YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာကျမ်း 4

4
အပြစ်ဖြေရာယဇ်
1တစ်ဖန် ထာဝရဘုရား​က မောရှေ​အား 2“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ ‘​မ​လုပ်​ရ​’​ဟု ထာဝရဘုရား​ပညတ်​ထား​တော်မူ​သော​ပညတ်တော်​ထဲမှ ပညတ်ချက်​တစ်ခုခု​ကို တစ်စုံတစ်ယောက်​သည် မရည်ရွယ်​ဘဲ​လုပ်​၍ အပြစ်ပြု​မိ​လျှင်​လည်းကောင်း​၊ 3ဘိသိက်ခံ​ယဇ်ပုရောဟိတ်​သည် အပြစ်ပြု​သဖြင့် လူ​တို့​အပေါ် အပြစ်​သက်ရောက်​စေ​လျှင်​လည်းကောင်း သူ​ကျူးလွန်​သော​အပြစ်​အတွက် အပြစ်ဖြေရာယဇ်​အဖြစ် အပြစ်အနာအဆာကင်း​သည့် နွားထီးပျို​တစ်​ကောင်​ကို ထာဝရဘုရား​အား ပူဇော်​ရ​မည်​။ 4သူ​သည် နွားထီး​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ထာဝရဘုရား​ရှေ့​တော်​သို့ ဆွဲခေါ်​လာ​၍ မိမိ​လက်​ကို နွားထီး​၏​ခေါင်း​ပေါ်၌ တင်​ရ​မည်​။ နွားထီး​ကို ထာဝရဘုရား​ရှေ့​တော်​၌ သတ်​ရ​မည်​။ 5ဘိသိက်ခံ​ယဇ်ပုရောဟိတ်​သည် နွားထီး​၏​သွေး​အချို့​ကို​ယူ​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့ ယူဆောင်​လာ​ရ​မည်​။ 6ယဇ်ပုရောဟိတ်​သည် မိမိ​၏​လက်ချောင်း​ကို သွေး​ထဲသို့​နှစ်​ရ​မည်​။ သွေး​အချို့​ကို ထာဝရဘုရား​ရှေ့​တော်​၊ သန့်ရှင်းရာဌာန​၏​ကန့်လန့်ကာ​ရှေ့​၌ ခုနစ်​ကြိမ်​ဖျန်း​ရ​မည်​။ 7သွေး​အချို့​ကို ထာဝရဘုရား​ရှေ့​တော်​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲ၌​ရှိ​သည့် အမွှေးနံ့သာပေါင်း​ယဇ်ပလ္လင်​၏​ချို​များ​၌ သုတ်လိမ်း​ရ​မည်​။ နွားထီး​၏​ကျန်​သွေး​အားလုံး​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌​ရှိ​သော မီးရှို့​ရာ​ယဇ်ပလ္လင်​၏​အောက်ခြေ​၌ သွန်း​ရ​မည်​။ 8အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​မှ အူ​ကို​ဖုံး​နေ​သည့်​အဆီ​၊ အူ​၌​ရှိ​သည့်​အဆီ​အားလုံး​၊ 9ခါး​အောက်ပိုင်း​ရှိ​ကျောက်ကပ်​နှစ်​ခု​နှင့် ၎င်း​တို့​ပေါ်​ရှိ​အဆီ​၊ ကျောက်ကပ်​နှင့်အတူ​ခွာယူ​သည့် အသည်း​ပေါ်မှ​အဆီပျဉ်​စသော နွားထီး​၏​အဆီ​အားလုံး​ကို 10မိတ်သဟာယယဇ်​ဖြစ်​သော​နွား​မှ​ထုတ်ယူ​သည့်​အတိုင်း ထုတ်ယူ​ရ​မည်​။ ထို​အဆီ​တို့​ကို ယဇ်ပုရောဟိတ်​သည် မီးရှို့​ရာ​ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ 11သို့သော် နွားထီး​၏​အရေခွံ​၊ အသား​အားလုံး​နှင့်တကွ ဦးခေါင်း​နှင့် ခြေထောက်​၊ အူ​နှင့် မစင်​မှစ၍ 12နွားထီး​ကိုယ်ထည်​တစ်ကိုယ်လုံး​ကို ပြာ​ပုံထားရာ​တပ်စခန်း​အပြင်ဘက်​၊ သန့်ရှင်း​သော​နေရာ​သို့​ယူသွား​၍ ထင်း​မီး​ပေါ်၌ ရှို့​ရ​မည်​။ ပြာ​ပုံထားရာ နေရာ​တွင် ရှို့​ရ​မည်​။
13အစ္စရေး​လူထု​အပေါင်း​တို့​သည် ‘​မ​လုပ်​ရ​’​ဟု ထာဝရဘုရား​ပညတ်​ထား​တော်မူ​သော ပညတ်ချက်​တစ်ခုခု​ကို မရည်ရွယ်​ဘဲ​လုပ်​မိ​ပြီး လူအစုအဝေး​တို့​သည် ထို​အမှု​ကို အပြစ်​ဖြစ်​မှန်း​မသိမမြင်​သော်လည်း သူ​တို့​အပေါ်​အပြစ်​သက်ရောက်​၍ 14သူ​တို့​ကျူးလွန်​သော​အပြစ်​ထင်ရှား​လျှင် ထို​လူအစုအဝေး​သည် နွားအုပ်​ထဲမှ နွားထီးပျို​တစ်​ကောင်​ကို အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။ ထို​နွားထီး​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှေ့​သို့ ဆွဲခေါ်​လာ​ရ​မည်​။ 15လူထု​ထဲမှ​သက်ကြီးဝါကြီး​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ မိမိ​တို့​လက်​ကို နွားထီး​၏​ခေါင်း​ပေါ်တွင် တင်​ရ​မည်​။ နွားထီး​ကို ထာဝရဘုရား​ရှေ့​တော်​၌ သတ်​ရ​မည်​။ 16ဘိသိက်ခံ​ယဇ်ပုရောဟိတ်​သည် နွားထီး​၏​သွေး​အချို့​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့ ယူသွား​ရ​မည်​။ 17ယဇ်ပုရောဟိတ်​သည် မိမိ​လက်ချောင်း​ကို သွေး​ထဲသို့​နှစ်​၍ ထာဝရဘုရား​ရှေ့​တော်​၊ ကန့်လန့်ကာ​ရှေ့​၌ ခုနစ်​ကြိမ်​ဖျန်း​ရ​မည်​။ 18ထာဝရဘုရား​ရှေ့​တော်​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲ၌​ရှိ​သည့် ယဇ်ပလ္လင်​ချို​များ​ကို​လည်း ထို​သွေး​ဖြင့်​သုတ်လိမ်း​ရ​မည်​။ ကျန်​သွေး​အားလုံး​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌​ရှိ​သော မီးရှို့​ရာ​ယဇ်ပလ္လင်​၏​အောက်ခြေ​၌ သွန်း​ရ​မည်​။ 19နွားထီး​၏​အဆီ​ရှိသမျှ​ကို ထုတ်ယူ​၍ ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ 20အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​ကို ပူဇော်​သည့်​အတိုင်း ဤ​နွားထီး​ကို ပူဇော်​ရ​မည်​။ ထိုသို့​ပူဇော်​ခြင်း​အားဖြင့် ယဇ်ပုရောဟိတ်​သည် သူ​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​တို့​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။ 21ထို​နွားထီး​ကို တပ်စခန်း​၏​အပြင်ဘက်​သို့ ယူသွား​၍ ပထမ​နွားထီး​ကို​ရှို့​သည့်​အတိုင်း ရှို့​ရ​မည်​။ ဤသည်ကား လူအစုအဝေး​အတွက်​အပြစ်ဖြေရာယဇ်​ဖြစ်​၏​။
22ခေါင်းဆောင်​ဖြစ်​သူ​သည် ‘​မ​လုပ်​ရ​’​ဟု မိမိ​၏​ဘုရားသခင် ထာဝရဘုရား​ပညတ်​ထား​တော်မူ​သော ပညတ်ချက်​တစ်ခုခု​ကို မရည်ရွယ်​ဘဲ​လုပ်​၍ အပြစ်ပြု​မိ​သဖြင့် သူ့​အပေါ် အပြစ်​သက်ရောက်​၍ 23သူ​ကျူးလွန်​မိ​သော​အပြစ်​ကို တစ်စုံတစ်ယောက်​က သူ့​အား ဖော်ပြ​လျှင် အပြစ်အနာအဆာကင်း​သော ဆိတ်သငယ်​အထီး​တစ်​ကောင်​ကို ပူဇော်သက္ကာ​အဖြစ် ယူဆောင်​လာ​ရ​မည်​။ 24သူ​သည် မိမိ​လက်​ကို ဆိတ်သငယ်​၏​ခေါင်း​ပေါ်၌ တင်​ရ​မည်​။ မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၊ ထာဝရဘုရား​ရှေ့​တော်​၌ ၎င်း​ကို​သတ်​ရ​မည်​။ ဤသည်ကား အပြစ်ဖြေရာယဇ်​ဖြစ်​၏​။ 25ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေရာယဇ်ကောင်​၏​သွေး​အချို့​ကို မိမိ​လက်ချောင်း​ဖြင့်​ယူ​၍ မီးရှို့​ရာ​ယဇ်ပလ္လင်​၏​ချို​များ​ကို သုတ်လိမ်း​ပြီးလျှင် ကျန်​သော​သွေး​ကို မီးရှို့​ရာ​ယဇ်ပလ္လင်​၏​အောက်ခြေ​၌ သွန်း​ရ​မည်​။ 26အဆီ​ရှိသမျှ​ကို​လည်း မိတ်သဟာယယဇ်ကောင်​၏​အဆီ​ကို​ရှို့​သကဲ့သို့ ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ထိုသို့ ယဇ်ပုရောဟိတ်​သည် ခေါင်းဆောင်​၏​အပြစ်​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။
27သာမန်လူ​ထဲမှ​တစ်စုံတစ်ယောက်​သည် ‘မ​လုပ်​ရ’​ဟု ထာဝရဘုရား​ပညတ်​ထား​တော်မူ​သော ပညတ်ချက်​တစ်ခုခု​ကို မရည်ရွယ်​ဘဲ​လုပ်​၍ အပြစ်ပြု​မိ​သဖြင့် သူ့​အပေါ် အပြစ်​သက်ရောက်​၍ 28သူ​ကျူးလွန်​မိ​သော​အပြစ်​ကို တစ်စုံတစ်ယောက်​က သူ့​အား ဖော်ပြ​လျှင် သူ​ကျူးလွန်​မိ​သော​အပြစ်​အတွက် အပြစ်အနာအဆာကင်း​သည့် ဆိတ်သငယ်​အမ​တစ်​ကောင်​ကို ပူဇော်သက္ကာ​အဖြစ် ယူဆောင်​လာ​ရ​မည်​။ 29သူ​သည် မိမိ​လက်​ကို အပြစ်ဖြေရာယဇ်ကောင်​၏​ခေါင်း​ပေါ်၌ တင်​ရ​မည်​။ မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၌ အပြစ်ဖြေရာယဇ်ကောင်​ကို သတ်​ရ​မည်​။ 30ယဇ်ပုရောဟိတ်​သည် ဆိတ်သငယ်​အမ​၏​သွေး​အချို့​ကို မိမိ​လက်ချောင်း​ဖြင့်​ယူ​၍ မီးရှို့​ရာ​ယဇ်ပလ္လင်​၏​ချို​များ​ကို သုတ်လိမ်း​ရ​မည်​။ ကျန်​သွေး​အားလုံး​ကို ယဇ်ပလ္လင်​၏​အောက်ခြေ​၌ သွန်း​ရ​မည်​။ 31အဆီ​ရှိသမျှ​ကို​လည်း မိတ်သဟာယယဇ်ကောင်​မှ​အဆီ​ကို​ခွာယူ​သကဲ့သို့ ခွာယူ​ရ​မည်​။ ထို​အဆီ​တို့​ကို ယဇ်ပုရောဟိတ်​သည် ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​အဖြစ် ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ထိုသို့ ယဇ်ပုရောဟိတ်​သည် သူ့​အတွက်​အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။
32သူ​သည် အပြစ်ဖြေရာယဇ်​အတွက် သိုးသငယ်​ကို ပူဇော်သက္ကာ​အဖြစ် ယူဆောင်​လာ​လျှင် အပြစ်အနာအဆာကင်း​သော​အမ​ကို​ယူဆောင်​လာ​ရ​မည်​။ 33သူ​သည် မိမိ​လက်​ကို အပြစ်ဖြေရာယဇ်ကောင်​၏​ခေါင်း​ပေါ်၌ တင်​ရ​မည်​။ ၎င်း​ကို မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၌ အပြစ်ဖြေရာယဇ်​အဖြစ် သတ်​ရ​မည်​။ 34ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေရာယဇ်ကောင်​၏​သွေး​အချို့​ကို မိမိ​လက်ချောင်း​ဖြင့်​ယူ​၍ မီးရှို့​ရာ​ယဇ်ပလ္လင်​၏​ချို​များ​ကို သုတ်လိမ်း​ရ​မည်​။ ကျန်​သွေး​အားလုံး​ကို ယဇ်ပလ္လင်​၏​အောက်ခြေ​၌ သွန်း​ရ​မည်​။ 35အဆီ​ရှိသမျှ​ကို​လည်း မိတ်သဟာယယဇ်​ဖြစ်​သော​သိုး​မှ အဆီ​ကို​ခွာယူ​သကဲ့သို့ ခွာယူ​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် ထို​အဆီ​တို့​ကို ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်ကောင်​ပေါ်​တင်​၍ ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ထိုသို့ ထို​သူ​ကျူးလွန်​သော​အပြစ်​အတွက် ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာကျမ်း 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ