YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှုမှတ်စာ 2

2
ဂျေရိခေါမြို့သို့ သူလျှိုများစေလွှတ်ခြင်း
1နုန်​၏​သား​ယောရှု​သည် သူလျှို​နှစ်ဦး​ကို ရှိတ္တိမ်​အရပ်​မှ တိတ်တဆိတ်​စေလွှတ်​၍ “​ခါနာန်​ပြည်​၊ ဂျေရိခေါ​မြို့​ကို သွား​၍​စူးစမ်း​ကြ​လော့​”​ဟု မှာလိုက်​၏​။ သူ​တို့​လည်း သွား​၍ ရာခပ်​အမည်​ရှိ​သော​ပြည့်တန်ဆာမ​၏​အိမ်​သို့​ဝင်​၍ ညအိပ်​ကြ​၏​။
2ဂျေရိခေါ​ဘုရင်​အား “​ကြည့်ရှု​လော့​။ အစ္စရေး​အမျိုးသား​အချို့​တို့​သည် ဤ​ပြည်​ကို​စူးစမ်း​ရန် ဤ​မြို့​ထဲသို့ ညဥ့်ဦးယံ​အချိန်​၌ ဝင်​ကြ​ပြီ​”​ဟု ကြားလျှောက်​ကြ​သောအခါ 3ဂျေရိခေါ​ဘုရင်​သည် ရာခပ်​ထံသို့ လူ​လွှတ်​၍ “​သင့်​ထံသို့​ရောက်လာ​ပြီး သင့်​အိမ်​ထဲသို့​ဝင်သွား​သော​သူ​တို့​ကို ထုတ်ပေး​လော့​။ သူ​တို့​သည် ဤ​ပြည်​တစ်ပြည်လုံး​ကို​စူးစမ်း​ရန် ရောက်လာ​ကြ​ခြင်း​ဖြစ်​၏​”​ဟု ဆင့်ဆို​စေ​၏​။
4ရာခပ်​သည် ထို​သူ​နှစ်​ယောက်​ကို ဝှက်​ထား​နှင့်​ပြီး​ဖြစ်၍ မင်းမှုထမ်း​တို့​အား “​ထို​သူ​တို့​သည် ကျွန်မ​ထံသို့​ရောက်လာ​ကြ​သည်​မှာ မှန်​ပါ​၏​။ သို့ရာတွင် သူ​တို့ အဘယ်​က​လာ​ကြ​သည်​ကို ကျွန်မ မ​သိ​ပါ​။ 5ညဥ့်နက်​တံခါး​ပိတ်​ခါနီး​တွင် သူ​တို့​ထွက်သွား​ကြ​ပါ​၏​။ အဘယ်​အရပ်​သို့​သွား​ကြ​သည်​ကို မ​သိ​ပါ​။ သူ​တို့​နောက်သို့ အလျင်အမြန်​လိုက်​ကြ​ပါ​လော့​။ မီ​ကောင်း​မီ​နိုင်​လိမ့်မည်​”​ဟု ဆို​လေ​၏​။ 6ရာခပ်​သည် ထို​သူ​တို့​ကို ခေါင်မိုးပြင်​သို့​တက်​စေ​ပြီး ခေါင်မိုးပြင်​၌ ဖြန့်​ထား​သော​ဗီသွာရိုး​များ​အောက်​၌ ဝှက်​ထား​နှင့်​ပြီ​။ 7မင်းမှုထမ်း​တို့​သည် ဂျော်ဒန်​မြစ်​နံဘေး​လမ်း​အတိုင်း ရေတိမ်ပိုင်း​အထိ ထို​သူ​တို့​နောက်သို့ လိုက်​ကြ​၏​။ မြို့ပြင်​သို့​ရောက်​သည်​နှင့် မြို့​တံခါး​လည်း​ပိတ်​သွား​၏​။
ရာခပ်ကို ကျိန်ဆိုကတိပေးခြင်း
8ရာခပ်​လည်း ထို​သူ​တို့​မ​အိပ်​မီ သူ​တို့​ရှိ​ရာ ခေါင်မိုးပြင်​ပေါ်သို့​တက်လာ​၍ 9သူ​တို့​အား “​ထာဝရဘုရား​သည် ဤ​ပြည်​ကို သင်​တို့​အား ပေး​တော်မူ​ကြောင်း​၊ သင်​တို့​ကို ကျွန်မ​တို့​ကြောက်ရွံ့ထိတ်လန့်​လျက်​ရှိ​ကြောင်း​၊ ဤ​ပြည်သား​အပေါင်း​တို့​သည် သင်​တို့​ကြောင့် စိတ်အားလျော့​လျက်​ရှိ​ကြောင်း ကျွန်မ​သိ​ပါ​၏​။ 10အီဂျစ်​ပြည်​မှ သင်​တို့​ထွက်လာ​သောအခါ သင်​တို့​ရှေ့​၌​ခံ​နေ​သော​ပင်လယ်နီ​ကို ထာဝရဘုရား မည်သို့​ခန်းခြောက်​စေ​တော်မူ​ခဲ့​ကြောင်း​၊ ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ အာမောရိ​လူမျိုး​တို့​၏​ရှင်ဘုရင်​နှစ်​ပါး​ဖြစ်​သော ရှိဟုန်​နှင့်​ဩဃ​တို့​ကို သင်​တို့​မည်သို့​ချေမှုန်း​ခဲ့​ကြောင်း ကျွန်မ​တို့ ကြားသိ​ရ​ပါ​ပြီ​။ 11ထိုသို့ သင်​တို့​သတင်း​ကို​ကြားသိ​ရ​သောကြောင့် ကျွန်မ​တို့​စိတ်ပျက်အားလျော့​ကြ​ပါ​၏​။ လူတိုင်း​အလွန်​ကြောက်ရွံ့​လျက်​ရှိ​ပါ​၏​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အထက်​မိုးကောင်းကင်​တွင်​လည်းကောင်း​၊ အောက်​မြေကြီး​တွင်​လည်းကောင်း ဘုရားသခင်​ဖြစ်​တော်မူ​၏​။ 12ကျွန်မ​သည် သင်​တို့​အပေါ် မေတ္တာ​ထား​သကဲ့သို့ သင်​တို့​သည်​လည်း ကျွန်မ​၏​ဆွေမျိုးသားချင်း​အပေါ် မေတ္တာ​ထား​ပါ​မည်​ဟု ထာဝရဘုရား​ကို​တိုင်တည်​၍ ကျွန်မ​အား ယခု​ကျိန်ဆို​ပါ​လော့​။ စိတ်ချ​ရ​သော​အမှတ်အသား​တစ်​ခု​ကို​လည်း ပေး​ခဲ့​ပါ​။ 13ကျွန်မ​၏​မိဘ​၊ ညီအစ်ကို​မောင်နှမ​တို့​မှစ၍ သူ​တို့​နှင့်ဆိုင်သော​သူ​အပေါင်း​တို့​ကို အသက်ချမ်းသာ​ခွင့်​ပေး​ပါ​။ ကျွန်မ​တို့​၏​အသက်​ကို သေဘေး​ထဲမှ ကယ်နုတ်​ပါ​”​ဟု ဆို​လေ​၏​။
14ထို​သူ​တို့​က​လည်း သူ့​အား “​သင်​တို့​သည် ငါ​တို့​လာ​သော​သတင်း​ကို​မ​ပေါက်ကြား​စေ​လျှင် ငါ​တို့​အသက်​ကို​ရင်း​၍ သင်​တို့​ကို အာမခံ​ပါ​မည်​။ ဤ​ပြည်​ကို ငါ​တို့​အား ထာဝရဘုရား​ပေး​တော်မူ​သောအခါ သင့်​ကို အမှန်တကယ်​မေတ္တာ​ပြ​ပါ​မည်​”​ဟု ဆို​လေ​၏​။
15ရာခပ်​၏​အိမ်​သည် မြို့ရိုး​တွင်​ရှိ​၏​။ သူ​သည် မြို့ရိုး​တွင် နေထိုင်​သောကြောင့် ထို​သူ​တို့​ကို ပြတင်းပေါက်​မှ ကြိုး​ဖြင့်​လျှောချ​ပေး​၍ 16သူ​တို့​အား “​သင်​တို့​ကို လိုက်ရှာ​သော​သူ​တို့ သင်​တို့​ကို မ​တွေ့​အောင် တောင်​ပေါ်သို့​တက်​၍ သုံး​ရက်​ပုန်း​နေ​ပါ​။ လိုက်ရှာ​သော​သူ​တို့​ပြန်လာ​ပြီးမှ သင်​တို့​ခရီးဆက်​ကြ​ပါ​”​ဟု ဆို​လေ​၏​။
17သူ​တို့​က​လည်း “​သင်​ကျိန်ဆို​စေ​ခဲ့​သော​အကျိန်​ကြောင့် ငါ​တို့​အပေါ်​အပြစ်​မ​ရောက်​စေရန် 18ဤ​ပြည်​သို့ ငါ​တို့​ရောက်လာ​သောအခါ ဤ​ကြိုးနီ​ကို ငါ​တို့​လျှောဆင်း​လာ​ခဲ့​သော​ပြတင်းပေါက်​၌ ချည်​ထား​ရ​မည်​။ သင်​၏​မိဘ​၊ ညီအစ်ကို​မောင်နှမ​တို့​နှင့် ဆွေမျိုးသားချင်း​အားလုံး​ကို သင့်​အိမ်​၌ ခေါ်ထား​ရ​မည်​။ 19သင့်​အိမ်​အပြင်ဘက် လမ်း​ပေါ်သို့​ထွက်သွား​သော​သူ မည်သူမဆို သူ့​သွေး​သည် သူ့​ခေါင်း​ပေါ်၌​တည်​စေ​။ ငါ​တို့​၌​အပြစ်​မ​ရှိ​။ သင့်​အိမ်​ထဲ၌​ရှိ​သော​သူ တစ်စုံတစ်ယောက်​ကို ငါ​တို့​လက်လွန်​မိ​လျှင် သူ့​သွေး​သည် ငါ​တို့​ခေါင်း​ပေါ်​တည်​စေ​။ 20သင်​သည် ငါ​တို့​လာ​သော​သတင်း​ကို ပေါက်ကြား​စေ​လျှင် ငါ​တို့​အား သင်​ကျိန်ဆို​စေ​ခဲ့​သော​အကျိန်​မှ ငါ​တို့​ကင်းလွတ်​၏​”​ဟု ရာခပ်​အား ဆို​လေ​၏​။
21ရာခပ်​က​လည်း “​သင်​တို့​စကား​အတိုင်း​ဖြစ်​ပါစေ​”​ဟု ဆို​ပြီး သူ​တို့​ကို​လွှတ်​လိုက်​သဖြင့် သူ​တို့​သည် ထွက်သွား​ကြ​၏​။ ရာခပ်​သည်​လည်း ကြိုးနီ​ကို ပြတင်းပေါက်​၌​ချည်​ထား​လေ​၏​။
22သူ​တို့​သည်​ထွက်သွား​၍ တောင်​ပေါ်သို့​တက်​ပြီး လိုက်ရှာ​သော​သူ​တို့​ပြန်လာ​သည်​အထိ တောင်​ပေါ်၌ သုံး​ရက်​ပုန်း​နေ​လေ​၏​။ လိုက်ရှာ​သော​သူ​တို့​သည် လမ်း​တစ်လျှောက်လုံး​ရှာ​သော်လည်း သူ​တို့​ကို မ​တွေ့​ကြ​။ 23ထို့နောက်မှ သူ​တို့​နှစ်​ယောက် တောင်​ပေါ်မှ​ဆင်းလာ​ကြ​၏​။ မြစ်​ကို​ကူး​ပြီး နုန်​၏​သား ယောရှု​ထံသို့​ပြန်လာ​၍ သူ​တို့​ကြုံတွေ့​ခဲ့​ရ​သော​အရာ​အလုံးစုံ​တို့​ကို ပြောပြ​လေ​၏​။ 24သူ​တို့​က ယောရှု​အား “​အကယ်စင်စစ် ထာဝရဘုရား​သည် ထို​ပြည်​တစ်ပြည်လုံး​ကို အကျွန်ုပ်​တို့​လက်​သို့​အပ်​တော်မူ​ပြီ​။ ထို​ပြည်​၌​နေထိုင်​သော​သူ​အပေါင်း​တို့​သည်​လည်း အကျွန်ုပ်​တို့​သတင်း​ကို​ကြား​သဖြင့် စိတ်အားလျော့​လျက်​ရှိ​ကြ​ပါ​၏​”​ဟု ဆို​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယောရှုမှတ်စာ 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ