တစ်နေ့သ၌ ကိုယ်တော်သည် ဗိမာန်တော်တွင် လူတို့အားသွန်သင်လျက် ကောင်းမြတ်သောသတင်းကိုဟောပြောတော်မူစဉ် ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် သက်ကြီးဝါကြီးများသည် ရောက်လာ၍ “သင်သည် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုသည်ကိုလည်းကောင်း၊ ထိုအခွင့်အာဏာကို မည်သူက သင့်အားပေးသည်ကိုလည်းကောင်း အကျွန်ုပ်တို့ကိုပြောပါ”ဟု ကိုယ်တော်အား ဆိုကြ၏။ ကိုယ်တော်ကလည်း“ငါသည်လည်း သင်တို့ကို မေးခွန်းတစ်ခုမေးဦးမည်။ ငါ့ကိုဖြေကြလော့။ ယောဟန်၏ဗတ္တိဇံသည် ကောင်းကင်မှဖြစ်သလော၊ သို့မဟုတ် လူတို့ထံမှဖြစ်သလော”ဟု ပြန်၍မေးတော်မူ၏။ ထိုအခါ သူတို့သည် အချင်းချင်းဆွေးနွေးကြကာ “ ‘ကောင်းကင်မှဖြစ်သည်’ဟု ငါတို့ပြောလျှင် သူက ‘အဘယ်ကြောင့် ယောဟန်ကိုမယုံကြသနည်း’ဟု ပြောလိမ့်မည်။ ‘လူတို့ထံမှဖြစ်သည်’ဟု ငါတို့ပြောလျှင်လည်း လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ကြသောကြောင့် သူတို့သည် ငါတို့ကို ခဲနှင့်ပေါက်သတ်ကြလိမ့်မည်”ဟု ပြောဆိုကြ၏။ ထို့ကြောင့် သူတို့က “အဘယ်ကဖြစ်သည်ကို အကျွန်ုပ်တို့မသိပါ”ဟု ပြန်ဖြေကြ၏။ ထိုအခါ ယေရှုက“ငါသည်လည်း ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း သင်တို့ကိုမပြော”ဟု သူတို့အား မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် လူတို့အား ဤပုံဥပမာကိုပေး၍မြွက်ဆိုတော်မူသည်မှာ“လူတစ်ဦးသည် စပျစ်ခြံကိုစိုက်ပျိုး၍ ခြံသမားတို့အားငှားရမ်းပြီးလျှင် ကာလအတန်ကြာခရီးထွက်လေ၏။ အသီးပေါ်ချိန်ရောက်သောအခါ စပျစ်ခြံထွက်အသီးအချို့ကိုမိမိအားပေးစေရန် အစေအပါးတစ်ဦးကို ခြံသမားတို့ထံသို့ စေလွှတ်လေ၏။ သို့သော် ခြံသမားတို့သည် ထိုအစေအပါးကိုရိုက်နှက်ကာ လက်ချည်းသက်သက်ပြန်လွှတ်ကြ၏။ တစ်ဖန် အခြားအစေအပါးတစ်ဦးကို ထပ်၍စေလွှတ်လေ၏။ သို့သော် သူ့ကိုလည်းရိုက်နှက်၍ အရှက်ခွဲပြီးလျှင် လက်ချည်းသက်သက်ပြန်လွှတ်ကြ၏။ နောက်တစ်ဖန် တတိယအစေအပါးကို ထပ်၍စေလွှတ်လေ၏။ သို့သော် ထိုအစေအပါးကိုလည်း အနာတရဖြစ်စေပြီးမှ နှင်ထုတ်ကြ၏။ ထိုအခါ စပျစ်ခြံပိုင်ရှင်က ‘ငါမည်သို့ပြုရမည်နည်း။ ငါ၏ချစ်သားကို ငါစေလွှတ်မည်။ သူတို့သည် သူ့ကိုရိုသေကောင်းရိုသေကြလိမ့်မည်’ဟု ဆို၏။ သို့သော် ခြံသမားတို့သည် သူ့သားကိုမြင်လျှင် ‘ဤသူသည်အမွေခံဖြစ်၏။ အမွေသည် ငါတို့ဥစ္စာဖြစ်လာရန် သူ့ကိုသတ်ကြစို့’ဟု အချင်းချင်းဆွေးနွေးပြောဆိုကြပြီးလျှင် သူ့ကို စပျစ်ခြံအပြင်သို့နှင်ထုတ်ကာ သတ်ပစ်ကြ၏။ သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်သည် ထိုသူတို့ကို မည်သို့ပြုမည်နည်း။ သူသည်လာ၍ ထိုခြံသမားတို့ကို အဆုံးစီရင်ကာ စပျစ်ခြံကို အခြားသောသူတို့အား ပေးလိမ့်မည်”ဟု မိန့်တော်မူ၏။ ကြားရသောသူတို့ကလည်း “ထိုသို့မဖြစ်ပါစေနှင့်”ဟု ဆိုကြ၏။ ကိုယ်တော်သည် သူတို့ကိုစူးစိုက်ကြည့်လျက်“ ‘တိုက်ဆောက်သူများပယ်ထားသောကျောက်သည် ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာ၏’ဟုရေးထားသောအရာသည် မည်သည့်အရာကိုဆိုလိုသနည်း။ ထိုကျောက်ပေါ်သို့ကျသောသူတိုင်းသည် အပိုင်းပိုင်းကျိုးလိမ့်မည်။ ထိုကျောက်သည် တစ်စုံတစ်ဦးအပေါ်သို့ကျလျှင် ထိုသူသည် ညက်ညက်ကြေလိမ့်မည်”ဟု မိန့်တော်မူ၏။ ကျမ်းပြုဆရာများနှင့် ယဇ်ပုရောဟိတ်အကြီးအကဲများသည် မိမိတို့အားရည်ညွှန်း၍ ဤပုံဥပမာကိုမိန့်တော်မူကြောင်း သိကြသဖြင့် ထိုအချိန်မှာပင် ကိုယ်တော်ကိုဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော် သူတို့သည် လူတို့ကိုကြောက်ကြ၏။
ရှင်လုကာခရစ်ဝင် 20 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာခရစ်ဝင် 20
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာခရစ်ဝင် 20:1-19
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို