YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောလအနာဂတ္တိကျမ်း 2

2
1ဇိအုန်​တောင်​ပေါ်တွင် တံပိုး​မှုတ်​ကြ​လော့​။ ငါ​၏​သန့်ရှင်း​ရာ​တောင်​တော်​ပေါ်တွင် သတိပေးသံပြု​ကြ​လော့​။ ထာဝရဘုရား​၏​နေ့ရက်​သည် လာ​နေ​ပြီ​၊ အမှန်ပင် ရောက်​လု​နီး​ပြီ​ဖြစ်​သောကြောင့် ပြည်သူပြည်သား​အပေါင်း​တို့​၊ ထိတ်လန့်တုန်လှုပ်​ကြ​လော့​။ 2ထို​နေ့​သည် အမှောင်​တကာ့​အမှောင်​နေ့​၊ မိုးအုံ့​၍​အမှောင်​ကျ​သော​နေ့ ဖြစ်​၏​။ တောင်​ပေါ်တွင် အရုဏ်ဦး​အလင်း​ဖြာကျ​သကဲ့သို့ အင်အားကြီး​သော​လူမျိုး​ကြီး​တစ်​မျိုး ပေါ်လာ​မည်​။ ဤ​အဖြစ်မျိုး​သည် ရှေး​က​လည်း မ​ဖြစ်​ဖူး​။ နောင်ကာလ​မျိုးဆက်​အစဉ်အဆက်​တွင်​လည်း ဖြစ်​လိမ့်မည်​မ​ဟုတ်​။
3သူ​တို့​ရှေ့​တွင် ဝါးမျို​သော​မီး ရှိ​၏​။ သူ​တို့​နောက်တွင် လောင်ကျွမ်း​သော​မီးလျှံ ရှိ​၏​။ ပြည်​တော်​သည် ယခင်က ဧဒင်​ဥယျာဉ်​ကဲ့သို့​ဖြစ်​သော်လည်း သူ​တို့​ပေါ်လာ​ပြီး​နောက်တွင် ဆိတ်ညံ​သော​တောကန္တာရ​ကဲ့သို့ ဖြစ်​လေ​ပြီ​။ သူ​တို့​ဘေးရန်​မှ လွတ်မြောက်​သော​အရာ တစ်​ခု​မျှ​မ​ရှိ​။ 4သူ​တို့​၏​ပုံသဏ္ဌာန်​သည် မြင်း​နှင့်​တူ​၏​။ စစ်မြင်း​များ​ကဲ့သို့ ပြေးလွှား​ကြ​၏​။ 5သူ​တို့​သည် စစ်ရထားချီသံ​ကဲ့သို့​လည်းကောင်း​၊ ရိုးပြတ်​ကို လောင်ကျွမ်း​သော​မီးတောက်​မီးလျှံ​အသံ​ကဲ့သို့​လည်းကောင်း​၊ စစ်​တလင်းပြင်​မှ စစ်သည်​အင်အားထုကြီး​ကဲ့သို့​လည်းကောင်း တောင်​ထိပ်​ပေါ်သို့ ကဆုန်ပေါက်​တက်လာ​ကြ​လေ​ပြီ​။ 6လူ​တို့​သည် သူ​တို့​ရှေ့​တွင် တုန်လှုပ်​လျက် မျက်နှာ​ဖြူဖတ်ဖြူရော်​ဖြစ်​လိမ့်မည်​။ 7သူ​တို့​သည် စစ်သူရဲ​ကဲ့သို့ ပြေး​၏​။ မြို့ရိုး​ပေါ်​တွယ်တက်​တတ်​သော စစ်သား​နှင့်​တူ​၏​။ ကိုယ့်​လမ်းကြောင်း​မှ​မ​လွဲ လမ်းကြောင်း​အတိုင်း ချီတက်​ကြ​၏​။ 8အချင်းချင်း မ​တိုး​မ​တိုက်​ဘဲ ကိုယ့်​လမ်းကြောင်း​နှင့်​ကိုယ် ချီတက်​ကြ​၏​။ လက်နက်​ကြား​တိုးဝင်​သော်လည်း မ​ကျဆုံး​။ 9သူ​တို့​သည် မြို့​ထဲတွင် ကဆုန်ပေါက်​နေ​ကြ​၏​။ မြို့ရိုး​ပေါ်တွင် ပြေးလွှား​နေ​ကြ​၏​။ သူခိုး​ကဲ့သို့​ပြတင်းပေါက်​ကို ကျော်​ပြီး အိမ်​ပေါ်သို့​တက်​ကြ​၏​။ 10သူ​တို့​ရှေ့​တွင် မြေကြီး​လှုပ်ခတ်​၍ ကောင်းကင်​ခါယမ်း​လေ​၏​။ နေ​နှင့်​လ​လည်း အမှောင်ကျ​ကုန်​၏​။ ကြယ်​များ​သည်​လည်း မိမိ​တို့​၏​အလင်း​ကို မပေး​နိုင်​။#ဟေရှာ 13:10၊ ယေဇ 32:7၊ ယောလ 2:31၊ 3:15၊ ဗျာ 8:12၊ 9:2။ 11ထာဝရဘုရား​သည် မိမိ​တပ်​တော်​ရှေ့​တွင် ကျယ်လောင်​သော​အသံ​ဖြင့် အမိန့်ပေး​တော်မူ​၏​။ အကြောင်းမှာ တပ်တော်​သည် အလွန်​ကြီးမား​၏​။ အမိန့်​တော်​အတိုင်း လုပ်ဆောင်​သော​သူ​သည်​လည်း ခွန်အားကြီး​၏​။ ထာဝရဘုရား​၏​နေ့ရက်​သည် အလွန်​ကြောက်မက်ဖွယ်​ကောင်း​သော​နေ့​ကြီး​ဖြစ်၍ မည်သူ​ခံရပ်​နိုင်​မည်နည်း​။#မာလ 3:2၊ ဗျာ 6:17။
နောင်တရရန် ဘုရားသခင်ခေါ်ယူတော်မူခြင်း
12ထာဝရဘုရား​က “​ယခုပင် ငါ့​ထံသို့ စိတ်နှလုံး​အကြွင်းမဲ့ ပြန်လာ​၍ အစာရှောင်​လျက် ငိုကြွေး​မြည်တမ်း​ကြ​လော့”​ဟု မိန့်​တော်မူ​၏​။ 13သင်​တို့​သည် အဝတ်​ကို​မ​ဆုတ်​၊ နှလုံးသား​ကို​ဆုတ်​ပြီး သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ​တော်​သို့ ပြန်လာ​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် ကျေးဇူးပြု​တတ်​သော​၊ သနားစုံမက်​တတ်​သော​၊ စိတ်ရှည်​သော​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​၊ ဘေးအန္တရာယ်​ကို လွှဲဖယ်ပေး​တော်မူ​တတ်​သော​ဘုရား ဖြစ်​၏​။ 14သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် စိတ်​တော်​ပြေ​၍ ကိုယ်တော်​အား ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​ပူဇော်​ခွင့်​ကောင်းချီး​ကို ချန်ထား​ပေး​မည်​၊ မ​ပေး​မည်​ကို မည်သူ​သိ​နိုင်​မည်နည်း​။ 15ဇိအုန်​တောင်​ပေါ်တွင် တံပိုး​ကို​မှုတ်​ကြ​လော့​။ အစာရှောင်​ရန် အသင့်ပြင်​ကြ​လော့​။ ဓမ္မစည်းဝေးပွဲ​ကို ဆင့်ခေါ်​ကြ​လော့​။ 16လူ​တို့​ကို​စုဝေး​စေ​၍ လူထုကြီး​ကို စင်ကြယ်​စေ​လော့​။ သက်ကြီးဝါကြီး​များ​ကို စုရုံး​စေ​လော့​။ နို့စို့ကလေး​မှစ၍ ကလေးငယ်​တို့​ကို စုစည်း​လော့​။ သတို့သား​ကို အခန်း​ထဲမှ​လည်းကောင်း​၊ သတို့သမီး​ကို မင်္ဂလာခန်း​မှ​လည်းကောင်း ထွက်လာ​စေ​လော့​။ 17ထာဝရဘုရား​၏​အမှု​တော်​ဆောင် ယဇ်ပုရောဟိတ်​တို့​သည် ဆင်ဝင်ပေါက်​နှင့်​ယဇ်ပလ္လင်​ကြား​တွင် ငိုကြွေး​လျက် “​အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လူမျိုး​တော်​ကို သနား​တော်မူ​ပါ​။ ကိုယ်တော်​၏​အမွေ​တော်​ကို လူမျိုးခြား​တို့​အလယ်​တွင် ကဲ့ရဲ့စရာ​၊ ပုံခိုင်းစရာ​ဖြစ်​အောင် ပြု​တော်​မ​မူ​ပါ​နှင့်​။ လူမျိုးခြား​တို့​က ‘သူ​တို့​၏​ဘုရားသခင်​သည် အဘယ်မှာ​ရှိ​သနည်း’​ဟူ၍ လူမျိုးတကာ​၏​အလယ်​တွင် အဘယ်ကြောင့် ဆို​ရ​ပါ​မည်နည်း​”​ဟု လျှောက်​ကြ​စေ​။
မိမိလူမျိုးတော်ကို ဘုရားသခင်ပြန်လည်မိန့်ဆိုခြင်း
18ထိုအခါ ထာဝရဘုရား​သည် မိမိ​ပြည်​တော်​အဖို့ စိတ်အားထက်သန်​၍ မိမိ​၏​လူမျိုး​တော်​ကို ညှာတာ​တော်မူ​မည်​။ 19ထာဝရဘုရား​က မိမိ​လူမျိုး​တော်​အား “​ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​အား ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​နှင့်​ဆီ​ကို ပေးသနား​၍ သင်​တို့​သည် ဝပြော​စွာ​စားသောက်​ရ​မည်​။ သင်​တို့​ကို လူမျိုးခြား​တို့​အလယ်​တွင် ကဲ့ရဲ့စရာ​ဖြစ်စေ​တော့​မည်​မ​ဟုတ်​။ 20မြောက်ပိုင်း​ရန်သူ​ကို သင်​တို့​နှင့်​ဝေး​စေ​မည်​။ သူ့​ကို လူသူကင်းမဲ့​၍ တိတ်ဆိတ်​သော​ပြည်​သို့ နှင်ထုတ်​မည်​။ သူ​၏​တပ်ဦး​စစ်သည်​ကို အရှေ့​ပင်လယ်​ထဲသို့​လည်းကောင်း​၊ သူ​၏​နောက်ရံ​စစ်သည်​ကို အနောက်​ပင်လယ်​ထဲသို့​လည်းကောင်း နှင်ထုတ်​မည်​။ သူ့​ထံမှ​အပုပ်နံ့​၊ အသိုးနံ့​တို့ ထွက်​လိမ့်မည်​။ အကြောင်းမူကား သူ​သည် အမှု​ကြီး​ကို ပြု​လေ​ပြီ”​ဟု ပြန်လည်​မိန့်ဆို​တော်မူ​မည်​။ 21အို ပြည်​တော်​၊ မ​ကြောက်ရွံ့​နှင့်​။ ဝမ်းမြောက်​ရွှင်လန်း​လော့​။ ထာဝရဘုရား​သည် ကြီးမြတ်​သော​အမှု​ကို ပြု​တော်မူ​လေ​ပြီ​။ 22အို တောတိရစ္ဆာန်​တို့​၊ မ​ကြောက်​ကြ​နှင့်​။ ကန္တာရ​သည် စိမ်းလန်း​သော​စားကျက်မြေ ဖြစ်လာ​မည်​။ အပင်​များ အသီး​သီး​မည်​။ သဖန်းပင်​နှင့် စပျစ်ပင်​တို့​လည်း အလွန်​ဖြစ်ထွန်း​ကြ​လိမ့်မည်​။ 23အို ဇိအုန်​သား​တို့​၊ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကြောင့် ဝမ်းမြောက်​ရွှင်လန်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည်​ဖြောင့်မတ်မှန်ကန်​တော်မူ​သည့်​အတိုင်း သင်​တို့​အဖို့ မိုးဦး​ကို ရွာ​စေ​တော်မူ​ပြီ​။ မိုးဦး​၊ မိုးနှောင်း​ကို​လည်း ယခင်က​ကဲ့သို့ပင် ရွာ​သွန်း​စေ​တော်မူ​ပြီ​။ 24ကောက်နယ်တလင်း​တို့​သည် ကောက်ပဲသီးနှံ​နှင့် ပြည့်​လိမ့်မည်​။ စည်​တို့​သည်​လည်း စပျစ်ဝိုင်​အသစ်​နှင့် ဆီ​တို့​ဖြင့် ပြည့်​လိမ့်မည်​။ 25“သင်​တို့​ထံ ငါ​စေလွှတ်​ခဲ့​သော စစ်သည်​အလုံးအရင်း​များ​ဖြစ်​သည့် အရာဘကျိုင်း​၊ ယာလက်ကျိုင်း​၊ ခါသိလကျိုင်း​၊ ဂါဇံကျိုင်း​တို့ ဝါးမျို​ဖျက်ဆီး​သော​နှစ်ကာလ​တစ်လျှောက် သင်​တို့​ဆုံးရှုံး​ခဲ့​သမျှ​ကို ငါ​ပြန်ပေး​မည်​။ 26သင်​တို့​သည် ဝလင်​စွာ​စား​ရ​သဖြင့် သင်​တို့​အဖို့ အံ့ဖွယ်​သော​အမှု​ပြု​တော်မူ​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​ကို သင်​တို့​ချီးမွမ်း​ကြ​လိမ့်မည်​။ ငါ​၏​လူမျိုး​တော်​သည် ဘယ်သောအခါ​မျှ အရှက်ကွဲ​ရ​တော့​မည်​မ​ဟုတ်​။ 27သို့မှ ငါ​သည် အစ္စရေး​လူမျိုး​တို့​တွင် စံမြန်း​တော်မူ​ကြောင်း​ကို​လည်းကောင်း​၊ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း​ကို​လည်းကောင်း​၊ ငါ​မှတစ်ပါး​အခြား​သော​ဘုရား​မ​ရှိ​ကြောင်း​ကို​လည်းကောင်း သင်​တို့​သိ​ရ​ကြ​လိမ့်မည်​။ ငါ​၏​လူမျိုး​တော်​သည်​လည်း ဘယ်သောအခါ​မျှ အရှက်ကွဲ​ရ​တော့​မည်​မ​ဟုတ်​။
မိမိဝိညာဉ်နှင့်ဆိုင်သော ဘုရားသခင်၏ကတိတော်
28ထို့နောက်မှ လူ​အပေါင်း​တို့​အပေါ်​သို့ ငါ​၏​ဝိညာဉ်​တော်​ကို သွန်းလောင်း​မည်​။ သင်​တို့​၏​သား​သမီး​တို့​သည် ပရောဖက်ပြု​ဟောပြော​ကြ​လိမ့်မည်​။ သက်ကြီးဝါကြီး​တို့​သည် အိပ်မက်​ကို မြင်​ရ​လိမ့်မည်​။ လူပျို​တို့​သည်​လည်း စိတ်အာရုံ​ကို မြင်​ရ​ကြ​လိမ့်မည်​။ 29ထို​ကာလ​တွင် ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​အပေါ်​သို့​ပင်လျှင် ငါ​၏​ဝိညာဉ်​တော်​ကို သွန်းလောင်း​မည်​။ 30မိုးကောင်းကင်​နှင့် မြေကြီး​ပေါ်တွင် အံ့ဖွယ်​သော​အမှု​တို့​ကို ငါ​ပြ​ဦး​မည်​။ သွေး​၊ မီး​နှင့် မီးခိုး​တိုင်​တို့ ဖြစ်ပေါ်​မည်​။ 31ကြောက်မက်​ဖွယ်​ကောင်း​သော ထာဝရဘုရား​၏​နေ့ရက်​ကြီး​မ​ရောက်​မီ နေ​သည် မှောင်မိုက်​၍ လ​သည် သွေး​ဖြစ်​လိမ့်မည်​။#ဟေရှာ 13:10၊ ယေဇ 32:7၊ ယောလ 2:10၊ 3:15၊ ဗျာ 8:12၊ 9:2။ 32ထာဝရဘုရား​၏​နာမ​တော်​ကို ပတ္ထနာပြု​သော​သူ​အပေါင်း​တို့​သည် ကယ်တင်​ခြင်း​ခံရ​ကြ​လိမ့်မည်​။#တ 2:21၊ ရော 10:13။ ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ဇိအုန်​တောင်​ပေါ်​နှင့် ဂျေရုဆလင်​မြို့​တို့​တွင် လွတ်မြောက်​သော​သူ​ရှိ​လိမ့်မည်​။ ထို​သူ​တို့​သည် အသက်ရှင်​ကျန်ရစ်​သော​သူ​များ​ထဲမှ ထာဝရဘုရား ခေါ်​တော်မူ​သော​သူ​သာ ဖြစ်​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ယောလအနာဂတ္တိကျမ်း 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ