YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 2:39-52

ရှင်လုကာခရစ်ဝင် 2:39-52 MSBU

မိဘ​တို့​သည် ထာဝရ​ဘုရား​၏​ပညတ်​တရား​နှင့်အညီ အကုန်အစင်​ပြု​ပြီး​သောအခါ မိမိ​တို့​နေရပ်​မြို့​ဖြစ်​သော ဂါလိလဲ​နယ်​ရှိ နာဇရက်​မြို့​သို့​ပြန်​သွား​ကြ​၏။ သူငယ်​သည်​လည်း​ကြီးထွား​၍ ကြံ့ခိုင်​သန်စွမ်း​လာ​ကာ ဉာဏ်ပညာ​နှင့်​ပြည့်စုံ​၏။ ဘုရားသခင်​၏​ကျေးဇူး​တော်​သည်​လည်း သူ့​အပေါ်၌​တည်​လေ​၏။ ယေရှု​၏​မိဘ​တို့​သည် ပသခါ​ပွဲတော်​တွင် နှစ်​တိုင်း ဂျေရုဆလင်​မြို့​သို့​သွား​လေ့​ရှိ​ကြ​၏။ ယေရှု​အသက်​တစ်ဆယ့်နှစ်​နှစ်​ရှိ​သောအခါ​၌​လည်း သူ​တို့​သည်​ပွဲတော်​၏​ဓလေ့​ထုံးစံ​အတိုင်း တက်​သွား​ကြ​၏။ ပွဲတော်​ရက်​များ​ပြီးဆုံး​၍ သူ​တို့​ပြန်​ကြ​သောအခါ သူငယ်​ယေရှု​သည် ဂျေရုဆလင်​မြို့​၌​နေရစ်​လေ​၏။ မိဘ​တို့​သည် မ​သိ​ကြ​ဘဲ ခရီးသွားဖော်​များ​ကြား​တွင် သူ​ရှိ​နေ​မည်​ဟု​ထင်မှတ်​လျက် တစ်နေ့တာ​ခရီး​ပြု​ကြ​၏။ ထို့နောက် အဆွေအမျိုး​အသိအကျွမ်း​တို့​ကြား​တွင် လိုက်ရှာ​သော်လည်း မ​တွေ့​သဖြင့် သူ့​ကို​လိုက်ရှာ​ရင်း ဂျေရုဆလင်​မြို့​သို့​ပြန်သွား​ကြ​၏။ သုံး​ရက်​ကြာ​သောအခါ ယေရှု​သည် ဗိမာန်​တော်​၌ ဆရာ​များ​ကြား​တွင်​ထိုင်​၍ သူ​တို့​ကို​နားထောင်​လျက် မေးမြန်း​လျက်​နေ​သည်​ကို မိဘ​တို့​တွေ့​ကြ​၏။ ယေရှု​၏​စကား​ကို​ကြား​ရ​သော​သူ​အပေါင်း​တို့​သည် သူ​၏​ဉာဏ်စွမ်း​နှင့် ဖြေကြား​ချက်​များ​ကို အံ့ဩ​ငေးမော​နေ​ကြ​၏။ မိဘ​တို့​သည် သူ့​ကို​တွေ့​သောအခါ အံ့အားသင့်​၍ မယ်တော်​က “ငါ့​သား၊ အဘယ်ကြောင့် ငါ​တို့​အား ဤသို့​ပြု​ရ​သနည်း။ သင့်​ဖခင်​နှင့်​ငါ​သည် သင့်​ကို​စိုးရိမ်တကြီး​ရှာ​ခဲ့​ရ​၏”​ဟု ဆို​လေ​၏။ ယေရှု​က​လည်း“အဘယ်ကြောင့် အကျွန်ုပ်​ကို​ရှာ​ကြ​သနည်း။ အကျွန်ုပ်​သည် အကျွန်ုပ်​ခမည်းတော်​၏​အိမ်​၌​နေ​ရ​မည်​ကို မ​သိ​ကြ​သလော”​ဟု သူ​တို့​အား​ပြန်ပြော​လေ​၏။ သို့သော် မိဘ​တို့​သည် မိမိ​တို့​အား ယေရှု​ပြော​သော​စကား​ကို နား​မ​လည်​ကြ​ချေ။ ထို့နောက် ယေရှု​သည် မိဘ​တို့​နှင့်အတူ​ပြန်သွား​၍ နာဇရက်​မြို့​သို့​ရောက်​သောအခါ သူ​တို့​ကို​နာခံ​လျက်​နေ​တော်မူ​၏။ မယ်တော်​မူကား ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကို မိမိ​စိတ်နှလုံး​ထဲ၌​မှတ်ကျုံး​ထား​လေ​၏။ ယေရှု​သည် ကာယ​၊ ဉာဏ​ကြီးထွား​တိုးပွား​လျက် ဘုရားသခင်​ရှေ့၊ လူ​တို့​ရှေ့၌ မျက်နှာရ​တော်မူ​၏။