YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှုမှတ်စာ 18

18
ရှိလောမြို့တွင် အမွေမြေခွဲဝေခြင်း
1ထို​ပြည်​ကို အောင်​နိုင်​ပြီးနောက် အစ္စရေး​လူထု​တစ်ရပ်လုံး ရှိလော​အရပ်​၌ စုရုံး​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ကို တည်​ကြ​၏​။ 2ထို​အချိန်​တွင် အစ္စရေး​အမျိုးသား​တို့​ထဲတွင် အမွေမြေ မ​ရရှိ​သေး​သော အမျိုးအနွယ်​ခုနစ်​နွယ်​ကျန်​၏​။ 3ထို့ကြောင့် ယောရှု​က အစ္စရေး​အမျိုးသား​တို့​အား “​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား ပေး​တော်မူ​သော​ပြည်​ကို သွားရောက်​သိမ်းပိုက်​ရန် မည်မျှ​အချိန်ဆွဲ​နေ​ဦး​မည်နည်း​။ 4သင်​တို့ အမျိုးအနွယ်​တစ်​နွယ်​လျှင် လူ​သုံး​ယောက်​ကို ရွေးချယ်​လော့​။ သူ​တို့​ကို ငါ​စေလွှတ်​မည်​။ သူ​တို့​သည် ထို​ပြည်​ကို​လှည့်လည်​ကြည့်ရှု​လျက် သူ​တို့​ပိုင်ဆိုင်​မည့်​အမွေမြေ​ကို ရေးမှတ်​ပြီး ငါ့​ထံ​ပြန်လာ​ရ​မည်​။ 5ပြည်​ကို ခုနစ်​ပိုင်း​ပိုင်း​ရ​မည်​။ ယုဒ​လူမျိုး​သည် တောင်ဘက်​နယ်မြေ​တွင် နေထိုင်​ရ​မည်​။ ယောသပ်​အမျိုးအနွယ်​ကား မြောက်ဘက်​နယ်မြေ​တွင် နေထိုင်​ရ​မည်​။ 6ပြည်​ကို​ခုနစ်​ပိုင်း​ပိုင်း​၍ ရေးမှတ်​ထား​ပြီး ငါ့​ထံ​ယူလာ​လော့​။ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​တွင် ငါ​မဲချ​ပေး​မည်​။ 7လေဝိ​အမျိုး​သည် သင်​တို့​နှင့်အတူ အမွေမြေ​မ​ရ​။ ထာဝရဘုရား​ပေး​သော​ယဇ်ပုရောဟိတ်​အရိုက်အရာ​သည် သူ​တို့​၏​အမွေ​ဖြစ်​၏​။ ဂဒ်​၊ ရုဗင်​နှင့် မနာရှေ​အမျိုး​တစ်ဝက်​တို့​သည်​လည်း ထာဝရဘုရား​၏​အစေအပါး​မောရှေ​ပေး​ထား​ခဲ့​သော​အမွေမြေ​ကို ဂျော်ဒန်​မြစ်​အရှေ့ဘက်ခြမ်း​တွင် ရ​ပြီး​ဖြစ်​၏​”​ဟု ဆို​၏​။
8ရွေးချယ်​ထား​သော​သူ​တို့​အား ယောရှု​က “​ပြည်​ကို လှည့်လည်​ကြည့်ရှု​ပြီး ရေးမှတ်​လော့​။ ပြီးလျှင် ငါ့​ထံ​ယူလာ​ပြ​လော့​။ ရှိလော​အရပ်​တွင် ထာဝရဘုရား​ရှေ့​တော်​၌ ငါ​မဲချ​ပေး​မည်​”​ဟု မှာလိုက်​၏​။ ထို​သူ​တို့​လည်း ပြည်​ကို​ပိုင်းခြား​သတ်မှတ်​ရန် ထ​၍​ထွက်သွား​ကြ​၏​။ 9သူ​တို့​သည် ပြည်​တစ်ပြည်လုံး​သို့​လျှောက်သွား​ပြီး မြို့ရွာ​များ​အလိုက် ခုနစ်​ပိုင်း​ပိုင်း​၍ စာလိပ်​၌​ရေးမှတ်​ပြီးလျှင် ယောရှု​ရှိ​ရာ ရှိလော​တပ်စခန်း​သို့ ပြန်လာ​ကြ​၏​။ 10ယောရှု​လည်း ရှိလော​မြို့​တွင် ထာဝရဘုရား​ရှေ့​တော်​၌ မဲချ​၍ အစ္စရေး​လူမျိုး​တို့​အား မျိုးနွယ်စု​အလိုက် အမွေ​မြေ​ကို ခွဲဝေ​ပေး​၏​။
ဗင်္ယာမိန်အမျိုးအနွယ်တို့ရသောအမွေမြေ
11ပထမ​အကြိမ်​မဲချ​ရာ​တွင် ဗင်္ယာမိန်​အမျိုးအနွယ်​သည် မျိုးနွယ်စု​အလိုက် မဲကျ​လေ​၏​။ သူ​တို့​မဲကျ​သော​နယ်မြေ​မှာ ယုဒ​အမျိုးသား​နှင့် ယောသပ်​အမျိုးသား ကြား​၌​နေရာ​ကျ​၏​။ 12သူ​တို့​၏​နယ်နိမိတ်​မှာ မြောက်ဘက်ခြမ်း​တွင် ဂျော်ဒန်​မြစ်​မှ​အစပြု​၏​။ ထိုမှ နယ်နိမိတ်​သည် မြောက်ဘက်​ဂျေရိခေါ​တောင်စောင်း​တစ်လျှောက်​သို့ တက်သွား​ပြီး အနောက်ဘက်​တောင်ပေါ်ဒေသ​သို့​ဆက်သွား​ကာ ဗေသဝင်​တောကန္တာရ​တွင် ဆုံး​၏​။ 13တစ်ဖန် ထို​နယ်နိမိတ်​သည် ဗေသလ ခေါ် လုဇ​မြို့​သို့​ရောက်​၍ တောင်ဘက်​ရှိ​လုဇ​တောင်စောင်း​တစ်လျှောက်​သို့ ဆက်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် အောက်​ဗေသောရုန်​မြို့​၏​တောင်ဘက် တောင်တန်း​ပေါ်ရှိ အတရုတ်အဒ္ဒါ​မြို့​သို့ ဆင်းသွား​၏​။ 14အနောက်ဘက်ခြမ်း​တွင် နယ်နိမိတ်​သည် အနောက်ဘက်​မှ တောင်ဘက်​သို့​ကွေ့သွား​၏​။ ထိုမှ တောင်ဘက်​ဗေသောရုန်​နှင့်​မျက်နှာချင်းဆိုင်​တောင်တန်း​သို့​ဆက်သွား​၍ ယုဒ​အမျိုးသား​တို့​ပိုင်​သော ကိရယတ်ဗာလ ခေါ် ကိရယတ်ယာရိမ်​မြို့​၌ ဆုံး​၏​။ 15တောင်ဘက်​ခြမ်း​တွင် နယ်နိမိတ်​သည် ကိရယတ်ယာရိမ်​မြို့​စွန်​မှ အနောက်ဘက်​သို့​ဆက်သွား​ပြီး နေဖတော​စမ်းရေတွင်း​သို့ ရောက်​၏​။ 16ထို​နယ်နိမိတ်​သည် ရေဖိမ်​ချိုင့်ဝှမ်း​မြောက်ဘက်​ရှိ ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​နှင့်​မျက်နှာချင်းဆိုင် တောင်​ခြေ​သို့​ရောက်​ပြီး ဟိန္နုံ​ချိုင့်ဝှမ်း​သို့ ဆင်းသွား​၏​။ ထိုမှ တောင်ဘက်​ယေဗုသိ​တောင်စောင်း​အတိုင်း အင်္ရောဂေလ​အရပ်​သို့ ဆင်းသွား​၏​။ 17ထိုမှ မြောက်ဘက်​အရပ်​သို့​ကွေ့သွား​၍ အင်ရှေမက်​အရပ်​သို့​ရောက်​၏​။ ထိုမှ အဒုမ္မိမ်​တောင်ကုန်း​နှင့်​မျက်နှာချင်းဆိုင် ဂေလိလုတ်​အရပ်​သို့​ဆက်လာ​ပြီး ရုဗင်​အမျိုးသား ဗောဟန်​၏​ကျောက်တိုင်​ရှိ​ရာ​သို့ ရောက်​၏​။ 18ထိုမှ အရာဗ​လွင်ပြင်​မြောက်ဘက်​မျက်နှာချင်းဆိုင် တောင်စောင်း​တစ်လျှောက် ဆက်ဆင်းလာ​ပြီး အရာဗ​လွင်ပြင်​သို့ ရောက်​၏​။ 19တစ်ဖန် ထို​နယ်နိမိတ်​သည် မြောက်ဘက်​ဗက်ဟောဂလ​အရပ်​သို့​ဆက်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် မြောက်ဘက်​ဆား​ပင်လယ်​ကွေ့​၊ တောင်ဘက်​ဂျော်ဒန်​မြစ်ဝ​တွင် ဆုံး​၏​။ ဤရွေ့ကား တောင်ဘက်​နယ်နိမိတ်​ဖြစ်​၏​။ 20အရှေ့ဘက်​ခြမ်း​တွင် ဂျော်ဒန်​မြစ်​သည် နယ်နိမိတ်​ဖြစ်​၏​။ ဤသည်ကား ဗင်္ယာမိန်​အမျိုးသား​တို့ မျိုးနွယ်စု​အလိုက် ရရှိ​သော​အမွေမြေ​နယ်နိမိတ်​အပိုင်းအခြား​ဖြစ်​၏​။
ဗင်္ယာမိန်အမျိုးအနွယ်တို့အမွေရသောမြို့များ
21ဗင်္ယာမိန်​အမျိုးအနွယ်​တို့ မျိုးနွယ်စု​အလိုက် ရရှိ​သော​မြို့​များ​မှာ
ဂျေရိခေါ​မြို့​၊ ဗေသောဂလ​မြို့​၊ ဧမက္ကေဇဇ်​မြို့​၊
22ဗေသရာဗ​မြို့​၊ ဇေမရိမ်​မြို့​၊ ဗေသလ​မြို့​၊
23အာဝိမ်​မြို့​၊ ပါရ​မြို့​၊ ဩဖရ​မြို့​၊
24ခေဖာဟာမောနဲ​မြို့​၊ ဩဖနိ​မြို့​၊ ဂေဗ​မြို့ စသည့်​မြို့​ပေါင်း တစ်ဆယ့်​နှစ်​မြို့​နှင့်​ရွာ​များ ပါ​၏​။
25ဂိဗောင်​မြို့​၊ ရာမ​မြို့​၊ ဗေရုတ်​မြို့​၊
26မိဇပါ​မြို့​၊ ခေဖိရ​မြို့​၊ မောဇ​မြို့​၊
27ရေကင်​မြို့​၊ ဣရပေလ​မြို့​၊ တာရလ​မြို့​၊
28ဇေလ​မြို့​၊ ဧလပ်​မြို့​၊ ဂျေရုဆလင် ခေါ် ယေဗုသိ​မြို့​၊ ဂိဗာ​မြို့​၊ ကိရယတ်​မြို့ စသည့်​မြို့​ပေါင်း တစ်ဆယ့်​လေး​မြို့​နှင့်​ရွာ​များ ပါ​၏​။
ဤသည်ကား ဗင်္ယာမိန်​အမျိုးသား​တို့ မျိုးနွယ်စု​အလိုက် ရရှိ​သော​အမွေမြေ​ဖြစ်​၏​။

လက်ရှိရွေးချယ်ထားမှု

ယောရှုမှတ်စာ 18: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ