YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာကျမ်း 15

15
ကိုယ်ခန္ဓာမှထွက်သောအရိအရွဲ
1တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား 2“​အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ ယောက်ျား​တစ်ယောက်ယောက်​သည် မိမိ​၏​ကိုယ်ခန္ဓာ​မှ အရိအရွဲထွက်​သောအခါ ထို​သူ​သည် ရိနာ​ကြောင့် မစင်မကြယ်​ဖြစ်​၏​။ 3ထို​သူ​၏​ရိနာ​နှင့်ဆိုင်သော မစင်ကြယ်​ခြင်း​ကား ဤသို့​ဖြစ်​၏​။ သူ​၏​ကိုယ်ခန္ဓာ​မှ အရိအရွဲထွက်​သည်​ဖြစ်စေ​၊ အရိအရွဲ​မ​ထွက်​ဘဲ ပိတ်​နေ​သည်​ဖြစ်စေ သူ​သည် မစင်မကြယ်​ဖြစ်​၏​။ 4အရိအရွဲထွက်​သူ အိပ်​သည့်​အိပ်ရာ​တိုင်း မစင်မကြယ်​ဖြစ်​၏​။ သူ​ထိုင်​သည့်​နေရာတိုင်း မစင်မကြယ်​ဖြစ်​၏​။ 5ထို​သူ​၏​အိပ်ရာ​ကို ထိမိ​သော​သူ​တိုင်း မိမိ​၏​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ ထိမိ​သော​သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။ 6အရိအရွဲထွက်​သူ​ထိုင်​ခဲ့​သော​ဝတ္ထုပစ္စည်း​ပေါ်၌ ထိုင်​မိ​သော​သူ​သည် မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။ 7အရိအရွဲထွက်​သူ​၏​ကိုယ်ခန္ဓာ​ကို​ထိမိ​သော​သူ​သည် မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။ 8အရိအရွဲထွက်​သူ​သည် စင်ကြယ်​သော​သူ​ကို တံတွေးထွေး​မိ​လျှင် တံတွေးထွေး​ခံရ​သော​သူ​သည် မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။ 9အရိအရွဲထွက်​သူ​ထိုင်စီး​သည့် ကုန်းနှီး​တိုင်း မစင်မကြယ်​ဖြစ်​၏​။ 10ထို​သူ​ထိုင်​ခဲ့​သည့်​ဝတ္ထုပစ္စည်း​တစ်ခုခု​ကို ထိမိ​သော​သူ​တိုင်း နေဝင်ချိန်​ထိ မစင်မကြယ်​ဖြစ်​၏​။ ထို​ဝတ္ထုပစ္စည်း​များ​ကို သယ်ဆောင်​သွား​သော​သူ​သည် မိမိ​၏​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။ 11အရိအရွဲထွက်​သူ​သည် မိမိ​လက်​ကို​ရေ​မ​ဆေး​ဘဲ တစ်စုံတစ်ယောက်​ကို​ထိမိ​လျှင် အထိ​ခံရ​သူ​သည် မိမိ​၏​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။ 12အရိအရွဲထွက်​သူ ထိမိ​သော​မြေ​အိုး​ကို ခွဲပစ်​ရ​မည်​။ သူ​ထိမိ​သော သစ်သား​အသုံးအဆောင်​တိုင်း​ကို ရေ​ဆေး​ရ​မည်​။
13အရိအရွဲထွက်​သူ​သည် ရိနာ​မှ စင်ကြယ်​သောအခါ သူ​သည် မိမိ​၏​သန့်စင်​ခြင်း​အတွက် မိမိဘာသာမိမိ​နေ့ရက်​ခုနစ်​ရက်​ရေတွက်​ရ​မည်​။ ခုနစ်​ရက်​စေ့လျှင် မိမိ​အဝတ်​ကို​လျှော်​၍ စမ်းရေ​ဖြင့် ရေချိုး​ရ​မည်​။ ထို့နောက်မှ သူ​သည် စင်ကြယ်​လိမ့်မည်​။ 14ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ​သည် ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို ယူ​ပြီး ထာဝရဘုရား​ရှေ့​တော်​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​သို့​လာ​၍ ယဇ်ပုရောဟိတ်​အား ပေး​ရ​မည်​။ 15ယဇ်ပုရောဟိတ်​သည် တစ်​ကောင်​ကို အပြစ်ဖြေရာယဇ်​အတွက်​၊ ကျန်​တစ်​ကောင်​ကို မီးရှို့ရာယဇ်​အတွက် ပူဇော်​ရ​မည်​။ ဤသို့ဖြင့် ယဇ်ပုရောဟိတ်​သည် အရိအရွဲ​ထွက်​သူ​အတွက် ထာဝရဘုရား​ရှေ့​တော်​၌ အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​ရ​မည်​။
16ယောက်ျား​သည် သုက်ရည်​ထွက်​လျှင် တစ်ကိုယ်လုံး ရေချိုး​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။ 17သုက်ရည်​ပေ​သွား​သော အဝတ်​နှင့်​သားရေ​ရှိသမျှ​တို့​ကို လျှော်​ရ​မည်​။ ၎င်း​တို့​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။ 18ယောက်ျား​သည် မိန်းမ​နှင့်​အိပ်​၍ သုက်ရည်​ထွက်​လျှင် နှစ်​ယောက်​စလုံး ရေချိုး​ရ​မည်​။ သူ​တို့​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။
19မိန်းမ​သည် ဓမ္မတာသွေး​ဆင်း​လျှင် သူ​သည် ခုနစ်​ရက်​ပတ်လုံး​မစင်မကြယ်​ဖြစ်​၏​။ သူ့​ကို​ထိ​သော​သူ​တိုင်း နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။ 20ဓမ္မတာလာ​သော​ကာလ​အတွင်း သူ​အိပ်​သည့်​အိပ်ရာ​တိုင်း မစင်မကြယ်​ဖြစ်​၏​။ သူ​ထိုင်​သည့်​နေရာတိုင်း မစင်မကြယ်​ဖြစ်​၏​။ 21သူ​၏​အိပ်ရာ​ကို​ထိ​သော​သူ​တိုင်း မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ ထို​သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။ 22သူ​ထိုင်​ခဲ့​သည့်​ဝတ္ထုပစ္စည်း​တစ်ခုခု​ကို​ထိမိ​သော​သူ​တိုင်း မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ ထို​သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။ 23အိပ်ရာ​ပေါ်၌​ဖြစ်စေ​၊ သူ​ထိုင်​ခဲ့​သည့်​ဝတ္ထုပစ္စည်း​ပေါ်၌​ဖြစ်စေ စွန်း​နေ​သော​အရာ​ကို ထိမိ​သော​သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။ 24ယောက်ျား​သည် သူ​နှင့်​အိပ်​၍ ထို​ယောက်ျား​သည် ဓမ္မတာသွေး​စွန်း​သွား​လျှင် ခုနစ်​ရက်​ပတ်လုံး​မစင်မကြယ်​ဖြစ်​၏​။ ထို​ယောက်ျား​အိပ်​သည့် အိပ်ရာ​တိုင်း မစင်မကြယ်​ဖြစ်​၏​။
25မိန်းမ​သည် ဓမ္မတာလာ​ချိန်​မ​ဟုတ်​ဘဲ ရက်​ပေါင်း​များစွာ​သွေး​ဆင်း​နေ​လျှင်​ဖြစ်စေ​၊ ဓမ္မတာလာ​ချိန်​၌ ရက်​ပို၍​ဆက်လာ​နေ​လျှင်​ဖြစ်စေ မစင်ကြယ်​သော​အရာ​ဆင်း​နေ​ချိန်​တစ်လျှောက်လုံး ဓမ္မတာလာ​ချိန်​ကဲ့သို့ပင် သူ​သည် မစင်ကြယ်​သော​သူ​ဖြစ်​၏​။ 26သွေးဆင်း​ချိန်​တစ်လျှောက်လုံး​၌ သူ​အိပ်​သည့်​အိပ်ရာ​တိုင်း​သည် ဓမ္မတာလာ​ချိန်​မှ​အိပ်ရာ​ကဲ့သို့​မစင်မကြယ်​ဖြစ်​၏​။ သူ​ထိုင်​ခဲ့​သော​ဝတ္ထုပစ္စည်း​တိုင်း​သည် ဓမ္မတာလာ​ချိန်​၌​မစင်ကြယ်​သကဲ့သို့ မစင်မကြယ်​ဖြစ်​၏​။ 27၎င်း​တို့​ကို ထိမိ​သော​သူ​တိုင်း မစင်မကြယ်​ဖြစ်​၏​။ မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ ထို​သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။ 28ထို​မိန်းမ​သည် သွေးဆင်းခြင်း​မှ စင်ကြယ်​သွား​သောအခါ မိမိဘာသာမိမိ​နေ့ရက်​ခုနစ်​ရက်​ရေတွက်​ရ​မည်​။ ထို့နောက်မှ သူ​သည် စင်ကြယ်​လိမ့်မည်​။ 29ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ​သည် ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို ယူ​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ယဇ်ပုရောဟိတ်​ထံ ယူဆောင်​လာ​ရ​မည်​။ 30ယဇ်ပုရောဟိတ်​သည် တစ်​ကောင်​ကို အပြစ်ဖြေရာယဇ်​အတွက်​၊ ကျန်​တစ်​ကောင်​ကို မီးရှို့ရာယဇ်​အတွက် ပူဇော်​ရ​မည်​။ ဤသို့ဖြင့် ယဇ်ပုရောဟိတ်​သည် မစင်ကြယ်​သော​အရာ​ဆင်း​သော​မိန်းမ​အတွက် ထာဝရဘုရား​ရှေ့​တော်​၌ အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​ရ​မည်​။
31ထိုသို့ အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​အလယ်​ရှိ ငါ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို သူ​တို့​၏​မစင်ကြယ်​ခြင်း​ဖြင့် ညစ်ညူး​စေ​၍ သေ​ရ​မည့်​အဖြစ်​သို့ မ​ရောက်​ကြ​စေရန် သူ​တို့​၏​မစင်ကြယ်​ခြင်း​မှ သူ​တို့​ကို​ကင်းစင်​စေ​ရ​မည်​။ 32ဤသည်ကား အရိအရွဲထွက်​သော​သူ​၊ သုက်ရည်​ထွက်​ခြင်း​ကြောင့် ညစ်ညူး​သော​သူ​၊ 33ဓမ္မတာလာ​သော​မိန်းမ​၊ မစင်ကြယ်​သော​အရည်​ထွက်​သော​ယောက်ျား​မိန်းမ​၊ မစင်ကြယ်​သော​မိန်းမ​နှင့်​အိပ်​သော​ယောက်ျား တို့​နှင့်ဆိုင်သော​ပညတ်တရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာကျမ်း 15: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ