သင်တို့အဖို့ ရုပ်တုများကို မပြုလုပ်ရ။ ဆင်းတုကို မထွင်းထုရ။ ကျောက်တိုင်ကို မစိုက်ထူရ။ သင်တို့၏ပြည်၌ ကျောက်ဆစ်ရုပ်တုကိုသင်တို့ရှိခိုးကိုးကွယ်ဖို့ မထားရ။ အကြောင်းမူကား ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါ၏ဥပုသ်နေ့ကို စောင့်ထိန်း၍ ငါ၏သန့်ရှင်းရာဌာနကို ရိုသေရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ သင်တို့သည် ငါ၏ပြဋ္ဌာန်းချက်တို့ကို လိုက်လျှောက်၍ ငါ၏ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းလျှင် ငါသည် သင်တို့အဖို့ မိုးကို သူ့ရာသီနှင့်သူရွာစေသဖြင့် မြေသည် အသီးအနှံဖြစ်ထွန်းလိမ့်မည်။ လယ်ယာရှိအပင်တို့သည် ကောက်ပဲသီးနှံဖြစ်ထွန်းလိမ့်မည်။ သင်တို့သည် စပျစ်သီးဆွတ်ခူးချိန်အထိ တလင်းနယ်ရလိမ့်မည်။ စိုက်ပျိုးချိန်အထိ စပျစ်သီးဆွတ်ခူးရလိမ့်မည်။ အစားအစာကို ဝစွာစားရ၍ သင်တို့၏ပြည်၌ ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ ငါသည် ထိုပြည်၌ ငြိမ်းချမ်းမှုရှိစေသဖြင့် သင်တို့အိပ်သောအခါ မည်သူမျှ သင်တို့ကို ကြောက်ရွံ့တုန်လှုပ်အောင် လုပ်လိမ့်မည်မဟုတ်။ ငါသည် ဘေးအန္တရာယ်ပေးတတ်သော တောရိုင်းတိရစ္ဆာန်တို့ကို ထိုပြည်ထဲမှ ဖယ်ရှားမည်။ သင်တို့ပြည်သည် ဓားဘေးနှင့် ကြုံတွေ့ရလိမ့်မည်မဟုတ်။ သင်တို့သည် ရန်သူတို့ကိုလိုက်၍ သူတို့သည် သင်တို့ရှေ့မှောက်၌ ဓားလက်နက်ဖြင့် ကျဆုံးကြရလိမ့်မည်။ သင်တို့ထဲမှ ငါးယောက်သည် အယောက်တစ်ရာကိုလိုက်လိမ့်မည်။ အယောက်တစ်ရာသည် အယောက်တစ်သောင်းကိုလိုက်လိမ့်မည်။ သင်တို့၏ရန်သူတို့သည် သင်တို့၏ရှေ့မှောက်၌ ဓားလက်နက်ဖြင့် ကျဆုံးကြရလိမ့်မည်။ ငါသည် သင်တို့ကို ကြည့်ရှုမည်။ သင်တို့ကို တိုးပွားများပြားစေမည်။ သင်တို့နှင့်ဖွဲ့ခဲ့သောငါ၏ပဋိညာဉ်ကို ငါတည်စေမည်။ သင်တို့သည် ကြာရှည်စွာသိုထားသောသီးနှံအဟောင်းကို စားရလိမ့်မည်။ သီးနှံအသစ်ပေါ်သောအခါ အဟောင်းကိုထုတ်ပစ်ရလိမ့်မည်။ ငါကိန်းဝပ်တော်မူရာတဲတော်ကို သင်တို့အလယ်၌ ငါထားမည်။ ငါသည် သင်တို့ကိုရွံရှာမည်မဟုတ်။ ငါသည် သင်တို့အလယ်၌ သွားလာ၍ သင်တို့၏ဘုရားဖြစ်မည်။ သင်တို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည် အီဂျစ်ပြည်၌ကျွန်ခံခဲ့သောသင်တို့ကို ထိုပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါသည် သင်တို့၏ထမ်းပိုးကို ချိုးဖျက်၍ သင်တို့ကို မတ်မတ်လျှောက်စေမည်။
ဝတ်ပြုရာကျမ်း 26 ကိုဖတ်ပါ။
နားထောင်ပါ။ ဝတ်ပြုရာကျမ်း 26
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဝတ်ပြုရာကျမ်း 26:1-13
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ