YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောလအနာဂတ္တိကျမ်း 3:1-21

ယောလအနာဂတ္တိကျမ်း 3:1-21 MSBU

ကြည့်ရှု​လော့​။ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​ကို ငါ​ပြန်လာ​စေ​သော ထို​ကာလ​၊ ထို​အချိန်​တွင် လူမျိုး​တကာ​တို့​ကို စုရုံး​ပြီး ယောရှဖတ်​ချိုင့်ဝှမ်းလွင်ပြင်​သို့ ငါ​ခေါ်ဆောင်​လာ​မည်​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​ကို လူမျိုးတကာ​တို့​ထံသို့ ကွဲလွင့်​စေ​ပြီး ငါ့​ပြည်​ကို ကွဲပြား​စေ​ခဲ့​သောကြောင့် ငါ့​လူမျိုး​တော်​ဖြစ်​သည့် ငါ့​အမွေ​တော်​အစ္စရေး​တို့​အတွက် သူ​တို့​ကို ထို​အရပ်​၌ ငါ​တရားစီရင်​မည်​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​တို့​ကို​မဲချ​ခွဲဝေ​ယူ​ကြ​၏​။ ပြည့်တန်ဆာ​ကို​ရ​ရန် လုလင်ငယ်​ဖြင့် အလဲအလှယ်ပြု​၍ စပျစ်ဝိုင်​သောက်​ရန် လုံမငယ်​ကို ရောင်း​ကြ​၏​။ အို တိုင်ရာ​မြို့​၊ ဆီဒုန်​မြို့​နှင့် ဖိလိတ္တိ​ပြည်သား​အပေါင်း​တို့​၊ အဘယ်ကြောင့် ငါ့​ကို​ဆန့်ကျင်​ကြ​သနည်း​။ တစ်စုံတစ်ရာ​ကြောင့် ငါ့​ကို​တုံ့ပြန်​ကြ​သလော​။ သင်​တို့ ငါ့​ကို​တုံ့ပြန်​လျှင် ငါ​သည်​လည်း မနှေးအမြန် သင်​တို့​ပြု​သော​အမှု​ကို သင်​တို့​ခေါင်း​ပေါ် ပြန်ရောက်​စေ​မည်​။ သင်​တို့​သည် ငါ့​ရွှေ​ငွေ​တို့​ကို သိမ်းယူ​ပြီး အဖိုးတန်​ရတနာ​တို့​ကို​လည်း သင်​တို့​၏​ဗိမာန်​များ​ထဲသို့ သွင်း​ကြ​ပြီ​။ ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​ကို သူ​တို့​၏​နေရင်းပြည်​နှင့်​ဝေး​ရာ ဂရိ​အမျိုးသား​တို့​ထံသို့ ရောင်းစား​ပစ်​၏​။ သင်​တို့​ရောင်းစား​ရာ​အရပ်​မှ သူ​တို့​ကို လွတ်မြောက်​စေ​မည်​။ သင်​တို့​ပြု​သော​အမှု​ကို သင်​တို့​ခေါင်း​ပေါ် ပြန်ရောက်​စေ​မည်​။ သင်​တို့​၏​သား​သမီး​များ​ကို ယုဒ​အမျိုးသား​တို့​လက်​သို့ ငါ​ရောင်းပစ်​မည်​။ ယုဒ​အမျိုးသား​တို့​က​လည်း သူ​တို့​ကို ရပ်ဝေး​ရှိ ရှေဘ​လူမျိုး​တို့​ထံသို့ ရောင်းပစ်​လိမ့်မည်​။ စင်စစ် ထာဝရဘုရား မိန့်​တော်မူ​ပြီ​။” လူမျိုး​တကာ​တို့​ထံ ဤသို့​ကြေညာ​လော့​။ စစ်တိုက်​ရန် အသင့်ပြင်ဆင်​ကြ​။ စစ်သူရဲ​တို့​ကို နှိုးဆော်​ကြ​။ စစ်သည်​အပေါင်း​တို့​ချီတက်​တိုက်ခိုက်​ကြ​။ ထယ်​များ​ကို ဓား​အဖြစ်​၊ တံစဉ်​များ​ကို လှံ​အဖြစ် ပြောင်းလဲ​ထုလုပ်​ကြ​။ အားနည်း​သူ​က​လည်း “ငါ​သည် ခွန်အားကြီး​သူ​ဖြစ်​၏”​ဟု ဆို​စေ​။ အရပ်ရပ်​မှ​လူမျိုးတကာ​တို့​၊ အလျင်အမြန်​လာ​ကြ​။ ဤ​အရပ်​၌ လာရောက်​စုဝေး​ကြ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​စစ်သူရဲ​တို့​ကို ကြွလာ​စေ​တော်မူ​ပါ​။ “လူမျိုးတကာ​တို့​သည် ထ​၍ ယောရှဖတ်​ချိုင့်ဝှမ်းလွင်ပြင်​သို့ လာ​ကြ​ပါစေ​။ ငါ​သည် ထို​နေရာ​တွင် ထိုင်​၍ အရပ်ရပ်​မှ​လူမျိုးတကာ​တို့​ကို စီရင်​မည်​။ ရိတ်သိမ်းစရာ​သီးနှံ​မှည့်ဝင်း​ပြီ​ဖြစ်၍ တံစဉ်​ကို​ဆန့်တန်း​ကြ​လော့​။ စပျစ်သီးနယ်ရာကျင်း ပြည့်​နေ​သည်​ဖြစ်၍ လာ​၍​နင်းချေ​ကြ​လော့​။ စည်​များ လျှံ​နေ​သကဲ့သို့ ထို​သူ​တို့​၏​ဆိုးညစ်မှု​များ​သည် များပြား​လျက်​ရှိ​၏​။” တရားစီရင်​ဆုံးဖြတ်​ရာ​ချိုင့်ဝှမ်းလွင်ပြင်​၌ လူ​အမြောက်အမြား ပြည့်နှက်​နေ​ပါ​တကား​။ စင်စစ် ဆုံးဖြတ်​ရာ​ချိုင့်ဝှမ်းလွင်ပြင်​တွင် ထာဝရဘုရား​၏​နေ့ရက် ရောက်လု​နီး​ပြီ​။ နေ​နှင့်​လ​လည်း အမှောင်ကျ​လိမ့်မည်​။ ကြယ်​များ​သည်​လည်း မိမိ​တို့​အလင်း​ကို ထွန်းလင်း​ကြ​မည်​မ​ဟုတ်​။ ထာဝရဘုရား​၏​အသံ​တော်​သည် ဇိအုန်​တောင်​ပေါ်မှ​ဟိန်းထွက်​လာ​၍ အသံ​တော်​ကို ဂျေရုဆလင်​မြို့​မှ လွှင့်​တော်မူ​သောအခါ ကောင်းကင်​နှင့်​မြေကြီး တုန်ခါ​လိမ့်မည်​။ သို့သော် ထာဝရဘုရား​သည် လူမျိုး​တော်​အဖို့​ခိုလှုံ​ရာ​၊ အစ္စရေး​အမျိုးသား​တို့​အဖို့ ရဲတိုက်​ဖြစ်​တော်မူ​၏​။ “ဤသို့ဖြင့် ငါ​သည် သန့်ရှင်း​ရာ​တောင်​တော် ဇိအုန်​တွင် ကိန်းဝပ်​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း​ကို သင်​တို့​သိ​ရ​လိမ့်မည်​။ ဂျေရုဆလင်​မြို့​သည် သန့်ရှင်း​သော​မြို့ ဖြစ်​လိမ့်မည်​။ တစ်ပါးအမျိုးသား​တို့​သည် ထို​မြို့​ကို ဘယ်သောအခါမှ ကျော်နင်း​ခွင့်​ရ​ကြ​တော့​မည်​မ​ဟုတ်​။ ထို​နေ့ရက်​ကာလ​တွင် တောင်​များ​ပေါ်မှ စပျစ်ဝိုင်​အသစ်​ယိုစီး​၍ တောင်ကုန်း​များ​မှ နို့ရည်​စီးကျ​လိမ့်မည်​။ ယုဒ​မြစ်ချောင်း​ရှိသမျှ​တို့​သည် ရေ​များ​စီးဆင်း​နေ​လိမ့်မည်​။ စမ်းရေ​သည်​လည်း ထာဝရဘုရား​အိမ်​တော်​မှ စီးထွက်​၍ ရှိတ္တိမ်​လွင်ပြင်​ကို ရေဝ​စေ​လိမ့်မည်​။ ယုဒ​လူမျိုး​တို့​ကို ညှဉ်းပန်းနှိပ်စက်​၍ သူ​တို့​၏​ပြည်​တွင် အပြစ်မဲ့​သော​သူ​တို့​ကို သတ်ဖြတ်​ကြ​သောကြောင့် အီဂျစ်​ပြည်​သည် လူသူကင်းမဲ့​ရာ​ဖြစ်​လိမ့်မည်​။ ဧဒုံ​ပြည်​သည် လူသူကင်းမဲ့​သော​တောကန္တာရ​ဖြစ်​လိမ့်မည်​။ ယုဒ​ပြည်​တွင် အစဉ်​လူ​နေထိုင်​ကြ​လိမ့်မည်​။ ဂျေရုဆလင်​မြို့​တွင် မျိုးဆက်အဆက်ဆက် လူ​နေထိုင်​ကြ​လိမ့်မည်​။ အပြစ်ဒဏ်​မ​ခံရ​သေး​သော​လူသတ်သမား​တို့​ကို ငါ​အပြစ်ဒဏ်​ပေး​မည်​။ စင်စစ် ထာဝရဘုရား​သည် ဇိအုန်​တောင်​ပေါ်တွင် ကိန်းဝပ်​တော်မူ​၏​။”