ထိုသို့မိန့်တော်မူပြီးသောအခါ ဖာရိရှဲတစ်ဦးသည် မိမိနှင့်အတူစားသောက်တော်မူရန် ကိုယ်တော်ကိုဖိတ်ခေါ်သဖြင့် သူ၏အိမ်သို့ဝင်၍ စားပွဲ၌ထိုင်တော်မူ၏။ သို့သော် အစာမသုံးဆောင်မီ ဦးစွာဆေးကြောခြင်းပြုတော်မမူသည်ကို ထိုဖာရိရှဲသည်မြင်၍ အံ့သြလေ၏။ သခင်ဘုရားကလည်း“သင်တို့ဖာရိရှဲများသည် ခွက်နှင့်လင်ပန်းတို့၏အပြင်ဘက်ကို စင်ကြယ်စေကြသော်လည်း သင်တို့အတွင်း၌ကား မတရားလုယူခြင်းနှင့်ဆိုးညစ်ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ မိုက်မဲသောသူတို့၊ အပြင်ဘက်ကိုဖန်ဆင်းတော်မူသောအရှင်သည် အတွင်းဘက်ကိုလည်း ဖန်ဆင်းတော်မူသည်မဟုတ်လော။ သို့ဖြစ်၍ အတွင်း၌ရှိသောအရာများကို ပေးကမ်းစွန့်ကြဲကြလော့။ သို့ပြုလျှင် အရာခပ်သိမ်းတို့သည် သင်တို့အတွက် စင်ကြယ်ကြလိမ့်မည်။ သို့သော် ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ စမုန်စပါးနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့ကို ဆယ်ဖို့တစ်ဖို့ပေးလှူကြသော်လည်း တရားမျှတခြင်းနှင့် ဘုရားသခင်အပေါ်ထားရှိရမည့်ချစ်ခြင်းတို့ကို ချန်လှပ်ထားကြ၏။ ဤအရာများကို ပြုရမည်ဖြစ်ပြီး အထက်တွင်ဆိုသောအရာများကိုလည်း ဥပေက္ခာမပြုရ။ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝတ်ပြုစည်းဝေးကျောင်းများ၌ အထူးထိုင်ခုံကိုလည်းကောင်း၊ ဈေးအရပ်၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် မထင်ရှားသော သင်္ချိုင်းဂူများနှင့်တူကြ၏။ လူတို့သည် ၎င်းအပေါ်မှာ မသိဘဲ သွားလာတတ်ကြ၏”ဟု မိန့်တော်မူ၏။ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးသည် ကိုယ်တော်အား “ဆရာ၊ ဤသို့ပြောဆိုခြင်းသည် အကျွန်ုပ်တို့ကိုလည်း ရှုတ်ချရာရောက်ပါ၏”ဟု ပြန်လျှောက်သော် ကိုယ်တော်က“ကျမ်းတတ်ပုဂ္ဂိုလ်တို့၊ သင်တို့သည်လည်း အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ထမ်းရခက်သောဝန်များကို လူတို့အားထမ်းစေကြ၏။ သင်တို့ကိုယ်တိုင်ကမူ ၎င်းတို့ကို သင်တို့လက်ဖျားနှင့်မျှမတို့ကြ။ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် သင်တို့ဘိုးဘေးများသတ်ခဲ့သော ပရောဖက်တို့၏သင်္ချိုင်းဂူများကို တည်ဆောက်ကြ၏။ ဤသို့ဖြင့် သင်တို့သည် သင်တို့ဘိုးဘေးများပြုသောအမှုတို့ကို သဘောတူထောက်ခံ၍ ထိုအမှုတို့၏သက်သေများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် ပရောဖက်များကိုသတ်၍ သင်တို့သည် သင်္ချိုင်းဂူများကိုတည်ဆောက်ကြ၏။ သို့ဖြစ်၍ ဘုရားသခင်၏ဉာဏ်ပညာတော်က ‘ပရောဖက်များနှင့် တမန်တော်များကို သူတို့ထံသို့ ငါစေလွှတ်မည်။ ထိုအခါ သူတို့သည် ထိုသူတို့ထဲမှ အချို့တို့ကိုညှဉ်းဆဲ၍ သတ်ကြလိမ့်မည်’ဟု မြွက်ဆိုထား၏။ ထို့ကြောင့် အာဗေလ၏သွေးမှစ၍ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကြားတွင် အသတ်ခံခဲ့ရသည့် ဇာခရိ၏သွေးတိုင်အောင် ကမ္ဘာတည်ချိန်မှစ၍ သွန်းလောင်းခြင်းခံရသော ပရောဖက်အပေါင်းတို့၏သွေးကြွေးကို ဤမျိုးဆက်ထံမှ တောင်းယူလိမ့်မည်။ မှန်ပေ၏။ ဤမျိုးဆက်ထံမှ ထိုသွေးကြွေးကိုတောင်းယူလိမ့်မည်ဟု ငါဆို၏။ ကျမ်းတတ်ပုဂ္ဂိုလ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် အသိပညာသော့ကိုသိမ်းယူ၍ ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသောသူများကိုလည်း တားဆီးကြ၏”ဟု မိန့်တော်မူ၏။ ထိုနေရာမှ ကိုယ်တော်ထွက်ကြွတော်မူသောအခါ ကျမ်းပြုဆရာများနှင့်ဖာရိရှဲတို့သည် ကိုယ်တော်အပေါ် ကြီးစွာရန်ငြိုးထားလျက် အကြောင်းအရာအမျိုးမျိုးတို့ကို တရစပ်မေးမြန်းကာ နှုတ်တော်ထွက်စကားတစ်စုံတစ်ခုဖြင့် ကိုယ်တော်ကိုအပြစ်ရှာနိုင်ရန် ချောင်းမြောင်းနေကြ၏။
ရှင်လုကာခရစ်ဝင် 11 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာခရစ်ဝင် 11
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာခရစ်ဝင် 11:37-54
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ