YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 13:1-17

ရှင်လုကာခရစ်ဝင် 13:1-17 MSBU

ထို​အချိန်​၌​ပင် လူ​အချို့​တို့​သည်​ရောက်လာ​၍ ပိလတ်​မင်း​သည် ဂါလိလဲ​နယ်သား​အချို့​တို့​၏​သွေး​ကို သူ​တို့​ပူဇော်​သော​ယဇ်​များ​နှင့်​ရောနှော​ခဲ့​ကြောင်း ကိုယ်တော်​အား​ကြားလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ထို​ဂါလိလဲ​နယ်သား​တို့​သည် ထိုသို့​သော​ဒုက္ခ​ဝေဒနာ​ကို​ခံစား​ကြ​ရ​သောကြောင့် အခြား​ဂါလိလဲ​နယ်သား​အားလုံး​တို့​ထက် အပြစ်​များ​သည်​ဟု သင်​တို့​ထင်​ကြ​သလော။ ထိုသို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အားလုံး​သည်​လည်း နောင်တ​မ​ရ​လျှင် ထိုနည်းတူ​ပျက်စီး​ကြ​လိမ့်မည်။ ထို့ပြင် ရှိလောင်​မျှော်စင်​ပြိုကျ​သဖြင့် ပိ​မိ​၍​သေဆုံး​သော​သူ​တစ်ဆယ့်ရှစ်​ယောက်​တို့​သည် ဂျေရုဆလင်​မြို့​တွင် နေထိုင်​ကြ​သော​အခြား​သူ​အားလုံး​တို့​ထက် အပြစ်​များ​သည်​ဟု သင်​တို့​ထင်​ကြ​သလော။ ထိုသို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အားလုံး​သည်​လည်း နောင်တ​မ​ရ​လျှင် ထိုနည်းတူ​ပျက်စီး​ကြ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် ဤ​ပုံ​ဥပမာ​ကို​ပေး​၍ မြွက်ဆို​တော်မူ​သည်​မှာ“လူ​တစ်​ဦး​တွင် မိမိ​စပျစ်ခြံ​ထဲ၌​စိုက်​ထား​သော သဖန်းပင်​တစ်​ပင်​ရှိ​၏။ သူ​သည် ထို​အပင်​၌ အသီး​ကို​လာ​ရှာ​သော်လည်း မ​တွေ့​ရ​ချေ။ ထိုအခါ သူ​သည် ဥယျာဉ်မှူး​အား ‘ကြည့်​လော့။ ငါ​သည် သုံး​နှစ်​တိုင်တိုင် ဤ​သဖန်းပင်​မှ​အသီး​ကို​လာ​ရှာ​သော်လည်း​မ​တွေ့​ရ။ ဤ​သဖန်းပင်​ကို​ခုတ်​ပစ်​လော့။ အဘယ်ကြောင့် မြေ​ကို အကျိုးမဲ့​ဖြစ်​စေ​မည်နည်း’​ဟု ဆို​၏။ သို့သော် ဥယျာဉ်မှူး​က ‘သခင်၊ ဤ​အပင်​ကို ယခု​နှစ်​လည်း​ထား​ပါ​ဦး။ အပင်​ပတ်လည်​ကို အကျွန်ုပ်​တူးဆွ​၍ မြေသြဇာ​ထည့်​ပါ​ဦး​မည်။ ထိုသို့ပြုလျှင် နောက်​နှစ်​တွင် အသီး သီး​ကောင်း​သီး​ပါ​လိမ့်မည်။ အကယ်၍ မ​သီး​ပါက ခုတ်​ပစ်​နိုင်​ပါ​သည်’​ဟု ပြန်​လျှောက်​၏”​ဟူ၍ မိန့်​တော်မူ​၏။ ကိုယ်တော်​သည် ဥပုသ်နေ့​၌ ဝတ်ပြု​စည်းဝေး​ကျောင်း​တစ်​ကျောင်း​တွင် သွန်သင်​လျက်​နေ​တော်မူ​၏။ ထိုအခါ တစ်ဆယ့်ရှစ်​နှစ်​ပတ်လုံး နာမကျန်း​ဖြစ်​စေ​သော​နတ်​ပူး​သဖြင့် ခါး​ကုန်း​လျက် လုံးဝ​တည့်မတ်​စွာ​မ​ရပ်​နိုင်​သော​အမျိုးသမီး​တစ်​ဦး​ရှိ​၏။ ယေရှု​သည် သူ့​ကို​မြင်​လျှင် အထံ​တော်​သို့​ခေါ်​၍“အချင်း​မိန်းမ၊ သင်​သည် သင်​၏​နာမကျန်း​ဖြစ်​ခြင်း​မှ လွတ်မြောက်​ပြီ”​ဟု မိန့်​တော်မူ​ပြီးလျှင် သူ့​အပေါ် လက်​တော်​ကို​တင်​တော်မူ​၏။ ထို​ခဏချင်း​တွင် သူ​၏​ခါး​သည် ပြန်လည်​တည့်မတ်​သွား​၍ သူ​သည် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လေ​၏။ သို့သော် ဥပုသ်နေ့​၌ အနာရောဂါ​ကို​ယေရှု​ငြိမ်း​စေ​တော်မူ​သောကြောင့် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​သည် စိတ်ဆိုး​လျက် “အလုပ်​လုပ်​ရ​မည့်​နေ့ရက်​ခြောက်​ရက်​ရှိ​သည်​ဖြစ်၍ ထို​နေ့ရက်​များ​၌​လာ​၍ ရောဂါ​ငြိမ်း​စေ​ခြင်း​ကို​ခံယူ​ကြ​လော့။ ဥပုသ်​နေ့​၌​မ​လာ​ကြ​နှင့်”​ဟု လူထု​ပရိသတ်​တို့​အား​ဆို​၏။ သခင်​ဘုရား​က​လည်း“သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့၊ သင်​တို့​အသီးသီး​သည် ဥပုသ်နေ့​၌ မိမိ​တို့​နွား​၊ သို့မဟုတ် မြည်း​ကို တင်းကုပ်​မှ​လွှတ်​၍ ရေ​တိုက်​ရန်​ခေါ်ဆောင်​သွား​ကြ​သည်​မ​ဟုတ်​လော။ သို့ဖြစ်လျှင် တစ်ဆယ့်​ရှစ်​နှစ်​ပတ်လုံး စာတန်​ချည်နှောင်​ထား​သည့် အာဗြဟံ​၏​သမီး​ဖြစ်​သော ဤ​သူ​ကို ဥပုသ်​နေ့​၌ ထို​ချည်နှောင်​ခြင်း​မှ လွတ်​စေ​သင့်​သည်​မ​ဟုတ်​လော”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​သောအခါ ကိုယ်တော်​ကို​ဆန့်ကျင်​နေ​သော​သူ​ရှိသမျှ​တို့​သည် အရှက်ရ​ကြ​၏။ လူထု​ပရိသတ်​အပေါင်း​တို့​သည် ကိုယ်တော်​ပြု​တော်မူ​သည့် ထူးမြတ်​သော​အမှု​အလုံးစုံ​တို့​အတွက် ဝမ်းမြောက်​ကြ​၏။

​ရှင်လုကာခရစ်ဝင် 13:1-17 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။