YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 21:25-38

ရှင်လုကာခရစ်ဝင် 21:25-38 MSBU

ထို့နောက် နေ၊ လ၊ ကြယ်​တာရာ​များ​၌ အတိတ်​နိမိတ်​များ​ဖြစ်ပေါ်​လာ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​ပေါ်​ရှိ လူမျိုး​တကာ​တို့​သည် ပင်လယ်​လှိုင်းတံပိုး​သံ​ကြောင့် စိတ်​မငြိမ်မသက်​ဖြစ်​လျက် တုန်လှုပ်​ချောက်ချား​ကြ​လိမ့်မည်။ အာကာသ​ကောင်းကင်​၏​စွမ်းအား​တို့​သည် တုန်လှုပ်​ကြ​မည်​ဖြစ်၍ လူ​တို့​သည် ကမ္ဘာ​ပေါ်တွင်​သက်ရောက်​လာ​မည့်​အရာ​များ​ကို ကြိုတွေး​လျက် ကြောက်ရွံ့​သဖြင့် သတိလစ်​မေ့မြော​ကြ​လိမ့်မည်။ ထိုအခါ လူ့သား​သည် တန်ခိုး​နှင့် ကြီးမား​သော​ဘုန်း​အသရေ​တို့​ဖြင့် မိုးတိမ်​ကို​စီး​လျက် ကြွလာ​သည်​ကို လူ​တို့​မြင်​ရ​ကြ​လိမ့်မည်။ ဤ​အရာ​များ​စတင်​ဖြစ်ပျက်​လာ​သောအခါ သင်​တို့​ကို ရွေးနုတ်​တော်မူ​သော​အချိန်​နီးကပ်​လာ​ပြီ​ဖြစ်၍ တည့်မတ်​စွာ​ရပ်​လျက် သင်​တို့​ခေါင်း​ကို​မော့​ထား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​မြွက်ဆို​တော်မူ​သည်​မှာ“သဖန်းပင်​နှင့် အခြား​သစ်ပင်​အားလုံး​တို့​ကို ကြည့်​ကြ​လော့။ ရွက်နု​ထွက်လာ​သောအခါ သင်​တို့​သည်​မြင်​၍ နွေ​ရာသီ​နီး​ပြီ​ဖြစ်​ကြောင်း အလိုအလျောက်​သိ​ကြ​၏။ ထိုနည်းတူ ဤ​အရာ​များ​ဖြစ်ပျက်​နေ​သည်​ကို သင်​တို့​မြင်​ရ​သောအခါ ဘုရားသခင်​၏​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်ကြောင်း သိမှတ်​ကြ​လော့။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​အရာ​အားလုံး​မ​ဖြစ်ပျက်​မီ ဤ​မျိုးဆက်​သည် မည်သည့်​အခါ​မျှ ကွယ်ပျောက်​လိမ့်မည်​မဟုတ်။ ကောင်းကင်​နှင့်​မြေကြီး​သည် ကွယ်ပျောက်​သွား​လိမ့်မည်။ ငါ့​စကား​မူကား မည်သည့်အခါမျှ​ကွယ်ပျောက်​လိမ့်မည်​မ​ဟုတ်။ သင်​တို့​သည် ကိုယ့်ကိုယ်ကိုယ်​သတိထား​ကြ​လော့။ သို့မဟုတ်လျှင် အပျော်ကြူး​ခြင်း၊ သောက်စား​မူးယစ်​ခြင်း​နှင့် အသက်ရှင်​ရေး​အတွက် စိုးရိမ်​ပူပန်​ခြင်း​တို့​ကြောင့် သင်​တို့​စိတ်နှလုံး​လေးလံ​ထိုင်းမှိုင်း​နေ​ကြ​စဉ် ထို​နေ့ရက်​သည် ကျော့ကွင်း​ကဲ့သို့ သင်​တို့​အပေါ်သို့ ရုတ်တရက်​ကျရောက်​လာ​လိမ့်မည်။ အကြောင်းမူကား ထို​နေ့ရက်​သည် မြေ​တစ်ပြင်လုံး​၌​နေထိုင်​သူ​အပေါင်း​တို့​အပေါ်သို့ သက်ရောက်​လာ​လိမ့်မည်။ ထို့ကြောင့် သင်​တို့​သည် ဖြစ်ပျက်​တော့မည့် ဤ​အမှု​ခပ်သိမ်း​တို့​မှ လွတ်မြောက်​၍ လူ့သား​၏​ရှေ့​တော်​၌ မတ်တတ်ရပ်​နိုင်​ရန် အချိန်​ရှိသရွေ့ နိုးနိုးကြားကြား​ရှိ​လျက် ဆုတောင်း​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​သည် နေ့​အခါ​များ​၌ ဗိမာန်​တော်​တွင် သွန်သင်​တော်မူ​ပြီး ည​အခါ​များ​၌​မူ အပြင်​သို့​ထွက်သွား​၍ သံလွင်​အမည်​ရှိ​သော​တောင်​ပေါ်၌ ည​ကို​ကုန်လွန်​စေ​တော်မူ​၏။ လူ​အပေါင်း​တို့​သည်​လည်း ကိုယ်တော်​၏​တရား​တော်​ကို​ကြားနာ​ရန် နံနက်​စောစော ဗိမာန်​တော်​၌​ရှိ​သော​ကိုယ်တော်​ထံသို့ လာ​ကြ​၏။