YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာကျမ်း 6

6
1တစ်ဖန် ထာဝရဘုရား​က မောရှေ​အား 2“​တစ်စုံတစ်ယောက်​သည် အပ်နှံပစ္စည်း​၊ အာမခံပစ္စည်း​၊ လုယက်ယူ​သော​ပစ္စည်း​တို့​နှင့်​ပတ်သက်၍ မိမိ​၏​အိမ်နီးချင်း​ကို​လှည့်စား​ခြင်း​ဖြင့်​လည်းကောင်း​၊ မိမိ​အိမ်နီးချင်း​ကို အနိုင်အထက်ပြု​ခြင်း​ဖြင့်​လည်းကောင်း အပြစ်ပြု​၍ ထာဝရဘုရား​ရှေ့​တော်​၌ မှားယွင်းမှု​ကို​ပြု​လျှင်​၊ 3ပျောက်​သော​ပစ္စည်း​ကို တွေ့​ထား​သော်လည်း ၎င်း​နှင့်​ပတ်သက်၍ လိမ်ညာ​ခြင်း​ဖြင့်​လည်းကောင်း​၊ လူ​ပြု​သော​အမှု​တစ်စုံတစ်ခု​နှင့်​ပတ်သက်၍ မဟုတ်မမှန်​ကျိန်ဆို​ခြင်း​ဖြင့်​လည်းကောင်း ထိုသို့သော​အမှု​တို့​ဖြင့်​အပြစ်ပြု​လျှင် 4သူ​သည် အပြစ်ပြု​၍ အပြစ်​သက်ရောက်​သောကြောင့် လုယူ​ထား​သော​ပစ္စည်း​ကို​ဖြစ်စေ​၊ အနိုင်အထက်ပြု​ခြင်း​ဖြင့်​ရယူ​ထား​သော​ပစ္စည်း​ကို​ဖြစ်စေ​၊ ယုံကြည်​၍​အပ်နှံ​ထား​သော​ပစ္စည်း​ကို​ဖြစ်စေ​၊ တွေ့​ထား​သည့်​ပစ္စည်း​ကို​ဖြစ်စေ ပြန်ပေး​ရ​မည်​။ 5မဟုတ်မမှန်​ကျိန်ဆို​ထား​သော​အရာ​အားလုံး​နှင့်​ပတ်သက်၍ တန်ရာတန်ကြေး​အလျော်ပေး​ရ​မည့်​အပြင် အလျော်ပေး​ရ​သည့်​တန်ဖိုး​၏​ငါးပုံတစ်ပုံ​ကို​လည်း ထပ်ပေါင်း​၍ အပြစ်ဒဏ်ဖြေရာယဇ်​ပူဇော်​သော​နေ့​၌ပင် သက်ဆိုင်သူ​ကို အလျော်ပေး​ရ​မည်​။ 6သူ​သည် မိမိ​၏​အပြစ်ဒဏ်ဖြေရာယဇ်​အတွက် သင်​တန်ဖိုး​ဖြတ်​ထား​သည့်​အတိုင်း သိုးအုပ်​ထဲမှ​အပြစ်အနာအဆာကင်း​သော​သိုးထီး​တစ်​ကောင်​ကို အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ထာဝရဘုရား​ရှေ့​တော် ယဇ်ပုရောဟိတ်​ထံ ယူဆောင်​လာ​ရ​မည်​။ 7ယဇ်ပုရောဟိတ်​သည် ထာဝရဘုရား​ရှေ့​တော်​၌ သူ့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ့​အပေါ် အပြစ်​သက်ရောက်​စေ​သော သူ​ကျူးလွန်​ခဲ့​သည့်​အပြစ်​အတွက် အပြစ်လွှတ်​ခြင်း​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။
မီးရှို့ရာယဇ်
8တစ်ဖန် ထာဝရဘုရား​က မောရှေ​အား
9“​အာရုန်​နှင့်​သူ​၏​သား​တို့​အား ဆင့်ဆို​လော့​။ မီးရှို့ရာယဇ်​နှင့်ဆိုင်သော​တရား​ကား ဤသို့​ဖြစ်​၏​။ မီးရှို့ရာယဇ်ကောင်​ကို ယဇ်ပလ္လင်​ပေါ်​ရှိ မီးတောက်​ပေါ်တွင် နံနက်​တိုင်အောင် တစ်ညလုံး​ရှိ​စေ​၍ ယဇ်ပလ္လင်​၏​မီး​သည် တောက်လောင်​လျက်​နေ​ရ​မည်​။ 10ယဇ်ပုရောဟိတ်​သည် ကိုယ်​ပေါ်၌ ပိတ်ချော​အင်္ကျီ​နှင့် ပိတ်ချော​ဘောင်းဘီ​ကို​ဝတ်​၍ ယဇ်ပလ္လင်​ပေါ်​ရှိ မီး​လောင်ကျွမ်း​ထား​သည့်​မီးရှို့ရာယဇ်​၏​ပြာပုံ​ကို ထုတ်ယူ​ပြီး ယဇ်ပလ္လင်​၏​ဘေး​၌ ပုံထား​ရ​မည်​။ 11ထို့နောက် သူ​သည် မိမိ​ဝတ်​ထား​သော​အဝတ်​ကို​ချွတ်​၍ အခြား​အဝတ်​ကို​ဝတ်​ပြီးလျှင် ပြာပုံ​ကို တပ်စခန်း​အပြင်ဘက်​၊ သန့်ရှင်း​သော​နေရာ​သို့ ယူဆောင်​သွား​ရ​မည်​။ 12ယဇ်ပလ္လင်​ပေါ်မှ​မီး​ကို မ​ငြိမ်း​စေ​ဘဲ တောက်လောင်​လျက်​နေ​စေ​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် နံနက်တိုင်း ယဇ်ပလ္လင်​ပေါ်၌ ထင်း​မီးထိုး​၍ မီးရှို့ရာယဇ်​ကို​ခင်းကျင်း​ပြီး ၎င်း​ပေါ်တွင် မိတ်သဟာယယဇ်​နှင့်ဆိုင်သော​အဆီ​ကို ရှို့​ရ​မည်​။ 13ယဇ်ပလ္လင်​ပေါ်မှ​မီး​ကို မ​ငြိမ်း​စေ​ဘဲ အစဉ်မပြတ် တောက်လောင်​လျက်​နေ​စေ​ရ​မည်​။
ဘောဇဉ်ပူဇော်သက္ကာ
14ဘောဇဉ်ပူဇော်သက္ကာ​နှင့်ဆိုင်သော​တရား​ကား ဤသို့​ဖြစ်​၏​။ အာရုန်​၏​သား​တို့​သည် ဘောဇဉ်ပူဇော်သက္ကာ​ကို ထာဝရဘုရား​ရှေ့​တော်​၊ ယဇ်ပလ္လင်​ရှေ့​၌ ပူဇော်​ရ​မည်​။ 15ပူဇော်သက္ကာ​အမှတ်သညာ​အဖြစ် ဘောဇဉ်ပူဇော်သက္ကာ​ပေါ်​ရှိ လော်ဗန်​ရှိသမျှ​နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာ​မှ အကောင်းဆုံး​ဂျုံမှုန့်​နှင့်​ဆီ​ကို လက်တစ်ဆုပ်စာ​ယူ​ရ​မည်​။ ၎င်း​ကို ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​အဖြစ် ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ 16ကျန်ရှိ​သော​ဘောဇဉ်ပူဇော်သက္ကာ​ကို အာရုန်​နှင့်​သူ​၏​သား​တို့ စား​ရ​မည်​။ ၎င်း​ကို တဆေးမဲ့မုန့်​ဖုတ်​၍ သန့်ရှင်း​သော​နေရာ​၌ စား​ရ​မည်​။ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၏​ဝင်း​ထဲ၌​ပင် စား​ရ​မည်​။ 17တဆေး​ထည့်​၍ မ​ဖုတ်​ရ​။ ငါ့​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​ထဲမှ ၎င်း​ကို သူ​တို့​၏​ဝေစု​အဖြစ် ငါ​ပေး​၏​။ ၎င်း​သည် အပြစ်ဖြေရာယဇ်​နှင့် အပြစ်ဒဏ်ဖြေရာယဇ်​ကဲ့သို့ပင် အလွန်​သန့်ရှင်း​၏​။ 18၎င်း​ကို အာရုန်​၏​သားမြေး​တို့​တွင် ယောက်ျား​တိုင်း စား​ခွင့်​ရှိ​၏​။ ဤသည်ကား ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​နှင့်​ပတ်သက်၍ သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​။ ၎င်း​တို့​ကို​ထိမိ​သော​အရာ​ဟူသမျှ သန့်ရှင်း​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
19တစ်ဖန် ထာဝရဘုရား​က မောရှေ​အား
20“​အာရုန်​နှင့်​သူ​၏​သား​တို့​သည် ဘိသိက်ခံ​သော​နေ့​၌ ထာဝရဘုရား​အား​ပူဇော်​ရ​မည့် ပူဇော်သက္ကာ​မှာ ဤသို့​ဖြစ်​၏​။ အကောင်းဆုံး​ဂျုံမှုန့် တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ#6:20 “2.2 လီတာ”။​ကို နေ့စဉ်​ပူဇော်​ရ​သော​ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် နံနက်အချိန်​၌​တစ်ဝက်​၊ နေဝင်ချိန်​၌​တစ်ဝက် ပူဇော်​ရ​မည်​။ 21၎င်း​ကို ဒယ်ပြား​တွင် ဆီ​ဖြင့်​နယ်​ပြီး ယူလာ​ရ​မည်​။ ၎င်း​ကို တစ်စစီ​ဖဲ့​၍ ထို​ဘောဇဉ်ပူဇော်သက္ကာ​အစအန​များ​ကို မွှေးကြိုင်​သော​ရနံ့​အဖြစ် ထာဝရဘုရား​အား​ပူဇော်​ရ​မည်​။ 22အာရုန်​၏​သားမြေး​များ​ထဲမှ သူ​၏​အရိုက်အရာ​ကို​ဆက်ခံ​သော ဘိသိက်ခံ​ယဇ်ပုရောဟိတ်​သည် ထို​ပူဇော်သက္ကာ​ကို​ပူဇော်​ရ​မည်​။ ဤသည်ကား အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်ပြီး ထာဝရဘုရား​အား​ပူဇော်​သော ထို​ပူဇော်သက္ကာ​ကို အကုန်အစင်​လောင်ကျွမ်း​အောင် ရှို့​ရ​မည်​။ 23ယဇ်ပုရောဟိတ်​ပူဇော်​သမျှ​သော ဘောဇဉ်ပူဇော်သက္ကာ​သည် အကုန်အစင်​လောင်ကျွမ်း​ရ​မည်​။ ၎င်း​ကို​မ​စား​ရ​”​ဟု မိန့်​တော်မူ​၏​။
အပြစ်ဖြေရာယဇ်
24တစ်ဖန် ထာဝရဘုရား​က မောရှေ​အား
25“​အာရုန်​နှင့်​သူ​၏​သား​တို့​အား ဆင့်ဆို​လော့​။ အပြစ်ဖြေရာယဇ်​နှင့်ဆိုင်သော​တရား​ကား ဤသို့​ဖြစ်​၏​။ အပြစ်ဖြေရာယဇ်ကောင်​ကို မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၊ ထာဝရဘုရား​ရှေ့​တော်​၌ သတ်​ရ​မည်​။ ဤ​ယဇ်​သည် အလွန်​သန့်ရှင်းသောယဇ်​ဖြစ်​၏​။ 26အပြစ်ဖြေရာယဇ်​ကို​ပူဇော်​သော​ယဇ်ပုရောဟိတ်​သည် ထို​ယဇ်​ကို စား​ရ​မည်​။ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ဝင်း​အတွင်း သန့်ရှင်း​သော​နေရာ​၌ စား​ရ​မည်​။ 27ထို​ယဇ်​၏​အသား​ကို​ထိမိ​သော​အရာ​ဟူသမျှ သန့်ရှင်း​လိမ့်မည်​။ ယဇ်ကောင်​၏​သွေး​သည် အဝတ်​ကို​စဉ်​လျှင် သွေး​စဉ်​ထား​သော​အဝတ်​ကို သန့်ရှင်း​သော​နေရာ​၌ လျှော်​ရ​မည်​။ 28ထို​အသား​ပြုတ်​သော​မြေ​အိုး​ကို ခွဲပစ်​ရ​မည်​။ ကြေးနီ​အိုး​ဖြင့်​ပြုတ်​လျှင် အိုး​ကို​တိုက်ချွတ်​၍ ရေ​ဖြင့်​ဆေး​ရ​မည်​။ 29ယဇ်ပုရောဟိတ်​ဖြစ်​သော​ယောက်ျား​တိုင်း ထို​အသား​ကို​စား​ခွင့်​ရှိ​၏​။ ဤ​အပြစ်ဖြေရာယဇ်​သည် အထူး​သန့်ရှင်း​သော​ယဇ်​ဖြစ်​၏​။ 30မည်သည့်​အပြစ်ဖြေရာယဇ်ကောင်​မဆို ၎င်း​၏​သွေး​ကို သန့်ရှင်းရာဌာန​၌ အပြစ်ဖြေလွှတ်​ခြင်း​ပြု​ရန် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တွင်း​သို့ ယူဆောင်​လာ​လျှင် ထို​ယဇ်ကောင်​၏​အသား​ကို မ​စား​ရ​။ မီး​ရှို့​ပစ်​ရ​မည်​။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာကျမ်း 6: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ