YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှုမှတ်စာ 5:1-9

ယောရှုမှတ်စာ 5:1-9 MSBU

ဂျော်ဒန်​မြစ်​ကို​အစ္စရေး​အမျိုးသား​တို့ ကူး​ပြီး​သည်​အထိ ထာဝရဘုရား​သည် သူ​တို့​မျက်စိ​ရှေ့​တွင် မြစ်​ရေ​ကို​ခန်းခြောက်​စေ​ခဲ့​ကြောင်း​ကို ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ အာမောရိ​ဘုရင်​များ​၊ ပင်လယ်​နား​ရှိ ခါနာန်​ဘုရင်​များ ကြား​ကြ​သောအခါ သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​သတင်း​ကြောင့် စိတ်ပျက်အားလျော့​၍ အလွန်​ကြောက်ရွံ့​ကြ​၏​။ ထို​အချိန်​ကာလ​တွင် ထာဝရဘုရား​က ယောရှု​အား “​မီးခတ်ကျောက်​ဓား​ကို​ပြုလုပ်​၍ အစ္စရေး​အမျိုးသား​တို့​အား ဒုတိယအကြိမ် အရေဖျားလှီး​ပေး​လော့​”​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် ယောရှု​သည် မီးခတ်ကျောက်​ဓား​ကို​ပြုလုပ်​ပြီး ဂိဘာ​ဟာရာလုတ်​အရပ်​၌ အစ္စရေး​အမျိုးသား​တို့​ကို အရေဖျားလှီး​ပေး​လေ​၏​။ ယောရှု​သည် အစ္စရေး​အမျိုးသား​တို့​အား အရေဖျားလှီး​ပေး​ရ​သည့်​အကြောင်း​ကား ဤသို့​ဖြစ်​၏​။ အီဂျစ်​ပြည်​မှ​ထွက်လာ​သော​လူ​တို့​တွင် စစ်သူရဲ​ယောက်ျား​အပေါင်း​တို့​သည် တောကန္တာရ​လမ်းခရီး​၌ သေဆုံး​ကြ​ပြီ​ဖြစ်​၏​။ ထို​ပြည်​မှ​ထွက်လာ​သော​သူ​အပေါင်း​တို့​သည် အရေဖျားလှီး​ခြင်း​ခံ​ပြီး​ဖြစ်​၏​။ အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် တောကန္တာရ​လမ်းခရီး​၌​မွေးဖွား​သော​သူ​တို့​မူကား အရေဖျားလှီး​ခြင်း​မ​ခံရ​သေး​ပေ​။ အီဂျစ်​ပြည်​မှ​ထွက်လာ​သော အစ္စရေး​လူမျိုး​စစ်သူရဲ​အပေါင်း​တို့​သည် ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​သောကြောင့် ထို​ပြည်​ကို ငါ​တို့​အား ပေး​မည်​ဟု ဘိုးဘေး​တို့​အား​ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သော်လည်း နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ကို သူ​တို့​မြင်​ရ​တော့​မည်​မ​ဟုတ်​ဟု ထာဝရဘုရား​ကျိန်ဆို​တော်မူ​၏​။ ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် တောကန္တာရ​၌ အနှစ်​လေးဆယ်​ပတ်လုံး​လှည့်လည်​၍ သေ​ကြ​ကုန်​၏​။ သူ​တို့​၏​နေရာ​တွင် နောက်ထပ်​မွေးဖွား​လာ​သော​သားမြေး​တို့​သည် အရေဖျားလှီး​ခြင်း​ကို​မ​ခံ​ရ​သေး​သော​သူ​များ​ဖြစ်​၍ ခရီး​သွား​နေစဉ်​အတွင်း အရေဖျားလှီး​ခြင်း​မ​ခံရ​သေး​သောကြောင့် ယောရှု​သည် သူ​တို့​ကို အရေဖျားလှီး​ပေး​၏​။ တစ်မျိုးသားလုံး အရေဖျားလှီး​ခြင်း​ကို ခံ​ပြီး​သောအခါ အနာပျောက်​သည်​အထိ တပ်စခန်း​၌​သာ နား​နေ​ကြ​၏​။ တစ်ဖန် ထာဝရဘုရား​က ယောရှု​အား “​သင်​တို့​ခံရ​သော​အီဂျစ်​ပြည်သား​တို့​၏​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို ယနေ့ ငါ​ဖယ်ရှား​ပစ်​ပြီ​”​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် ထို​အရပ်​ကို ဂိလဂါလ​ဟု ယနေ့​တိုင်​ခေါ်ဆို​လေ​၏​။