YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 22:1-13

ရှင်လုကာခရစ်ဝင် 22:1-13 MSBU

ပသခါ​ပွဲတော်​ဟု​ခေါ်​သော တဆေးမဲ့​မုန့်​ပွဲတော်​နီးကပ်​လာ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​တို့​သည် ကိုယ်တော်​ကို​သတ်​နိုင်​မည့်​နည်းလမ်း​ကို ရှာကြံ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် လူ​တို့​ကို​ကြောက်ရွံ့​ကြ​၏။ ထိုအခါ စာတန်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​တွင် အပါအဝင်​ဖြစ်​သည့် ဣရှကာရုတ်​ဟု​ခေါ်​သော ယုဒ​ထဲသို့​ဝင်​သဖြင့် သူ​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ဗိမာန်​တော်​အစောင့်​တပ်မှူး​များ​ထံသို့​သွား​၍ ကိုယ်တော်​ကို သူ​တို့​လက်​သို့ မည်ကဲ့သို့​အပ်နှံ​ရ​မည်နည်း​ဟု သူ​တို့​နှင့်အတူ​တိုင်ပင်​လေ​၏။ သူ​တို့​သည် ဝမ်းမြောက်​၍ ယုဒ​ကို​ငွေ​ပေး​ရန် သဘောတူ​ဆုံးဖြတ်​ကြ​၏။ ယုဒ​သည်​လည်း သဘောတူ​၍ လူထု​ပရိသတ်​မ​ရှိ​သည့်​အချိန်​၌ ကိုယ်တော်​ကို သူ​တို့​လက်​သို့​အပ်နှံ​ရန် အခွင့်ကောင်း​ကို​ရှာကြံ​လျက်​နေ​၏။ တဆေးမဲ့​မုန့်​ပွဲတော်​နေ့​တည်းဟူသော ပသခါ​ပွဲတော်​အတွက် သိုးသငယ်​ကို​ပူဇော်​ရ​သော​နေ့​ရောက်လာ​သဖြင့် ကိုယ်တော်​သည် ပေတရု​နှင့်​ယောဟန်​တို့​အား“ပသခါ​ပွဲတော်​ကို ငါ​တို့​စား​ရန် သွား​၍​ပြင်ဆင်​ကြ​လော့”​ဟု မိန့်​တော်မူ​လျက် သူ​တို့​ကို​စေလွှတ်​တော်မူ​၏။ သူ​တို့​က​လည်း “ကိုယ်တော်​သည် အကျွန်ုပ်​တို့​အား အဘယ်မှာ​ပြင်ဆင်​စေ​လို​ပါ​သနည်း”​ဟု မေးလျှောက်​ကြ​သော် ကိုယ်တော်​က“သင်​တို့​သည် မြို့​ထဲသို့​ဝင်​သောအခါ ရေ​အိုး​ထမ်း​သော​လူ​တစ်​ဦး​သည် သင်​တို့​ကို​ကြိုဆို​လိမ့်မည်။ ထို​သူ​ဝင်​သော​အိမ်​ထဲသို့ လိုက်​သွား​ပြီးလျှင် အိမ်ရှင်​အား ‘ဆရာ​က ငါ​၏​တပည့်​များ​နှင့်အတူ ပသခါ​ပွဲတော်​ညစာ​ကို သုံးဆောင်​ရ​မည့်​အခန်း​သည် အဘယ်မှာ​ရှိ​သနည်း​ဟု သင့်​အား မေး​လိုက်​ပါ​သည်’​ဟူ၍ ပြော​ကြ​လော့။ ထို​သူ​သည် ခင်းကျင်း​ထား​သော အပေါ်ထပ်​ခန်းမ​ကို သင်​တို့​အား​ပြ​လိမ့်မည်။ ထို​နေရာ​၌ ပြင်ဆင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည်​လည်း သွား​၍ မိမိ​တို့​အား ကိုယ်တော်​မိန့်​တော်မူ​သည့်​အတိုင်း​တွေ့​သဖြင့် ပသခါ​ပွဲတော်​ကို​ပြင်ဆင်​ကြ​၏။