YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောနဝတ္ထု 4

4
ယောနအမျက်ထွက်ခြင်း
1ယောန​သည် ထို​အမှုအရာ​ကို အလွန်ပင်​ဘဝင်မကျ​နိုင်​အောင်​ဖြစ်​လျက် အမျက်ထွက်​ပြီး 2ထာဝရဘုရား​ထံ “​အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​နေရင်းပြည်​၌​ရှိ​စဉ်က ဤသို့​ဖြစ်​မည်​ဟု အကျွန်ုပ်​ပြော​ခဲ့​သည်​မ​ဟုတ်​ပါ​လော​။ ထို့ကြောင့် ကျွန်ုပ်​လည်း တာရှု​ပြည်​သို့ အမြန်ထွက်ပြေး​ခဲ့​ပါ​၏​။ စင်စစ် ကိုယ်တော်​သည် ကျေးဇူးပြု​တတ်​သော​၊ သနားစုံမက်​တတ်​သော​၊ စိတ်ရှည်​သော​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​ဘုရား ဖြစ်​တော်မူ​၍ ဘေးဆိုး​ကျရောက်​စေ​မည့်​အမှု​မှ စိတ်​တော်​ပြောင်းလဲ​တော်မူ​ကြောင်း​ကို အကျွန်ုပ်​သိ​ပါ​၏​။ 3ထို့ကြောင့် အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​အသက်​ကို ယခုပင်​နုတ်ယူ​တော်မူ​ပါ​။ အကျွန်ုပ် အသက်ရှင်​သည်​ထက် သေ​သည်​က သာ၍​ကောင်း​ပါ​၏​”​ဟု ဆုတောင်း​လေ​၏​။
4ထာဝရဘုရား​က​လည်း သူ့​အား “​သင်​အမျက်ထွက်​သင့်​သလော​”​ဟု မေး​တော်မူ​၏​။
5ထိုအခါ ယောန​သည် မြို့​ပြင်​သို့​ထွက်သွား​၍ မြို့​အရှေ့ဘက်​တွင် ထိုင်​နေ​၏​။ ထို​နေရာ​တွင် ယာယီတဲ​ထိုး​၍ မြို့​ထဲတွင် မည်သို့​ဖြစ်ပျက်​မည်​ကို သိ​နိုင်​ရန် တဲ​ရိပ်​အောက်​တွင် ထိုင်ကြည့်​နေ​၏​။ 6ဘုရားသခင်​ထာဝရဘုရား​သည် ထို​နေရာ​တွင် ယောန​ခေါင်း​ပေါ်​အရိပ်​ရ​ရန် ကြက်ဆူပင်​တစ်​ပင်​ကို​ပေါက်​စေ​ခြင်း​ဖြင့် စိတ်ဒုက္ခ​ဖြစ်​ခြင်း​မှ သက်သာ​စေ​၏​။ ယောန​သည် ထို​ကြက်ဆူပင်​ကြောင့် ဝမ်းသာအားရ ဖြစ်​လေ​၏​။ 7သို့သော် နောက်တစ်နေ့​အရုဏ်တက်​ချိန်​တွင် ဘုရားသခင်​သည် ထို​ကြက်ဆူပင်​အပေါ် ပိုးကောင်ကျ​စေ​၍ ဖျက်ဆီး​သဖြင့် အပင်​မှာ​ခြောက်သွေ့​သွား​လေ​၏​။
8နေ​ထွက်လာ​သောအခါ ဘုရားသခင်​သည် အလွန်​ပူပြင်း​သော​အရှေ့​လေ​ကို တိုက်ခတ်​စေ​၍ ယောန​ခေါင်း​ပေါ်သို့ နေပူရှိန်​ကျ​သဖြင့် သူ​သည် မောပန်း​ပြီး သေချင်စိတ်ပေါက်​လေ​၏​။ ထို့ကြောင့် သူ​က “အကျွန်ုပ်​အသက်ရှင်​သည်​ထက် သေ​သည်​က သာ၍​ကောင်း​ပါ​၏”​ဟု ဆို​လေ​၏​။
9ထိုအခါ ဘုရားသခင်​က ယောန​အား “​ကြက်ဆူပင်​ကြောင့် သင်​အမျက်ထွက်​သင့်​သလော​”​ဟု မေး​တော်မူ​လျှင် ယောန​က “​သေလုမတတ် အမျက်ထွက်​သင့်​ပါ​၏​”​ဟု လျှောက်​လေ​၏​။
10ထာဝရဘုရား​က​လည်း “​သင် မ​စိုက်ပျိုး​၊ မ​ပြုစု​ရ​ဘဲ ညတွင်းချင်း​ပေါက်​၍ ညတွင်းချင်း​သေသွား​သော ကြက်ဆူပင်​ကို သင်​နှမြော​လျှင် 11ငါ​သည် တိရစ္ဆာန်​အများအပြား​ကို မ​ဆို​ထား​နှင့်​၊ မိမိ​လက်ဝဲ​လက်ယာ​ကို​ပင် ခွဲခြား​မ​သိ​နိုင်​သော​လူ​တစ်သိန်းနှစ်သောင်း​ကျော်​ရှိ​သော​နိနေဝေ​မြို့​ကြီး​ကို နှမြော​သင့်​သည်​မ​ဟုတ်​လော​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ယောနဝတ္ထု 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ