ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား“မှားယွင်းစေသောအရာများသည် ဧကန်မုချသက်ရောက်မည်ဖြစ်၏။ သို့သော် ထိုအရာများကို သက်ရောက်စေသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မှားယွင်းစေသည်ထက် ကြိတ်ဆုံကျောက်ကို မိမိလည်ပင်း၌ဆွဲလျက် ပင်လယ်ထဲသို့ပစ်ချခံရလျှင် သူ့အတွက် သာ၍ကောင်း၏။ သင်တို့သည် မိမိတို့ကိုယ်ကိုသတိထားကြလော့။ သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ကိုဆုံးမလော့။ သူသည်နောင်တရလျှင် သူ့ကိုခွင့်လွှတ်လော့။ တစ်နေ့အတွင်း သင့်ကိုခုနစ်ကြိမ်ပြစ်မှားလျက် သင့်ထံသို့ ခုနစ်ကြိမ်တိုင်တိုင်လာ၍ ‘အကျွန်ုပ်နောင်တရပါ၏’ဟု ဆိုလျှင် သူ့ကိုခွင့်လွှတ်ရမည်”ဟု မိန့်တော်မူ၏။ ထိုအခါ တမန်တော်တို့က သခင်ဘုရားအား “အကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ”ဟု လျှောက်ကြ၏။ သခင်ဘုရားကလည်း“သင်တို့တွင် မုန်ညင်းနက်စေ့ခန့်မျှယုံကြည်ခြင်းရှိပါက ဤပိုးစာပင်အား ‘အမြစ်ပါကျွတ်၍ ပင်လယ်ထဲမှာစိုက်လျက်နေလော့’ဟု ပြောလျှင် ၎င်းသည် သင်တို့ကိုနာခံလိမ့်မည်။ သင်တို့တွင် လယ်လုပ်သောအစေအပါး၊ သို့မဟုတ် သိုးကိုထိန်းကျောင်းသောအစေအပါးရှိ၍ ထိုအစေအပါးသည် လယ်မှပြန်လာသောအခါ ‘အလျင်အမြန်လာပြီး ထိုင်၍စားလော့’ဟု ဆိုမည့်သူရှိသလော။ ထိုသို့မဆိုဘဲ ‘ငါ့အတွက်စားစရာတစ်စုံတစ်ခုပြင်ဆင်၍ ငါစားသောက်ပြီးသည်အထိ ခါးစည်းလျက် ငါအလိုရှိရာကိုဆောင်ရွက်လော့။ ထို့နောက်မှ သင်သည် စားသောက်လော့’ဟု ဆိုမည်မဟုတ်လော။ အစေအပါးသည် စေခိုင်းထားသည့်အတိုင်းဆောင်ရွက်သောကြောင့် သခင်သည် သူ့ကိုကျေးဇူးတင်သလော။ ထိုနည်းတူ သင်တို့သည်လည်း သင်တို့အားစေခိုင်းသည့်အရာအားလုံးကို ဆောင်ရွက်ပြီးသောအခါ ‘အကျွန်ုပ်တို့သည် အကျိုးမပြုသောအစေအပါးများဖြစ်ကြပါ၏။ ဆောင်ရွက်ရမည့်အမှုကို ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါ၏’ဟု ဆိုကြလော့”ဟူ၍ မိန့်တော်မူ၏။ ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ကြွတော်မူစဉ် ရှမာရိနယ်နှင့် ဂါလိလဲနယ်စပ်ကြားကို ဖြတ်သွားတော်မူ၏။ ရွာတစ်ရွာသို့ဝင်တော်မူသောအခါ အနာကြီးရောဂါသည်ဆယ်ဦးတို့သည် ကိုယ်တော်ကိုဆီးကြိုကြ၏။ သူတို့သည် အဝေး၌ရပ်လျက် အသံကိုကျယ်စွာပြု၍ “သခင်ယေရှု၊ အကျွန်ုပ်တို့ကိုသနားတော်မူပါ”ဟု လျှောက်ကြ၏။ ကိုယ်တော်သည် သူတို့ကိုမြင်လျှင်“သင်တို့သည် ယဇ်ပုရောဟိတ်များထံသို့သွား၍ မိမိတို့ကိုယ်ကို ပြကြလော့”ဟု မိန့်တော်မူ၏။ သူတို့သည်သွားနေစဉ်အတွင်းမှာပင် စင်ကြယ်ခြင်းသို့ရောက်ကြ၏။ သူတို့ထဲမှတစ်ဦးသည် မိမိအနာရောဂါပျောက်ကင်းသွားကြောင်းသိမြင်သောအခါ ကျယ်လောင်သောအသံဖြင့် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် ပြန်လာကာ ကိုယ်တော်၏ခြေတော်ရင်း၌ပျပ်ဝပ်၍ ကိုယ်တော်ကိုကျေးဇူးတင်၏။ ထိုသူသည် ရှမာရိနယ်သားဖြစ်၏။ ယေရှုကလည်း“စင်ကြယ်ခြင်းသို့ရောက်သောသူမှာ လူဆယ်ဦးမဟုတ်လော။ အခြားကိုးဦးကား အဘယ်မှာနည်း။ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းရန်ပြန်လာသောသူသည် ဤတစ်ပါးအမျိုးသားမှလွဲ၍ တစ်ဦးမျှမရှိသလော”ဟု မိန့်တော်မူ၏။ ထို့နောက် ထိုသူအား“ထ၍သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ”ဟု မိန့်တော်မူ၏။ တစ်ခါတွင် ဖာရိရှဲတို့က ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်အချိန်၌ပေါ်ထွန်းမည်နည်းဟု မေးလျှောက်ကြသဖြင့် ကိုယ်တော်က“ဘုရားသခင်၏နိုင်ငံတော်သည် မျက်မြင်တွေ့နိုင်သောအရာအဖြစ် ပေါ်ထွန်းမည်မဟုတ်။ ကြည့်လော့။ ဤအရပ်၌ရှိသည်၊ သို့မဟုတ် ထိုအရပ်၌ရှိသည်ဟူ၍လည်း မပြောနိုင်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိ၏”ဟု မိန့်တော်မူ၏။ ထို့နောက် တပည့်တော်တို့အား“သင်တို့သည် လူ့သား၏နေ့ရက်များထဲမှ တစ်ရက်ကိုပင် အလွန်တွေ့မြင်လိုသော်လည်း မတွေ့မြင်ရသည့်နေ့ရက်များ ရောက်လာလိမ့်မည်။ ထိုအခါ လူတို့က သင်တို့အား ‘ကြည့်လော့။ ထိုအရပ်၌ရှိ၏၊ သို့မဟုတ် ကြည့်လော့။ ဤအရပ်၌ရှိ၏’ဟု ဆိုကြလျှင်လည်း လိုက်မသွားကြနှင့်။ အကြောင်းမူကား လျှပ်စီးသည်လက်၍ မိုးကောင်းကင်တစ်ဖက်မှ မိုးကောင်းကင်အခြားတစ်ဖက်တိုင်အောင် ထွန်းလင်းသကဲ့သို့ လူ့သားသည် မိမိနေ့ရက်၌ ထိုနည်းတူဖြစ်လိမ့်မည်။ သို့သော် သူသည် ပထမဦးစွာ ဒုက္ခဝေဒနာများစွာခံစားရ၍ ဤမျိုးဆက်၏ငြင်းပယ်ခြင်းကိုခံရလိမ့်မည်။ နောဧ၏နေ့ရက်များ၌ဖြစ်သကဲ့သို့ လူ့သား၏နေ့ရက်များ၌လည်းဖြစ်လိမ့်မည်။
ရှင်လုကာခရစ်ဝင် 17 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာခရစ်ဝင် 17
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာခရစ်ဝင် 17:1-26
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ