YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 14

14
ဥပုသ်နေ့နှင့်ဆိုင်သည့်အငြင်းပွားမှု
1တစ်​နေ့​သော​ဥပုသ်နေ့​၌ ကိုယ်တော်​သည် အစားအစာ​သုံးဆောင်​ရန် ဖာရိရှဲ​အကြီးအကဲ​တစ်​ဦး​၏​အိမ်​သို့​ဝင်​တော်မူ​လျှင် သူ​တို့​သည် ကိုယ်တော်​ကို​စောင့်ကြည့်​နေ​ကြ​၏။ 2ကိုယ်တော်​၏​ရှေ့၌ ရေဖျဉ်း​စွဲ​သော​သူ​တစ်​ဦး​ရှိ​၏။ 3ယေရှု​က ကျမ်းတတ်​ပုဂ္ဂိုလ်​နှင့် ဖာရိရှဲ​တို့​အား“ဥပုသ်နေ့​၌ အနာရောဂါ​ကို​ငြိမ်း​စေ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော​၊ သို့မဟုတ် မ​ညီ​သလော”​ဟု မေး​တော်မူ​၏။ 4သို့သော် သူ​တို့​သည် တိတ်ဆိတ်​စွာ​နေ​ကြ​၏။ ကိုယ်တော်​သည် ထို​လူနာ​ကို ခေါ်​၍ အနာရောဂါ​ပျောက်ကင်း​စေ​ပြီးလျှင် ပြန်လွှတ်​တော်မူ​၏။ 5ထို့နောက် ထို​သူ​တို့​အား“သင်​တို့​တွင် မိမိ​သား​၊ သို့မဟုတ် နွား​သည် ဥပုသ်​နေ့​၌ ရေတွင်း​ထဲသို့​ကျ​ခဲ့​လျှင် မည်သူ​သည်​ချက်ချင်း​မ​ဆွဲတင်​ဘဲ​နေ​မည်နည်း”​ဟု မိန့်​တော်မူ​၏။ 6သူ​တို့​သည် ဤ​အရာ​များ​နှင့်​ပတ်သက်​ပြီး တုံ့ပြန်​ပြောဆို​၍​မ​ရ​နိုင်​ကြ​ချေ။
နှိမ့်ချခြင်းရှိရန်သွန်သင်တော်မူခြင်း
7ဖိတ်ခေါ်​ခြင်း​ခံရ​သော​သူ​တို့​သည် အထူး​နေရာ​များ​ရွေးချယ်​နေ​ကြ​ပုံ​ကို ကိုယ်တော်​မြင်​တော်မူ​လျှင် ထို​သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​မြွက်ဆို​တော်မူ​သည်​မှာ 8“တစ်စုံတစ်ယောက်​သည် သင့်​ကို မင်္ဂလာဆောင်​ပွဲ​သို့ ဖိတ်ခေါ်​သောအခါ အထူး​နေရာ​၌​မ​ထိုင်​နှင့်။ သူ​သည် သင့်​ထက်​ဂုဏ်သရေ​ရှိ​သော​သူ​ကို ဖိတ်​ထား​ကောင်း​ဖိတ်​ထား​လိမ့်မည်။ 9ထိုအခါ သင်​တို့​နှစ်ဦး​စလုံး​ကို​ဖိတ်ခေါ်​ထား​သော​သူ​သည် သင့်​ထံသို့​လာ​၍ ‘သင့်​နေရာ​ကို ဤ​သူ​အား​ပေး​လိုက်​ပါ’​ဟု ဆို​လျှင် သင်​သည် အရှက်ရ​လျက် နောက်ဆုံး​နေရာ​ကို​ယူ​ရ​လိမ့်မည်။ 10ထို့ကြောင့် ဖိတ်ခေါ်​ခြင်း​ခံရ​သောအခါ နောက်ဆုံး​နေရာ​၌ သွား​၍​ထိုင်​လော့။ သို့ပြုလျှင် သင့်​ကို​ဖိတ်ခေါ်​ထား​သော​သူ​သည်​လာ​၍ ‘မိတ်ဆွေ ရှေ့သို့​ကြွ​ပါ’​ဟု သင့်​အား​ဆို​လိမ့်မည်။ ထိုအခါ သင်​သည် သင်​နှင့်အတူ​ထိုင်​နေ​သော​သူ​အားလုံး​တို့​ရှေ့​၌ ဂုဏ်သရေ​ရှိ​လိမ့်မည်။ 11အကြောင်းမူကား မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​တိုင်း​သည် နှိမ့်ချ​ခြင်း​ကို​ခံရ​၍ မိမိကိုယ်ကို​နှိမ့်ချ​သော​သူ​သည် ချီးမြှောက်​ခြင်း​ကို​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
12ထို့နောက် ကိုယ်တော်​သည် မိမိ​ကို​ဖိတ်ခေါ်​ထား​သော​သူ​အား“သင်​သည် ဧည့်ခံပွဲ​၊ သို့မဟုတ် ညစာ​စားပွဲ​ကို​ကျင်းပ​သောအခါ သင်​၏​မိတ်ဆွေ​များ၊ ညီအစ်ကို​များ၊ ဆွေမျိုး​များ​နှင့် ချမ်းသာ​သော​အိမ်နီးချင်း​များ​ကို မ​ဖိတ်​နှင့်။ ထိုသို့​ဖိတ်​လျှင် သူ​တို့​သည်​လည်း သင့်​ကို​ပြန်​ဖိတ်​၍ ကျေးဇူး​တုံ့ပြန်​ကြ​လိမ့်မည်။ 13သို့သော် ဧည့်ခံပွဲ​ကျင်းပ​သောအခါ ဆင်းရဲသား​များ၊ အင်္ဂါ​ချို့တဲ့​သူ​များ၊ ခြေ​မသန်စွမ်း​သူ​များ​နှင့် မျက်မမြင်​များ​ကို ဖိတ်ခေါ်​လော့။ 14သို့ပြုလျှင် သူ​တို့​သည် သင့်​အား​ကျေးဇူး​မ​တုံ့ပြန်​နိုင်​ကြ​သောကြောင့် သင်​သည် မင်္ဂလာရှိ​လိမ့်မည်။ ဖြောင့်မတ်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ရာ​ကာလ​၌ သင်​သည် ကျေးဇူး​တုံ့ပြန်​ခြင်း​ကို အမှန်ပင်​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
ညစာစားပွဲကြီးပုံဥပမာ
15ကိုယ်တော်​နှင့်အတူ​ထိုင်​နေ​သော​သူ​တစ်​ဦး​သည် ထို​စကား​တော်​တို့​ကို​ကြား​လျှင် “ဘုရားသခင်​၏​နိုင်ငံ​တော်​တွင် စားသောက်​ပွဲ​၌​ပါဝင်​ရ​သော​သူ​သည် မင်္ဂလာရှိ​၏”​ဟု လျှောက်​လေ​၏။ 16ကိုယ်တော်​က​လည်း“လူ​တစ်​ဦး​သည် ညစာ​စားပွဲ​ကြီး​တစ်​ခု​ကို​ပြင်ဆင်​လျက် လူ​များစွာ​တို့​ကို​ဖိတ်ခေါ်​ထား​၏။ 17ပွဲ​အချိန်​ရောက်​သောအခါ ဖိတ်ခေါ်​ထား​သူ​များ​ထံသို့ မိမိ​အစေအပါး​ကို​စေလွှတ်​လျက် ‘ယခု​အဆင်သင့်​ဖြစ်​ပြီ​ဖြစ်၍ ကြွ​ကြ​ပါ’​ဟု ပြောကြား​စေ​၏။
18 ထိုအခါ အားလုံး​တို့​သည် မ​လာ​နိုင်​ကြောင်း တညီတညွတ်တည်း​ဆင်ခြေ​ပေး​ကြ​၏။ ပထမ​လူ​က ‘အကျွန်ုပ်​သည် လယ်​တစ်​ကွက်​ဝယ်​ထား​သည်​ဖြစ်၍ ထို​လယ်​ကို မဖြစ်မနေ​သွား​ကြည့်​ရ​ပါ​မည်။ အကျွန်ုပ်​ကို​ခွင့်လွှတ်​ရန် တောင်းပန်​ပါ​သည်’​ဟု ဆို​လေ​၏။ 19အခြား​တစ်​ဦး​က​လည်း ‘အကျွန်ုပ်​သည် နွား​ငါး​ရှဉ်း​ကို​ဝယ်​ထား​သည်​ဖြစ်၍ ထို​နွား​တို့​ကို​စမ်းသပ်​ရန် သွား​ရ​တော့မည်။ အကျွန်ုပ်​ကို​ခွင့်လွှတ်​ရန် တောင်းပန်​ပါ​သည်’​ဟု ဆို​လေ​၏။ 20နောက်​တစ်​ဦး​က​လည်း ‘အကျွန်ုပ်​သည် မိန်းမ​နှင့်​ထိမ်းမြား​စုံဖက်​ပြီ​ဖြစ်၍ မ​လာ​နိုင်​ပါ’​ဟု ဆို​၏။
21 အစေအပါး​သည် ပြန်လာ​၍ ထို​အကြောင်းအရာ​များ​ကို မိမိ​သခင်​အား​ကြားလျှောက်​လေ​၏။ ထိုအခါ အိမ်ရှင်​သည် အမျက်ထွက်​၍ မိမိ​အစေအပါး​အား ‘မြို့​ထဲ​ရှိ လမ်းမ၊ လမ်းကြား​များ​ထဲသို့ အမြန်​သွား​၍ ဆင်းရဲသား​များ၊ အင်္ဂါ​ချို့တဲ့​သူ​များ၊ ခြေ​မသန်စွမ်း​သူ​များ​နှင့် မျက်မမြင်​များ​ကို ဤ​နေရာ​သို့​ခေါ်​ခဲ့​လော့’​ဟု ဆို​၏။ 22ထို့နောက် အစေအပါး​က ‘သခင်၊ သခင်​စေခိုင်း​သည့်​အတိုင်း​ဆောင်ရွက်​ပြီး​ပါ​ပြီ။ သို့သော် နေရာ​ရှိ​ပါ​သေး​၏’​ဟု လျှောက်​လေ​၏။
23 သခင်​က​လည်း ‘ခရီး​သွား​လမ်းမ​များ​နှင့် တော​လမ်းကြား​များ​သို့​သွား​၍ ငါ့​အိမ်​ပြည့်​အောင် လူ​တို့​ကို မရမက​ခေါ်​ခဲ့​လော့။ 24သင်​တို့​အား ငါ​ဆို​သည်​ကား ယခင်​ဖိတ်ခေါ်​ထား​သူ​တို့​ထဲမှ မည်သူ​မျှ ငါ​၏​ညစာ​စားပွဲ​ကို​မြည်းစမ်း​ရ​မည်​မ​ဟုတ်’​ဟု အစေအပါး​အား ဆို​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။
ရှိသမျှကိုမစွန့်ခွာလျှင် ငါ၏တပည့်မဖြစ်နိုင်
25ထို့နောက် များစွာ​သော​လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​နှင့်အတူ​လိုက်ပါ​လာ​ကြ​သဖြင့် ကိုယ်တော်​သည် လှည့်ကြည့်​၍ ထို​သူ​တို့​အား​မြွက်ဆို​တော်မူ​သည်​မှာ 26“တစ်စုံတစ်ဦး​သည် ငါ့​ထံသို့​လာ​၍ မိမိ​၏​ဖခင်၊ မိခင်၊ သား​မယား​နှင့် ညီအစ်ကို​မောင်နှမ​တို့​ကို​သာမက မိမိ​အသက်​ကို​ပင် မ​မုန်း​လျှင် ထို​သူ​သည် ငါ​၏​တပည့်​မ​ဖြစ်​နိုင်။ 27မိမိ​လက်ဝါးကပ်တိုင်​ကို​ထမ်း​၍ ငါ့​နောက်​သို့​မ​လိုက်​သော​သူ​သည် ငါ​၏​တပည့်​မ​ဖြစ်​နိုင်။
28 သင်​တို့​ထဲတွင် တစ်စုံတစ်ဦး​သည် မျှော်စင်​တစ်​ခု​ဆောက်​လို​လျှင် ပြီးစီး​သည်​အထိ လုံလောက်​သော​ငွေ​ရှိ​၊ မ​ရှိ ဦးစွာ​ထိုင်​၍ ကုန်ကျ​စရိတ်​ကို​မ​တွက်ချက်​ဘဲ​နေ​မည်​လော။ 29ထိုသို့​မ​တွက်ချက်​ဘဲ အုတ်မြစ်​ချ​၍ အဆုံး​မ​သတ်​နိုင်​လျှင် မြင်​သူ​အပေါင်း​တို့​သည် သူ့​ကို​ပြောင်လှောင်​လျက် 30‘ဤ​သူ​သည် စတင်​တည်ဆောက်​ခဲ့​သော်လည်း အဆုံး​မ​သတ်​နိုင်​ပါ​တကား’​ဟု ဆို​ကြ​လိမ့်မည်။
31 ထိုမှတစ်ပါး မည်သည့်​ဘုရင်​သည် အခြား​ဘုရင်​တစ်​ပါး​နှင့် စစ်တိုက်​ရန်​ချီတက်​မည်​ပြု​စဉ် စစ်သည်​နှစ်သောင်း​နှင့်​ချီတက်​လာ​သော အခြား​တစ်ဖက်​ကို စစ်သည်​တစ်သောင်း​ဖြင့် ရင်ဆိုင်​၍​ရ​၊ မရ ဦးစွာ​ထိုင်​လျက် မ​သုံးသပ်​ဘဲ​နေ​မည်နည်း။ 32ရင်ဆိုင်​၍​မ​ရ​နိုင်​ပါက အခြား​ဘုရင်​သည်​အဝေး​၌​ရှိ​နေ​စဉ် သံတမန်​ကို​စေလွှတ်​၍ စစ်ပြေငြိမ်း​ရေး​အတွက် စကား​ကမ်းလှမ်း​ရ​ပေ​လိမ့်မည်။ 33ထိုနည်းတူ သင်​တို့​အားလုံး​သည်​လည်း မိမိ​ဥစ္စာ​ပစ္စည်း​ရှိသမျှ​တို့​ကို မ​စွန့်ခွာ​နိုင်​လျှင် ငါ​၏​တပည့်​မ​ဖြစ်​နိုင်။
34 ဆား​သည်​ကောင်း​၏။ သို့သော် ဆား​သည် အငန်​ဓာတ်​ကင်းမဲ့​သွား​လျှင် ၎င်း​ကို မည်သည့်​အရာ​ဖြင့်​အရသာ​ပြန်​ရှိ​စေ​မည်နည်း။ 35မြေကြီး​အတွက်​ဖြစ်စေ၊ မြေသြဇာ​အတွက်​ဖြစ်စေ အသုံး​မ​ဝင်​တော့​သဖြင့် ၎င်း​ကို အပြင်​သို့​ပစ်​လိုက်​တတ်​ကြ​၏။ ကြား​စရာ​နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု မိန့်​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်လုကာခရစ်ဝင် 14: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။