YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောလအနာဂတ္တိကျမ်း 2:18-32

ယောလအနာဂတ္တိကျမ်း 2:18-32 MSBU

ထိုအခါ ထာဝရဘုရား​သည် မိမိ​ပြည်​တော်​အဖို့ စိတ်အားထက်သန်​၍ မိမိ​၏​လူမျိုး​တော်​ကို ညှာတာ​တော်မူ​မည်​။ ထာဝရဘုရား​က မိမိ​လူမျိုး​တော်​အား “​ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​အား ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​နှင့်​ဆီ​ကို ပေးသနား​၍ သင်​တို့​သည် ဝပြော​စွာ​စားသောက်​ရ​မည်​။ သင်​တို့​ကို လူမျိုးခြား​တို့​အလယ်​တွင် ကဲ့ရဲ့စရာ​ဖြစ်စေ​တော့​မည်​မ​ဟုတ်​။ မြောက်ပိုင်း​ရန်သူ​ကို သင်​တို့​နှင့်​ဝေး​စေ​မည်​။ သူ့​ကို လူသူကင်းမဲ့​၍ တိတ်ဆိတ်​သော​ပြည်​သို့ နှင်ထုတ်​မည်​။ သူ​၏​တပ်ဦး​စစ်သည်​ကို အရှေ့​ပင်လယ်​ထဲသို့​လည်းကောင်း​၊ သူ​၏​နောက်ရံ​စစ်သည်​ကို အနောက်​ပင်လယ်​ထဲသို့​လည်းကောင်း နှင်ထုတ်​မည်​။ သူ့​ထံမှ​အပုပ်နံ့​၊ အသိုးနံ့​တို့ ထွက်​လိမ့်မည်​။ အကြောင်းမူကား သူ​သည် အမှု​ကြီး​ကို ပြု​လေ​ပြီ”​ဟု ပြန်လည်​မိန့်ဆို​တော်မူ​မည်​။ အို ပြည်​တော်​၊ မ​ကြောက်ရွံ့​နှင့်​။ ဝမ်းမြောက်​ရွှင်လန်း​လော့​။ ထာဝရဘုရား​သည် ကြီးမြတ်​သော​အမှု​ကို ပြု​တော်မူ​လေ​ပြီ​။ အို တောတိရစ္ဆာန်​တို့​၊ မ​ကြောက်​ကြ​နှင့်​။ ကန္တာရ​သည် စိမ်းလန်း​သော​စားကျက်မြေ ဖြစ်လာ​မည်​။ အပင်​များ အသီး​သီး​မည်​။ သဖန်းပင်​နှင့် စပျစ်ပင်​တို့​လည်း အလွန်​ဖြစ်ထွန်း​ကြ​လိမ့်မည်​။ အို ဇိအုန်​သား​တို့​၊ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကြောင့် ဝမ်းမြောက်​ရွှင်လန်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည်​ဖြောင့်မတ်မှန်ကန်​တော်မူ​သည့်​အတိုင်း သင်​တို့​အဖို့ မိုးဦး​ကို ရွာ​စေ​တော်မူ​ပြီ​။ မိုးဦး​၊ မိုးနှောင်း​ကို​လည်း ယခင်က​ကဲ့သို့ပင် ရွာ​သွန်း​စေ​တော်မူ​ပြီ​။ ကောက်နယ်တလင်း​တို့​သည် ကောက်ပဲသီးနှံ​နှင့် ပြည့်​လိမ့်မည်​။ စည်​တို့​သည်​လည်း စပျစ်ဝိုင်​အသစ်​နှင့် ဆီ​တို့​ဖြင့် ပြည့်​လိမ့်မည်​။ “သင်​တို့​ထံ ငါ​စေလွှတ်​ခဲ့​သော စစ်သည်​အလုံးအရင်း​များ​ဖြစ်​သည့် အရာဘကျိုင်း​၊ ယာလက်ကျိုင်း​၊ ခါသိလကျိုင်း​၊ ဂါဇံကျိုင်း​တို့ ဝါးမျို​ဖျက်ဆီး​သော​နှစ်ကာလ​တစ်လျှောက် သင်​တို့​ဆုံးရှုံး​ခဲ့​သမျှ​ကို ငါ​ပြန်ပေး​မည်​။ သင်​တို့​သည် ဝလင်​စွာ​စား​ရ​သဖြင့် သင်​တို့​အဖို့ အံ့ဖွယ်​သော​အမှု​ပြု​တော်မူ​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​ကို သင်​တို့​ချီးမွမ်း​ကြ​လိမ့်မည်​။ ငါ​၏​လူမျိုး​တော်​သည် ဘယ်သောအခါ​မျှ အရှက်ကွဲ​ရ​တော့​မည်​မ​ဟုတ်​။ သို့မှ ငါ​သည် အစ္စရေး​လူမျိုး​တို့​တွင် စံမြန်း​တော်မူ​ကြောင်း​ကို​လည်းကောင်း​၊ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း​ကို​လည်းကောင်း​၊ ငါ​မှတစ်ပါး​အခြား​သော​ဘုရား​မ​ရှိ​ကြောင်း​ကို​လည်းကောင်း သင်​တို့​သိ​ရ​ကြ​လိမ့်မည်​။ ငါ​၏​လူမျိုး​တော်​သည်​လည်း ဘယ်သောအခါ​မျှ အရှက်ကွဲ​ရ​တော့​မည်​မ​ဟုတ်​။ ထို့နောက်မှ လူ​အပေါင်း​တို့​အပေါ်​သို့ ငါ​၏​ဝိညာဉ်​တော်​ကို သွန်းလောင်း​မည်​။ သင်​တို့​၏​သား​သမီး​တို့​သည် ပရောဖက်ပြု​ဟောပြော​ကြ​လိမ့်မည်​။ သက်ကြီးဝါကြီး​တို့​သည် အိပ်မက်​ကို မြင်​ရ​လိမ့်မည်​။ လူပျို​တို့​သည်​လည်း စိတ်အာရုံ​ကို မြင်​ရ​ကြ​လိမ့်မည်​။ ထို​ကာလ​တွင် ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​အပေါ်​သို့​ပင်လျှင် ငါ​၏​ဝိညာဉ်​တော်​ကို သွန်းလောင်း​မည်​။ မိုးကောင်းကင်​နှင့် မြေကြီး​ပေါ်တွင် အံ့ဖွယ်​သော​အမှု​တို့​ကို ငါ​ပြ​ဦး​မည်​။ သွေး​၊ မီး​နှင့် မီးခိုး​တိုင်​တို့ ဖြစ်ပေါ်​မည်​။ ကြောက်မက်​ဖွယ်​ကောင်း​သော ထာဝရဘုရား​၏​နေ့ရက်​ကြီး​မ​ရောက်​မီ နေ​သည် မှောင်မိုက်​၍ လ​သည် သွေး​ဖြစ်​လိမ့်မည်​။ ထာဝရဘုရား​၏​နာမ​တော်​ကို ပတ္ထနာပြု​သော​သူ​အပေါင်း​တို့​သည် ကယ်တင်​ခြင်း​ခံရ​ကြ​လိမ့်မည်​။ ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ဇိအုန်​တောင်​ပေါ်​နှင့် ဂျေရုဆလင်​မြို့​တို့​တွင် လွတ်မြောက်​သော​သူ​ရှိ​လိမ့်မည်​။ ထို​သူ​တို့​သည် အသက်ရှင်​ကျန်ရစ်​သော​သူ​များ​ထဲမှ ထာဝရဘုရား ခေါ်​တော်မူ​သော​သူ​သာ ဖြစ်​လိမ့်မည်​။

​ယောလအနာဂတ္တိကျမ်း 2:18-32 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။