YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာကျမ်း 20

20
မောလုတ်ဘုရားကိုကိုးကွယ်ခြင်း၊ နတ်ဝင်သည်၊ နတ်ထိန်းတို့ကိုဆည်းကပ်ခြင်း
1တစ်ဖန် ထာဝရဘုရား​က မောရှေ​အား 2“​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘​အစ္စရေး​အမျိုးသား​ထဲမှ​ဖြစ်စေ​၊ အစ္စရေး​လူမျိုး​ထံ၌​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ထဲမှ​ဖြစ်စေ တစ်စုံတစ်ယောက်​သည် မိမိ​သားမြေး​ကို မောလုတ်​ဘုရား​အား​ပေးလှူ​လျှင် သူ​သည် မုချ​အသတ်​ခံရ​မည်​။ ပြည်သူပြည်သား​တို့​သည် သူ့​ကို ခဲ​နှင့်​ပေါက်သတ်​ရ​မည်​။ 3ထို​သူ​သည် မိမိ​သားမြေး​ကို မောလုတ်​ဘုရား​အား​ပေးလှူ​ခြင်း​ဖြင့် ငါ​၏​သန့်ရှင်းရာဌာန​ကို ညစ်ညူး​စေ​၍ ငါ​၏​သန့်ရှင်း​သော​နာမ​တော်​ကို​ရှုတ်ချ​သောကြောင့် ငါ​သည် သူ့​ကို မျက်နှာလွှဲ​၍ သူ​၏​လူမျိုး​မှ ငါ​ပယ်ဖျက်​မည်​။ 4မိမိ​သားမြေး​ကို မောလုတ်​ဘုရား​အား ပေးလှူ​သော​သူ​ကို ပြည်သူပြည်သား​တို့​သည် မျက်ကွယ်ပြု​၍ သူ့​ကို မ​သတ်​ဘဲ​နေ​လျှင် 5ငါ​သည် ထို​သူ​နှင့် သူ​၏​မျိုးနွယ်စု​ကို မျက်နှာ​လွှဲ​ပြီး ထို​သူ​နှင့်တကွ သူ​၏​နောက်သို့​လိုက်​၍ ဖောက်ပြန်မှားယွင်း​သော​သူ​များ​ဖြစ်​သည့် မောလုတ်​ဘုရား​နောက်သို့​လိုက်​၍ ဖောက်ပြန်မှားယွင်း​သော​သူ​အပေါင်း​တို့​ကို သူ​တို့​၏​လူမျိုး​မှ ငါ​ပယ်ဖျက်​မည်​။
6တစ်စုံတစ်ယောက်​သည် နတ်ဝင်သည်​များ​နှင့်​နတ်ထိန်း​များ​ထံသို့​လှည့်​၍ သူ​တို့​နောက်သို့​လိုက်​ပြီး ဖောက်ပြန်မှားယွင်း​လျှင် ငါ​သည် သူ့​ကို မျက်နှာ​လွှဲ​၍ သူ​၏​လူမျိုး​မှ ငါ​ပယ်ဖျက်​မည်​။ 7ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​သောကြောင့် သင်​တို့​သည် ကိုယ့်ကိုယ်ကိုယ်​သန့်ရှင်း​စေ​၍ သန့်ရှင်း​သော​သူ​များ​ဖြစ်​ရ​မည်​။#ဝတ် 11:45၊ 19:2၊ ၁ပေ 1:16။ 8သင်​တို့​သည် ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​ရ​မည်​။ လိုက်နာ​ရ​မည်​။ ငါ​သည် သင်​တို့​ကို သန့်ရှင်း​စေ​သော​ထာဝရဘုရား​ဖြစ်​၏​။
ကာမစပ်ယှက်ခြင်းဆိုင်ရာအပြစ်များ
9တစ်စုံတစ်ယောက်​သည် ကိုယ့်​မိဘ​ကို ကျိန်ဆဲ​လျှင် သူ​သည် မုချ​အသတ်​ခံရ​မည်​။#မ 15:4၊ မာ 7:10။ သူ​သည် မိဘ​ကို ကျိန်ဆဲ​သောကြောင့် သူ​၏​သွေး​သည် သူ့​အပေါ်​၌ ကျရောက်​မည်​။ 10တစ်စုံတစ်ယောက်​သည် သူတစ်ပါး​၏​မယား​နှင့်​ဖြစ်စေ​၊ မိမိ​အိမ်နီးချင်း​၏​မယား​နှင့်​ဖြစ်စေ အိမ်ထောင်ရေးဖောက်ပြန်မှု​ကို​ကျူးလွန်​လျှင် အိမ်ထောင်ရေးဖောက်ပြန်မှု​ကို​ကျူးလွန်​သော​ထို​ယောက်ျား​နှင့် ထို​မိန်းမ​သည် မုချ​အသတ်​ခံရ​မည်​။ 11တစ်စုံတစ်ယောက်​သည် မိမိ​ဖခင်​၏​မယား​နှင့်​အိပ်​လျှင် သူ​သည် မိမိ​ဖခင်​ကို​ရှုတ်ချ#20:11 တိုက်ရိုက်ပြန်ဆိုလျှင် “မိမိဖခင်၏အရှက်ကိုဖော်ပြ”။​သည်​ဖြစ်၍ သူ​တို့​နှစ်ဦးစလုံး မုချ​အသတ်​ခံရ​မည်​။ သူ​တို့​၏​သွေး​သည် သူ​တို့​အပေါ်​၌ ကျရောက်​မည်​။ 12တစ်စုံတစ်ယောက်​သည် မိမိ​၏​ချွေးမ​နှင့်​အိပ်​လျှင် သူ​တို့​နှစ်ဦးစလုံး မုချ​အသတ်​ခံရ​မည်​။ သူ​တို့​သည် ညစ်ညမ်းသောအမှု​ကို ပြု​ခြင်း​ဖြစ်​၏​။ သူ​တို့​၏​သွေး​သည် သူ​တို့​အပေါ်​၌ ကျရောက်​မည်​။ 13တစ်စုံတစ်ယောက်​သည် မိန်းမ​နှင့် အိပ်​သကဲ့သို့ ယောက်ျားချင်း​နှင့်​အိပ်​လျှင် သူ​တို့​နှစ်ဦးစလုံး​သည် စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို​ပြု​ကြ​သောကြောင့် မုချ​အသတ်​ခံရ​မည်​။ သူ​တို့​၏​သွေး​သည် သူ​တို့​အပေါ်​၌ ကျရောက်​မည်​။ 14တစ်စုံတစ်ယောက်​သည် သမီး​ကို​ရော​အမေ​ကို​ပါ မယား​အဖြစ်​ယူ​လျှင် ထို​အမှု​သည် ညစ်ညမ်းသောအမှု​ဖြစ်​၏​။ သင်​တို့​ထဲ​၌ ညစ်ညမ်းသောအမှု​မ​ရှိ​စေရန် ထို​သူ​နှင့်တကွ မိန်းမ​နှစ်ဦးစလုံး​ကို မီး​ရှို့​ပစ်​ရ​မည်​။ 15တစ်စုံတစ်ယောက်​သည် တိရစ္ဆာန်​နှင့်​မေထုန်ပြု​လျှင် သူ​သည် မုချ​အသတ်​ခံရ​မည်​။ ထို​တိရစ္ဆာန်​ကို​လည်း သတ်​ရ​မည်​။ 16မိန်းမ​သည် တိရစ္ဆာန်​တစ်ကောင်ကောင်​ထံသို့​ချဉ်းကပ်​၍ မိတ်လိုက်​ခြင်း​ကို​ပြု​လျှင် ထို​မိန်းမ​နှင့်တကွ တိရစ္ဆာန်​ကို​ပါ သတ်​ရ​မည်​။ သူ​တို့​သည် မုချ​အသတ်​ခံရ​မည်​။ သူ​တို့​၏​သွေး​သည် သူ​တို့​အပေါ်​၌ ကျရောက်​မည်​။ 17တစ်စုံတစ်ယောက်​သည် မိမိ​ဖခင်​၏​သမီး​၊ သို့မဟုတ် မိမိ​မိခင်​၏​သမီး​ဖြစ်​သည့် မိမိ​အစ်မ​၊ သို့မဟုတ် နှမ​ကို​ယူ​၍ ဆက်ဆံ#20:17 တိုက်ရိုက်ပြန်ဆိုလျှင် “အရှက်ကိုဖော်ပြ”။​ခြင်း​ကို​ပြု​လျှင် ထို​အမှု​သည် ရှက်ဖွယ်​သော​အမှု​ဖြစ်​၏​။ သူ​တို့​သည် မိမိ​တို့​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ သူ​သည် မိမိ​အစ်မ​၊ သို့မဟုတ် နှမ​နှင့်​ဆက်ဆံ​ခြင်း​ကို​ပြု​သောကြောင့် ကိုယ့်​အပြစ် ကိုယ်​ခံရ​မည်​။ 18ယောက်ျား​သည် ဓမ္မတာလာ​နေ​သော​မိန်းမ​နှင့်​အိပ်​၍ ဆက်ဆံ​ခြင်း​ကို​ပြု​လျှင် ထို​သူ​သည် မိန်းမ​၏​သွေးသွန်​ခြင်း​ကို​ဖော်​၍ မိန်းမ​သည်​လည်း မိမိ​၏​သွေးသွန်​ခြင်း​ကို​ပေါ်​စေ​သောကြောင့် သူ​တို့​နှစ်ဦးစလုံး​သည် မိမိ​တို့​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ 19သင့်​မိခင်​၏​အစ်မ​၊ သို့မဟုတ် နှမ​နှင့်​ဖြစ်စေ​၊ သင့်​ဖခင်​၏​အစ်မ​၊ သို့မဟုတ် နှမ​နှင့်​ဖြစ်စေ ဆက်ဆံ​ခြင်း​ကို​မ​ပြု​ရ​။ မိမိ​နှင့်​ဆွေမျိုးနီးစပ်သူ​ကို ရှုတ်ချ​ခြင်း​ဖြစ်​သောကြောင့် သူ​တို့​သည် ကိုယ့်​အပြစ် ကိုယ်​ခံရ​မည်​။ 20တစ်စုံတစ်ယောက်​သည် ဘကြီး​၊ သို့မဟုတ် ဘထွေး​၏​မယား​နှင့်​အိပ်​ခြင်း​ဖြင့် ဘကြီး​၊ သို့မဟုတ် ဘထွေး​ကို​ရှုတ်ချ#20:20 တိုက်ရိုက်ပြန်ဆိုလျှင် “ဘထွေး၏အရှက်ကိုဖော်ပြ”။​လျှင် သူ​တို့​သည် ကိုယ့်​အပြစ် ကိုယ်​ခံရ​မည်​။ သူ​တို့​သည် သေ​သည်​အထိ သားသမီး​မ​ထွန်းကား​ဘဲ​နေ​ရ​လိမ့်မည်​။ 21တစ်စုံတစ်ယောက်​သည် မိမိ​အစ်ကို​၊ သို့မဟုတ် မိမိ​ညီ​၏​မယား​ကို​ယူ​လျှင် ထို​အမှု​သည် ညစ်ညူးသောအမှု​ဖြစ်​၏​။ သူ​သည် မိမိ​အစ်ကို​၊ သို့မဟုတ် ညီ​ကို​ရှုတ်ချ#20:21 တိုက်ရိုက်ပြန်ဆိုလျှင် “ညီ၏အရှက်ကိုဖော်ပြ”။​သောကြောင့် သူ​တို့​သည် သားသမီး​မ​ထွန်းကား​ဘဲ​နေ​လိမ့်မည်​။
နေပြည်အတွင်း သန့်ရှင်းစင်ကြယ်ခြင်း
22သင်​တို့​ကို ငါ​ပို့ဆောင်​၍ သင်​တို့​နေထိုင်​သည့်​ပြည်​သည် သင်​တို့​ကို မ​အန်ထုတ်​မည့်​အကြောင်း ငါ​၏​ပြဋ္ဌာန်းချက်​၊ ငါ​၏​စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​ရ​မည်​။ 23သင်​တို့​ရှေ့​မှ ငါ​နှင်ထုတ်​မည့်​လူမျိုး​တို့​၏​ပြဋ္ဌာန်းချက်​များ​ကို မ​လိုက်လျှောက်​ရ​။ အကြောင်းမူကား သူ​တို့​သည် ထိုသို့သော​အမှု​ရှိသမျှ​တို့​ကို ပြုကျင့်​ကြ​၍ ငါ​သည် သူ​တို့​ကို ရွံရှာမုန်းတီး​၏​။ 24ငါ​သည် သင်​တို့​အား “​သင်​တို့​သည် သူ​တို့​၏​မြေ​ကို​ပိုင်ဆိုင်​ရ​လိမ့်မည်​။ နို့​နှင့်​ပျားရည်​စီး​သော​ပြည်​တည်းဟူသော သူ​တို့​၏​ပြည်​ကို သင်​တို့​အား ငါ​အပိုင်​ပေး​မည်​”​ဟု မိန့်ဆို​ခဲ့​ပြီ​။ ငါ​သည် သင်​တို့​ကို အခြား​လူမျိုး​များ​နှင့် သီးခြားခွဲထား​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ 25သို့ဖြစ်၍ သင်​တို့​သည် စင်ကြယ်​သော​တိရစ္ဆာန်​နှင့် မစင်ကြယ်​သော​တိရစ္ဆာန်​၊ မစင်ကြယ်​သော​ငှက်​နှင့် စင်ကြယ်​သော​ငှက်​ကို ခွဲခြား​ထား​ရ​မည်​။ သင်​တို့​အဖို့ မစင်ကြယ်​သော​အကောင်​အဖြစ် ငါ​ခွဲခြား​ထား​သည့် တိရစ္ဆာန်​အားဖြင့်​ဖြစ်စေ​၊ ငှက်​အားဖြင့်​ဖြစ်စေ​၊ မြေ​ပေါ်မှာ​တွားသွား​သော အကောင်​တစ်ကောင်ကောင်​အားဖြင့်​ဖြစ်စေ သင်တို့ကိုယ်သင်တို့ မ​ညစ်ညူး​စေ​ရ​။ 26ငါ​ထာဝရဘုရား​သည် သန့်ရှင်း​သော​အရှင်​ဖြစ်​သောကြောင့် သင်​တို့​သည် ငါ့​အဖို့ သန့်ရှင်း​သော​သူ​များ​ဖြစ်​ရ​မည်​။ သင်​တို့​ကို ငါ​ပိုင်ဆိုင်​ရန် အခြား​လူမျိုး​များ​နှင့် သင်​တို့​ကို ငါ​ခွဲခြား​ထား​ပြီ​။
27ယောက်ျား​ထဲတွင်​ဖြစ်စေ​၊ မိန်းမ​ထဲတွင်​ဖြစ်စေ နတ်ဝင်သည်​၊ သို့မဟုတ် နတ်ထိန်း​ရှိ​လျှင် မုချ​အသတ်​ခံရ​မည်​။ ထိုသို့သော​သူ​တို့​ကို ခဲ​နှင့်​ပေါက်သတ်​ရ​မည်​။ သူ​တို့​၏​သွေး​သည် သူ​တို့​အပေါ်​၌ ကျရောက်​မည်’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာကျမ်း 20: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ