သင်တို့သည် ခါးကိုစည်းလျက် ဆီမီးတို့ကိုထွန်းထားကြလော့။ မိမိတို့၏သခင်သည် မင်္ဂလာဆောင်ပွဲမှပြန်လာ၍ တံခါးခေါက်သောအခါ သူ့အတွက် ချက်ချင်းတံခါးဖွင့်ပေးနိုင်ရန် သခင်ကိုစောင့်နေသူများကဲ့သို့ဖြစ်ကြလော့။ သခင်ပြန်လာသောအခါ သတိနှင့်စောင့်နေကြသည်ကို သခင်တွေ့ရသောအစေအပါးတို့သည် မင်္ဂလာရှိကြ၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိခါးကိုစည်းလျက် သူတို့ကိုထိုင်စေပြီးလျှင် အနားသို့လာ၍ သူတို့ကိုလုပ်ကျွေးပြုစုလိမ့်မည်။ သခင်သည် ညဥ့်နက်အချိန်၌ဖြစ်စေ၊ သန်းခေါင်ကျော်အချိန်၌ဖြစ်စေ ပြန်လာ၍ ထိုသို့စောင့်နေကြသည်ကိုတွေ့မြင်လျှင် သူတို့သည် မင်္ဂလာရှိကြ၏။ အိမ်ရှင်သည် သူခိုးလာမည့်အချိန်ကိုသိထားလျှင် မိမိအိမ်ကို ဖောက်ထွင်းခွင့်ပြုမည်မဟုတ်ကြောင်း သိမှတ်ကြလော့။ လူ့သားသည် သင်တို့မထင်မှတ်သောအချိန်၌ ကြွလာမည်ဖြစ်၍ သင်တို့သည်လည်း အသင့်ရှိနေကြလော့”ဟု မိန့်တော်မူ၏။ ထိုအခါ ပေတရုက “သခင်ဘုရား၊ ဤပုံဥပမာကို အကျွန်ုပ်တို့အတွက်မိန့်တော်မူသလော၊ သို့မဟုတ် လူအပေါင်းတို့အတွက်ပါ မိန့်တော်မူသလော”ဟု မေးလျှောက်၏။ သခင်ဘုရားကလည်း“မိမိအိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာများစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးခေါင်းဆောင်ကား မည်သူနည်း။ မိမိသခင်ပြန်လာသောအခါ ထိုသို့ဆောင်ရွက်နေသည်ကို သခင်တွေ့ရသောအစေအပါးသည် မင်္ဂလာရှိ၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိ၏ဥစ္စာပစ္စည်းရှိသမျှကို သူ့အားကြီးကြပ်စောင့်ရှောက်စေလိမ့်မည်။ သို့သော် ထိုအစေအပါးသည် မိမိစိတ်ထဲ၌ ‘ငါ့သခင်ပြန်လာရန် ကြန့်ကြာနေ၏’ဟု ဆိုလျက် အစေခံယောက်ျားနှင့်အစေခံမိန်းမများကို ရိုက်နှက်ကာ စားသောက်ယစ်မူးလျက်နေလျှင် ထိုအစေအပါး၏သခင်သည် သူမျှော်လင့်မထားသောနေ့၊ သူမသိသောအချိန်တွင် ရောက်လာ၍ သူ့ကို ပြင်းစွာပြစ်ဒဏ်ပေးကာ မယုံကြည်သူတို့နှင့်အတူ နေရာချထားလိမ့်မည်။ မိမိသခင်၏အလိုကိုသိလျက်ပင် ပြင်ဆင်ထားခြင်းမရှိ၊ သို့မဟုတ် သခင်၏အလိုအတိုင်းလုပ်ဆောင်ခြင်းမရှိသော အစေအပါးသည် များစွာရိုက်နှက်ခြင်းခံရလိမ့်မည်။ သို့သော် သခင်၏အလိုကိုမသိဘဲ ရိုက်နှက်ခြင်းဒဏ်နှင့်ထိုက်သောအမှုကို ပြုမိသောသူသည် အနည်းငယ်သာ ရိုက်နှက်ခြင်းခံရမည်။ များစွာရရှိထားသောသူအားလုံးထံမှ များစွာတောင်းဆိုလိမ့်မည်။ များစွာအပ်နှံထားသောသူထံမှ ပို၍များစွာတောင်းကြလိမ့်မည်။ မြေကြီးပေါ်သို့ မီးကိုပစ်ချရန် ငါလာ၏။ မီးစွဲလောင်ပြီးသားဖြစ်ရန်ပင် ငါအလွန်အလိုရှိ၏။ သို့သော် ငါခံမည့်ဗတ္တိဇံတစ်ပါးရှိ၏။ ထိုအမှုမပြီးဆုံးမီတိုင်အောင် ငါသည် ဖိစီးမှုကို မည်မျှခံစားရပါမည်နည်း။ မြေကြီးပေါ်၌ ငြိမ်သက်ခြင်းကိုပေးရန် ငါလာသည်ဟု ထင်မှတ်ကြသလော။ ထိုသို့မဟုတ်ပေ။ သင်တို့အား ငါဆိုသည်ကား ကွဲပြားစေရန် ငါလာ၏။ အကြောင်းမူကား ယခုမှစ၍ လူငါးယောက်ရှိသည့်အိမ်တစ်အိမ်တွင် သုံးယောက်သည် နှစ်ယောက်ကိုလည်းကောင်း၊ နှစ်ယောက်သည် သုံးယောက်ကိုလည်းကောင်း ဆန့်ကျင်လျက် ကွဲပြားကြလိမ့်မည်။ ဖခင်သည် သားကိုလည်းကောင်း၊ သားသည် ဖခင်ကိုလည်းကောင်း၊ မိခင်သည် သမီးကိုလည်းကောင်း၊ သမီးသည် မိခင်ကိုလည်းကောင်း၊ ယောက္ခမသည် ချွေးမကိုလည်းကောင်း၊ ချွေးမသည် ယောက္ခမကိုလည်းကောင်း ဆန့်ကျင်လျက် ကွဲပြားကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်တို့အား မြွက်ဆိုတော်မူသည်မှာ“သင်တို့သည် အနောက်အရပ်တွင် မိုးတိမ်တက်လာသည်ကိုမြင်လျှင် မိုးသက်မုန်တိုင်းလာနေပြီဟု ချက်ချင်းပြောတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်တတ်၏။ တောင်လေတိုက်လာသောအခါ၌လည်း ပူအိုက်လိမ့်မည်ဟုပြောတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်တတ်၏။ သူတော်ကောင်းယောင်ဆောင်သောသူတို့၊ သင်တို့သည် မြေကြီးနှင့်ကောင်းကင်တို့၏အသွင်အပြင်ကို ပိုင်းခြား၍သိနိုင်ကြသော်လည်း ဤအချိန်ကာလကို အဘယ်ကြောင့် ပိုင်းခြား၍မသိနိုင်ကြသနည်း။ ထိုမှတစ်ပါး မှန်ကန်သည့်အရာကို အဘယ်ကြောင့် မိမိတို့ကိုယ်တိုင်မဆင်ခြင်မသုံးသပ်ကြသနည်း။ သင့်ကိုတရားစွဲဆိုသူနှင့်အတူ အကြီးအကဲထံသို့သွားကြသောအခါ လမ်း၌ သူနှင့်ကျေအေးအောင်ကြိုးစားလော့။ သို့မဟုတ်ပါက သူသည် သင့်ကို တရားသူကြီးထံသို့ဆွဲခေါ်သွား၍ တရားသူကြီးသည် သင့်ကို မင်းမှုထမ်းလက်သို့အပ်သဖြင့် မင်းမှုထမ်းသည် သင့်ကို ထောင်ထဲ၌ ထည့်ထားလိမ့်မည်။ သင့်အား ငါဆိုမည်။ နောက်ဆုံးလတ္တာတစ်ပြားကို သင်ပြန်၍မဆပ်မချင်း ထိုနေရာမှ လုံးဝထွက်ရမည်မဟုတ်”ဟုမိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် 12 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာခရစ်ဝင် 12
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာခရစ်ဝင် 12:35-59
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို