YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 10:1-20

ရှင်လုကာခရစ်ဝင် 10:1-20 MSBU

ထို့နောက် သခင်​ဘုရား​သည် အခြား​သော​သူ အယောက်​ခုနစ်ဆယ်​တို့​ကို​ခန့်ထား​၍ ကြွ​တော်မူ​ရန်​ကြံရွယ်​ထား​သော မြို့​ရွာ​အရပ်ရပ်​သို့ မိမိ​ရှေ့​မှ​နှစ်​ဦး​စီ​၊ နှစ်​ဦး​စီ စေလွှတ်​တော်မူ​၏။ ကိုယ်တော်​သည် ထို​သူ​တို့​အား“ရိတ်သိမ်း​စရာ​များစွာ​ရှိ​သော်လည်း လုပ်သား​သည်​နည်း​လှ​၏။ ထို့ကြောင့် ရိတ်သိမ်း​ခြင်း​အတွက် လုပ်သား​များ​ကို​စေလွှတ်​ပေး​တော်မူ​ရန် ရိတ်သိမ်း​ခြင်း​၏​အရှင်​ထံ ဆုတောင်း​ကြ​လော့။ သွား​ကြ။ ဝံပုလွေ​များ​ထဲသို့ သိုးသငယ်​များ​ကို​စေလွှတ်​သကဲ့သို့ သင်​တို့​ကို ငါ​စေလွှတ်​၏။ ပိုက်ဆံ​အိတ်၊ လွယ်အိတ်​နှင့် ဖိနပ်​တို့​ကို မ​ယူ​သွား​ကြ​နှင့်။ လမ်း​၌ မည်သူ့​ကို​မျှ နှုတ်​မ​ဆက်​ကြ​နှင့်။ မည်သည့်​အိမ်​သို့​မဆို သင်​တို့​ဝင်​ကြ​သောအခါ ‘ဤ​အိမ်​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေ’​ဟူ၍ ဦးစွာ​နှုတ်ဆက်​ကြ​လော့။ ထို​နေရာ​တွင် ငြိမ်သက်​ခြင်း​၏​သား​ရှိ​လျှင် သင်​တို့​၏​ငြိမ်သက်​ခြင်း​သည် ထို​သူ​အပေါ်​သက်ရောက်​လိမ့်မည်။ မ​ရှိ​လျှင်​မူကား ထို​ငြိမ်သက်​ခြင်း​သည် သင်​တို့​ထံ​ပြန်​လာ​လိမ့်မည်။ ထို​တစ်​အိမ်​တည်း​မှာ​ပင် တည်းခို​၍ သူ​တို့​ထံ၌ စား​သောက်​ကြ​လော့။ အကြောင်းမူကား အလုပ်​လုပ်​သော​သူ​သည် လုပ်အားခ​ကို​ရ​ထိုက်​၏။ တစ်​အိမ်​မှ တစ်​အိမ်​သို့ မ​ပြောင်း​ကြ​နှင့်။ မည်သည့်​မြို့​သို့​မဆို သင်​တို့​ဝင်​၍ လူ​တို့​သည် သင်​တို့​ကို​လက်ခံ​လျှင် သင်​တို့​ရှေ့၌​တည်ခင်း​သော​အရာ​များ​ကို စား​ကြ​လော့။ ထို​မြို့​ရှိ နာမကျန်း​ဖြစ်​သူ​များ​ကို​ကျန်းမာ​စေ​၍ ‘ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​၌​ပေါ်ထွန်း​လုနီး​ပြီ’​ဟု သူ​တို့​အား ဟောပြော​ကြ​လော့။ မည်သည့်​မြို့​သို့​မဆို သင်​တို့​ဝင်​၍ လူ​တို့​သည် သင်​တို့​ကို​လက်​မ​ခံ​လျှင် ထို​မြို့​၏​လမ်းမ​ပေါ်သို့ ထွက်​ပြီးလျှင် ‘ငါ​တို့​ခြေ​တွင်​ကပ်​နေ​သည့် သင်​တို့​မြို့​မှ မြေမှုန့်​ကို​ပင် ငါ​တို့​ခါချ​ခဲ့​၏။ သို့သော် ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​၌​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်ကြောင်း သိမှတ်​ကြ​လော့’​ဟု ဟောပြော​ကြ​လော့။ သင်​တို့​အား ငါ​ဆို​မည်။ ထို​နေ့​၌ သောဒုံ​မြို့​သည် ထို​မြို့​ထက် ခံသာ​လိမ့်မည်။ ခေါရာဇိန်​မြို့၊ သင်​သည် အမင်္ဂလာရှိ​၏။ ဗက်ဇဲဒ​မြို့၊ သင်​သည် အမင်္ဂလာရှိ​၏။ အကြောင်းမူကား သင်​တို့​၌​ပြု​ခဲ့​သော​တန်ခိုး​လက္ခဏာ​များ​ကို တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​၌​ပြု​ခဲ့​လျှင် သူ​တို့​သည် ရှေးယခင်​ကပင် လျှော်တေ​အဝတ်​ကို​ဝတ်​လျက် ပြာ​ထဲ၌​ထိုင်​ကာ နောင်တရ​ခဲ့​ကြ​ပေ​လိမ့်မည်။ သို့သော် တရား​စီရင်​တော်မူ​သောအခါ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​သည် သင်​တို့​ထက် ခံသာ​ကြ​လိမ့်မည်။ ကပေရနောင်​မြို့၊ သင်​သည် ကောင်းကင်​အထိ ချီးမြှောက်​ခြင်း​ကို​ခံရ​ပါ​မည်​လော။ သင်​သည် မရဏာ​နိုင်ငံ​တိုင်အောင် ကျဆင်း​ရ​လိမ့်မည်။ သင်​တို့​စကား​ကို​နားထောင်​သော​သူ​သည် ငါ့​စကား​ကို​နားထောင်​၏။ သင်​တို့​ကို​ငြင်းပယ်​သော​သူ​သည် ငါ့​ကို​ငြင်းပယ်​၏။ ငါ့​ကို​ငြင်းပယ်​သော​သူ​သည် ငါ့​အား​စေလွှတ်​တော်မူ​သော​အရှင်​ကို​ငြင်းပယ်​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ထို​အယောက်​ခုနစ်ဆယ်​တို့​သည် ဝမ်းမြောက်​စွာ​ပြန်လာ​၍ “သခင်၊ ကိုယ်တော်​၏​နာမ​တော်​၌ နတ်ဆိုး​တို့​ပင် အကျွန်ုပ်​တို့​ကို​နာခံ​ကြ​ပါ​၏”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“စာတန်​သည် လျှပ်စီးလက်​သကဲ့သို့ မိုး​ကောင်းကင်​မှ​ကျ​သည်​ကို ငါ​မြင်​ရ​၏။ ငါ​သည် သင်​တို့​အား မြွေ​များ​နှင့်​ကင်းမြီးကောက်​များ​ကို​နင်းချေ​၍ ရန်သူ​၏​တန်ခိုး​အလုံးစုံ​တို့​ကို​နိုင်​ရ​သော​အခွင့်​အာဏာ​ကို ပေးအပ်​ထား​ပြီ​ဖြစ်၍ မည်သည့်​အရာ​က​မျှ သင်​တို့​ကို အနာတရ​ဖြစ်​စေ​မည်​မ​ဟုတ်။ သို့သော် နတ်​ဆိုး​တို့​သည် သင်​တို့​ကို​နာခံ​ကြ​သည့်​အတွက် ဝမ်းမြောက်​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်​တို့​၏​နာမည်​များ​ကို ကောင်းကင်​၌​ရေးမှတ်​ထား​သည့်​အတွက် ဝမ်းမြောက်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။