိရ​သဖြင့် အပြင်​သို့​ထွက်သွား​၍ သည်းထန်​စွာ​ငိုကြွေး​လေ​၏။ ယေရှု​ကို​စောင့်ကြပ်​နေ​သော​သူ​တို့​သည် ကိုယ်တော်​ကို​ပြောင်လှောင်​၍​ရိုက်နှက်​ကြ​ကာ မျက်နှာ​တော်​ကို​ဖုံးအုပ်​ပြီးလျှင် “သင့်​အား​မည်သူ​ရိုက်​သည်​ကို ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။ ထို့ပြင် အခြား​စကား​အမျိုးမျိုး​တို့​ဖြင့် ကိုယ်တော်​ကို​စော်ကား​ပြောဆို​ကြ​၏။ မိုးလင်း​သောအခါ လူထု​ထဲမှ လူကြီး​အဖွဲ့ဝင်​များ၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် စုဝေး​ကြ​၍ ကိုယ်တော်​ကို မိမိ​တို့​၏​တရား​လွှတ်တော်​ထံသို့ ခေါ်ဆောင်​သွား​ပြီးလျှင် “သင်​သည် ခရစ်တော်​ဟုတ်​၊ မ​ဟုတ် ငါ​တို့​ကို​ပြော​လော့”​ဟု ဆို​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​ကို​ငါ​ပြော​လျှင် သင်​တို့​ယုံ​ကြ​မည်​မ​ဟုတ်။ သင်​တို့​ကို​ငါ​မေး​လျှင်​လည်း သင်​တို့​ဖြေ​ကြ​မည်​မ​ဟုတ်။ သို့သော် ယခု​မှစ၍ လူ့သား​သည် ဘုရားသခင်​၏​တန်ခိုး​တော်​လက်ယာ​ဘက်​၌ ထိုင်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ထို​သူ​အပေါင်း​တို့​က “သို့ဖြစ်လျှင် သင်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သလော”​ဟု ဆို​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​ဆို​သည့်​အတိုင်း ငါ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ သူ​တို့​က​လည်း “ငါ​တို့​ကိုယ်တိုင် သူ​၏​နှုတ်​မှ ထို​စကား​ကို​ကြား​ရ​ပြီ​ဖြစ်၍ မည်သည့်​သက်သေ​လို​သေး​သနည်း”​ဟု ဆို​ကြ​၏။