YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 1:57-66

ရှင်လုကာခရစ်ဝင် 1:57-66 MSBU

ထို့နောက် အဲလစ်ဇဘက်​သည် ဖွား​ချိန်​စေ့​၍ သားယောက်ျား​ကို​ဖွားမြင်​၏။ ထာဝရ​ဘုရား​သည် ထူးမြတ်​သော​ကရုဏာ​တော်​ကို အဲလစ်ဇဘက်​အပေါ်​ပြသ​တော်မူ​ကြောင်း အိမ်နီးချင်း​နှင့် ဆွေမျိုးသားချင်း​တို့​သည် ကြား​ကြ​သောအခါ သူ​နှင့်အတူ​ဝမ်းမြောက်​ကြ​၏။ ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ​တို့​သည် သူငယ်​အား​အရေဖျား​လှီး​ခြင်း​ပေး​ရန် လာ​ကြ​၍ သူ့​ဖခင်​၏​နာမည်​အတိုင်း သူ့​ကို ဇာခရိ​ဟု​မှည့်ခေါ်​မည်​ပြု​ကြ​၏။ သို့ရာတွင် သူငယ်​၏​မိခင်​က “ထိုသို့​မ​မှည့်​ရ။ ယောဟန်​ဟု​မှည့်ခေါ်​ရ​မည်”​ဟု ဆို​လေ​၏။ သူ​တို့​က​လည်း “သင်​၏​ဆွေမျိုးသားချင်း​တို့​တွင် ဤ​နာမည်​ဖြင့်​မှည့်ခေါ်​သော​သူ တစ်ယောက်မျှ​မ​ရှိ”​ဟု ဆို​ကြ​ပြီးလျှင် သူ့​ကို​မည်သို့​မှည့်ခေါ်​စေ​လို​ကြောင်း သူ​၏​ဖခင်​အား လက်ရိပ်​ပြ​၍​မေးမြန်း​ကြ​၏။ ဖခင်​သည်​လည်း သင်ပုန်း​ကို​တောင်း​၍ “သူ​၏​အမည်​မှာ ယောဟန်​ဖြစ်​သည်”​ဟု ရေး​လိုက်​သော် ထို​သူ​အပေါင်း​တို့​သည်​အံ့ဩ​ကြ​၏။ ထို​ခဏချင်း​တွင် ဇာခရိ​၏​နှုတ်​သည်​ပွင့်​၍ သူ​၏​လျှာ​သည်​လည်း​ပြေလျော့​သဖြင့် သူ​သည်​စကား​ပြော​လျက် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​လေ​၏။ သူ​တို့​ပတ်ဝန်းကျင်​၌​နေထိုင်​သူ​ရှိသမျှ​တို့​သည် ကြောက်ရွံ့​ကြ​၍ ဤ​အကြောင်းအရာ​အလုံးစုံ​တို့​သည် ယုဒ​နယ်​တောင်​ပေါ်​ဒေသ​တစ်လျှောက်​တွင် ကျော်စော​လေ​၏။ ကြား​ရ​သော​သူ​အပေါင်း​တို့​သည်​လည်း ထို​အကြောင်းအရာ​တို့​ကို နှလုံး​သွင်း​၍ “ဤ​သူငယ်​သည် မည်သို့သော​သူ​ဖြစ်​လိမ့်မည်​နည်း”​ဟု ဆို​ကြ​၏။ အကြောင်းမူကား ထာဝရ​ဘုရား​၏​လက်​တော်​သည် သူငယ်​နှင့်အတူ​ရှိ​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။