YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 17:5-19

ရှင်လုကာခရစ်ဝင် 17:5-19 MSBU

ထိုအခါ တမန်တော်​တို့​က သခင်​ဘုရား​အား “အကျွန်ုပ်​တို့​၏​ယုံကြည်​ခြင်း​ကို တိုးပွား​စေ​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ သခင်​ဘုရား​က​လည်း“သင်​တို့​တွင် မုန်ညင်းနက်​စေ့​ခန့်မျှ​ယုံကြည်​ခြင်း​ရှိ​ပါက ဤ​ပိုးစာပင်​အား ‘အမြစ်​ပါ​ကျွတ်​၍ ပင်လယ်​ထဲမှာ​စိုက်​လျက်​နေ​လော့’​ဟု ပြော​လျှင် ၎င်း​သည် သင်​တို့​ကို​နာခံ​လိမ့်မည်။ သင်​တို့​တွင် လယ်လုပ်​သော​အစေအပါး​၊ သို့မဟုတ် သိုး​ကို​ထိန်းကျောင်း​သော​အစေအပါး​ရှိ​၍ ထို​အစေအပါး​သည် လယ်​မှ​ပြန်လာ​သောအခါ ‘အလျင်အမြန်​လာ​ပြီး ထိုင်​၍​စား​လော့’​ဟု ဆို​မည့်​သူ​ရှိ​သလော။ ထိုသို့​မ​ဆို​ဘဲ ‘ငါ့​အတွက်​စားစရာ​တစ်စုံတစ်ခု​ပြင်ဆင်​၍ ငါ​စား​သောက်​ပြီး​သည်​အထိ ခါးစည်း​လျက် ငါ​အလိုရှိ​ရာ​ကို​ဆောင်ရွက်​လော့။ ထို့နောက်မှ သင်​သည် စား​သောက်​လော့’​ဟု ဆို​မည်​မ​ဟုတ်​လော။ အစေအပါး​သည် စေခိုင်း​ထား​သည့်​အတိုင်း​ဆောင်ရွက်​သောကြောင့် သခင်​သည် သူ့​ကို​ကျေးဇူး​တင်​သလော။ ထိုနည်းတူ သင်​တို့​သည်​လည်း သင်​တို့​အား​စေခိုင်း​သည့်​အရာ​အားလုံး​ကို ဆောင်ရွက်​ပြီး​သောအခါ ‘အကျွန်ုပ်​တို့​သည် အကျိုးမပြု​သော​အစေအပါး​များ​ဖြစ်​ကြ​ပါ​၏။ ဆောင်ရွက်​ရ​မည့်​အမှု​ကို ဆောင်ရွက်​ခဲ့​ခြင်း​သာ​ဖြစ်​ပါ​၏’​ဟု ဆို​ကြ​လော့”​ဟူ၍ မိန့်​တော်မူ​၏။ ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​သို့​ကြွ​တော်မူ​စဉ် ရှမာရိ​နယ်​နှင့် ဂါလိလဲ​နယ်​စပ်ကြား​ကို ဖြတ်သွား​တော်မူ​၏။ ရွာ​တစ်​ရွာ​သို့​ဝင်​တော်မူ​သောအခါ အနာကြီး​ရောဂါသည်​ဆယ်​ဦး​တို့​သည် ကိုယ်တော်​ကို​ဆီးကြို​ကြ​၏။ သူ​တို့​သည် အဝေး​၌​ရပ်​လျက် အသံ​ကို​ကျယ်စွာပြု​၍ “သခင်​ယေရှု၊ အကျွန်ုပ်​တို့​ကို​သနား​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​သည် သူ​တို့​ကို​မြင်​လျှင်“သင်​တို့​သည် ယဇ်ပုရောဟိတ်​များ​ထံသို့​သွား​၍ မိမိတို့ကိုယ်ကို ပြ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည်​သွား​နေ​စဉ်​အတွင်း​မှာပင် စင်ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။ သူ​တို့​ထဲမှ​တစ်​ဦး​သည် မိမိ​အနာရောဂါ​ပျောက်ကင်း​သွား​ကြောင်း​သိမြင်​သောအခါ ကျယ်လောင်​သော​အသံ​ဖြင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လျက် ပြန်လာ​ကာ ကိုယ်တော်​၏​ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​၍ ကိုယ်တော်​ကို​ကျေးဇူးတင်​၏။ ထို​သူ​သည် ရှမာရိ​နယ်သား​ဖြစ်​၏။ ယေရှု​က​လည်း“စင်ကြယ်​ခြင်း​သို့​ရောက်​သော​သူ​မှာ လူ​ဆယ်​ဦး​မ​ဟုတ်​လော။ အခြား​ကိုး​ဦး​ကား အဘယ်မှာ​နည်း။ ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ရန်​ပြန်လာ​သော​သူ​သည် ဤ​တစ်ပါးအမျိုးသား​မှလွဲ၍ တစ်​ဦး​မျှ​မ​ရှိ​သလော”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ထို​သူ​အား“ထ​၍​သွား​လော့။ သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကျန်းမာ​စေ​ပြီ”​ဟု မိန့်​တော်မူ​၏။