အချိန်ရောက်သောအခါ ကိုယ်တော်သည် တမန်တော်တို့နှင့်အတူ စားပွဲ၌ထိုင်တော်မူ၏။ ကိုယ်တော်က“ငါသည် ဒုက္ခဝေဒနာမခံစားရမီ ဤပသခါပွဲတော်ကို သင်တို့နှင့်အတူစားရန် အလွန်အလိုရှိ၏။ သင်တို့အား ငါဆိုသည်ကား ပသခါပွဲတော်သည် ဘုရားသခင်၏နိုင်ငံတော်တွင် ပြည့်စုံခြင်းသို့မရောက်မီတိုင်အောင် ဤပွဲတော်ကို ငါလုံးဝစားမည်မဟုတ်”ဟု သူတို့အား မိန့်တော်မူ၏။ ထို့နောက် ခွက်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင်“ဤခွက်ကိုယူ၍ အချင်းချင်းဝေသောက်ကြလော့။ သင်တို့အား ငါဆိုသည်ကား ယခုမှစ၍ ဘုရားသခင်၏နိုင်ငံတော်မပေါ်ထွန်းမီတိုင်အောင် စပျစ်သီးမှဖြစ်သောအရည်ကို ငါလုံးဝသောက်မည်မဟုတ်”ဟု မိန့်တော်မူ၏။ တစ်ဖန် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ သူတို့အားပေးလျက်“ဤမုန့်ကား သင်တို့အတွက်စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့ဖို့ရန် ဤသို့ပြုကြလော့”ဟု မိန့်တော်မူ၏။ ထိုနည်းတူ ညစာစားပြီးနောက် ခွက်ကိုလည်းယူ၍“ဤခွက်ကား သင်တို့အတွက်သွန်းလောင်းသော ငါ၏သွေး၌တည်သည့် ပဋိညာဉ်သစ်ဖြစ်၏။ သို့သော် ငါ့ကိုအပ်နှံမည့်သူ၏လက်သည် ငါနှင့်အတူစားပွဲပေါ်၌ရှိ၏။ လူ့သားသည်ချမှတ်ထားခြင်းခံရသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် လူ့သားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည် မိမိတို့တွင် မည်သူသည် ထိုသို့ပြုရန်ကြံရွယ်နေသနည်းဟု အချင်းချင်းမေးမြန်းကြ၏။ ထို့နောက် သူတို့တွင် မည်သူ့ကို အကြီးမြတ်ဆုံးဖြစ်သည်ဟု မှတ်ယူရမည်ကိုလည်း အချင်းချင်းအငြင်းပွားကြ၏။ သို့သော် ကိုယ်တော်က“လူမျိုးခြားတို့၏ဘုရင်များသည် ပြည်သူတို့အပေါ် အစိုးတရပြုတတ်ကြ၏။ လူတို့အပေါ်အာဏာရှိသောသူများသည်လည်း အများအကျိုးဆောင်သူဟု ခေါ်ဝေါ်ခြင်းကိုခံရကြ၏။ သင်တို့မူကား ထိုသို့မဖြစ်ရ။ သင်တို့တွင် အကြီးမြတ်ဆုံးဖြစ်သောသူသည် အငယ်ဆုံးသောသူကဲ့သို့ဖြစ်ရမည်။ ဦးဆောင်သောသူသည် လုပ်ကျွေးပြုစုသောသူကဲ့သို့ဖြစ်ရမည်။ စားပွဲ၌ထိုင်နေသောသူနှင့် လုပ်ကျွေးပြုစုသောသူတို့တွင် မည်သူသည် ပို၍ကြီးမြတ်သနည်း။ စားပွဲ၌ထိုင်နေသောသူမဟုတ်လော။ သို့သော် ငါသည် သင်တို့အလယ်တွင် လုပ်ကျွေးပြုစုသောသူကဲ့သို့ဖြစ်၏။ စုံစမ်းနှောင့်ယှက်ခြင်းများကိုငါခံရစဉ် သင်တို့သည် ငါနှင့်အတူရပ်တည်ခဲ့သောသူများဖြစ်ကြ၏။ ငါ၏ခမည်းတော်သည် နိုင်ငံတော်ကို ငါ့အားအပ်နှင်းတော်မူသကဲ့သို့ ငါသည်လည်း နိုင်ငံတော်ကို သင်တို့အားအပ်နှင်းသဖြင့် သင်တို့သည် ငါ၏နိုင်ငံတော်၌ ငါ၏စားပွဲတွင်ထိုင်လျက် စားသောက်ရကြလိမ့်မည်။ ထို့ပြင် ပလ္လင်များပေါ်ထိုင်လျက် အစ္စရေးမျိုးနွယ်စုတစ်ဆယ့်နှစ်စုတို့ကို တရားစီရင်ရကြလိမ့်မည်။ ရှိမုန်၊ ရှိမုန်၊ နားထောင်လော့။ ဂျုံကိုဆန်ခါချသကဲ့သို့ စာတန်သည် သင်တို့ကို ဆန်ခါချရန် အခွင့်တောင်းလေပြီ။ သို့သော် သင်၏ယုံကြည်ခြင်းမဆုံးရှုံးမည့်အကြောင်း သင့်အတွက် ငါဆုတောင်းပြီ။ သို့ဖြစ်၍ သင်သည် သတိတရားပြန်ရသောအခါ သင်၏ညီအစ်ကိုများကို ခိုင်ခံ့မြဲမြံစေလော့”ဟု မိန့်တော်မူ၏။ ထိုအခါ ပေတရုက “သခင်၊ အကျွန်ုပ်သည် ထောင်ထဲသို့ဖြစ်စေ၊ သေခြင်းအထိဖြစ်စေ ကိုယ်တော်နှင့်အတူလိုက်ရန် အသင့်ရှိပါသည်”ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း“ပေတရု၊ သင့်အား ငါဆိုမည်။ ယနေ့ပင် ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟု သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်”ဟု မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်က“ငါသည် သင်တို့ကို ငွေအိတ်၊ လွယ်အိတ်နှင့် ဖိနပ်မပါဘဲ စေလွှတ်သောအခါ သင်တို့တွင် လိုအပ်မှုတစ်စုံတစ်ရာရှိခဲ့သလော”ဟု တပည့်တော်တို့အားမေးတော်မူလျှင် သူတို့က “မရှိခဲ့ပါ”ဟု လျှောက်ကြ၏။ ကိုယ်တော်ကလည်း“ယခုမူကား ငွေအိတ်ရှိသောသူသည် ယူသွားစေ။ ထိုနည်းတူ လွယ်အိတ်ကိုလည်း ယူသွားစေ။ ဓားမရှိသောသူသည် မိမိအဝတ်ကိုရောင်း၍ ဓားကိုဝယ်စေ။ သင်တို့အား ငါဆိုသည်ကား ‘သူသည် တရားမဲ့သောသူတို့၏စာရင်းတွင် ထည့်သွင်းခြင်းခံရ၏’ဟု ရေးထားသောအရာသည် ငါ၌ပြည့်စုံရမည်။ အမှန်စင်စစ် ငါနှင့်ပတ်သက်သောအရာသည် ဆုံးခန်းသို့ရောက်နေပြီ”ဟု မိန့်တော်မူ၏။ ထိုအခါ သူတို့က “သခင်၊ ဤမှာဓားနှစ်လက်ရှိပါ၏”ဟု လျှောက်ကြလျှင် ကိုယ်တော်က“လုံလောက်ပြီ”ဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် 22 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာခရစ်ဝင် 22
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာခရစ်ဝင် 22:14-38
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ