YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 2:1-17

ရှင်လုကာခရစ်ဝင် 2:1-17 MSBU

ထို​နေ့ရက်​များ​၌ ဩဂုတ္တု​ဆီဇာ​သည် လက်အောက်ခံ​နိုင်ငံ​အားလုံး​တွင် သန်းခေါင်စာရင်း​ကောက်​ယူ​ရန် အမိန့်​ထုတ်ပြန်​လေ​၏။ ဤသည်ကား ကုရေနိ​မင်း​သည် ဆီးရီးယား​ပြည်​၏​ဘုရင်ခံ​ဖြစ်​စဉ်တွင် ပထမ​အကြိမ်​သန်းခေါင်စာရင်း​ကောက်​ယူ​ခြင်း​ဖြစ်​၏။ ထိုအခါ လူ​အပေါင်း​တို့​သည် သန်းခေါင်စာရင်း​ဝင်​ရန် မိမိ​တို့​ဇာတိ​မြို့​သို့ အသီးသီး​သွား​ကြ​၏။ ယောသပ်​သည်​လည်း ဒါဝိဒ်​အမျိုး၊ ဒါဝိဒ်​၏​အဆက်အနွယ်​ဖြစ်​သောကြောင့် မိမိ​နှင့်​စေ့စပ်​ထား​သူ​ဖြစ်​သည့် ကိုယ်ဝန်​အရင့်အမာ​ရှိ​သော​မာရိ​နှင့်အတူ သန်းခေါင်စာရင်း​ဝင်​ရန် ဂါလိလဲ​နယ်၊ နာဇရက်​မြို့​မှ ဗက်လင်​မြို့​ဟု​ခေါ်​သော ယုဒ​နယ်​ရှိ ဒါဝိဒ်​မြို့​သို့​သွား​လေ​၏။ ထို​မြို့​၌​သူ​တို့​ရှိ​နေ​ကြ​စဉ် မာရိ​သည် သားဖွား​ရန်​နေ့​လ​စေ့​သဖြင့် သား​ဦး​ကို​ဖွားမြင်​လေ​၏။ ဧည့်ရိပ်သာ​တွင် သူ​တို့​အတွက်​နေရာ​မ​ရှိ​သောကြောင့် သူငယ်​ကို​အနှီး​နှင့်​ပတ်ရစ်​ပြီး နွားစားခွက်​၌​သိပ်​ထား​လေ​၏။ ထို​အရပ်​ဒေသ​တွင် သိုးထိန်း​များ​ရှိ​ကြ​၍ သူ​တို့​သည်​ကွင်းပြင်​၌​နေ​လျက် မိမိ​တို့​၏​သိုးအုပ်​ကို ည​အခါ​စောင့်​နေ​ကြ​၏။ ထိုအခါ ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​တစ်​ပါး​သည် သူ​တို့​ရှေ့၌​ပေါ်လာ​၍ ထာဝရ​ဘုရား​၏​ဘုန်း​အသရေ​တော်​သည် သူ​တို့​ပတ်လည်​တွင်​ထွန်းလင်း​သဖြင့် သူ​တို့​သည် အလွန်​ကြောက်ရွံ့​တုန်လှုပ်​ကြ​၏။ သို့သော် ကောင်းကင်တမန်​က “ကြောက်ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ အကြောင်းမူကား လူ​အပေါင်း​တို့​အတွက် အလွန်​ဝမ်းမြောက်​စရာ​ဖြစ်​မည့် ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​အား ငါ​ပြောကြား​မည်။ ယနေ့​တွင် ဒါဝိဒ်​၏​မြို့​၌ သခင်​ခရစ်တော်​တည်းဟူသော​ကယ်တင်ရှင်​သည် သင်​တို့​အတွက် ဖွားမြင်​တော်မူ​ပြီ။ သင်​တို့​သိ​နိုင်​သည့် အမှတ်​လက္ခဏာ​ဟူမူကား အနှီး​နှင့်​ပတ်ရစ်​ပြီး နွားစားခွက်​၌ သိပ်​ထား​သော​ကလေးငယ်​ကို သင်​တို့​တွေ့​ကြ​လိမ့်မည်”​ဟု သူ​တို့​အား မြွက်ဆို​လေ​၏။ ထို​ခဏချင်း​တွင် ထို​ကောင်းကင်တမန်​နှင့်အတူ များစွာ​သော​ကောင်းကင်​ဗိုလ်ခြေ​သည်​ပေါ်လာ​၍ ဘုရားသခင်​ကို​ချီးမွမ်း​ကာ “အမြင့်ဆုံး​သော​အရပ်​၌ ဘုရားသခင်​သည် ဘုန်း​ကြီး​တော်မူ​စေ​သတည်း။ မြေကြီး​ပေါ်၌​လည်း နှစ်သက်​တော်မူ​သော​သူ​တို့​အပေါ် ငြိမ်သက်​ခြင်း​ရှိ​စေ​သတည်း”​ဟု မြွက်ဆို​ကြ​၏။ ကောင်းကင်တမန်​တို့​သည် သူ​တို့​ထံမှ ကောင်းကင်​သို့​ပြန်​တက်သွား​ကြ​သောအခါ သိုးထိန်း​တို့​က “ငါ​တို့​သည်​ဗက်လင်​မြို့​သို့​သွား​၍ ငါ​တို့​အား ထာဝရ​ဘုရား​ဖော်ပြ​တော်မူ​သော​အရာ​ကို ကြည့်ရှု​ကြ​ကုန်စို့”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ ထို့နောက် သူ​တို့​သည် အလျင်အမြန်​သွား​၍ မာရိ​နှင့် ယောသပ်​ကို​လည်းကောင်း၊ နွားစားခွက်​၌​သိပ်​ထား​သော​ကလေးငယ်​ကို​လည်းကောင်း တွေ့​ကြ​၏။ သူ​တို့​ကို​တွေ့မြင်​ကြ​ပြီးနောက် သိုးထိန်း​တို့​သည် ထို​သူငယ်​နှင့်​ပတ်သက်၍ မိမိ​တို့​အား​မြွက်ဆို​တော်မူ​သော​အရာ​ကို အနှံ့အပြား​ပြောကြား​ကြ​၏။