ထာဝရဘုရားက “ယခုပင် ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့ ပြန်လာ၍ အစာရှောင်လျက် ငိုကြွေးမြည်တမ်းကြလော့”ဟု မိန့်တော်မူ၏။ သင်တို့သည် အဝတ်ကိုမဆုတ်၊ နှလုံးသားကိုဆုတ်ပြီး သင်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြန်လာကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာကြွယ်ဝသော၊ ဘေးအန္တရာယ်ကို လွှဲဖယ်ပေးတော်မူတတ်သောဘုရား ဖြစ်၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် စိတ်တော်ပြေ၍ ကိုယ်တော်အား ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာပူဇော်သက္ကာတို့ပူဇော်ခွင့်ကောင်းချီးကို ချန်ထားပေးမည်၊ မပေးမည်ကို မည်သူသိနိုင်မည်နည်း။ ဇိအုန်တောင်ပေါ်တွင် တံပိုးကိုမှုတ်ကြလော့။ အစာရှောင်ရန် အသင့်ပြင်ကြလော့။ ဓမ္မစည်းဝေးပွဲကို ဆင့်ခေါ်ကြလော့။ လူတို့ကိုစုဝေးစေ၍ လူထုကြီးကို စင်ကြယ်စေလော့။ သက်ကြီးဝါကြီးများကို စုရုံးစေလော့။ နို့စို့ကလေးမှစ၍ ကလေးငယ်တို့ကို စုစည်းလော့။ သတို့သားကို အခန်းထဲမှလည်းကောင်း၊ သတို့သမီးကို မင်္ဂလာခန်းမှလည်းကောင်း ထွက်လာစေလော့။ ထာဝရဘုရား၏အမှုတော်ဆောင် ယဇ်ပုရောဟိတ်တို့သည် ဆင်ဝင်ပေါက်နှင့်ယဇ်ပလ္လင်ကြားတွင် ငိုကြွေးလျက် “အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်ကို သနားတော်မူပါ။ ကိုယ်တော်၏အမွေတော်ကို လူမျိုးခြားတို့အလယ်တွင် ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာဖြစ်အောင် ပြုတော်မမူပါနှင့်။ လူမျိုးခြားတို့က ‘သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း’ဟူ၍ လူမျိုးတကာ၏အလယ်တွင် အဘယ်ကြောင့် ဆိုရပါမည်နည်း”ဟု လျှောက်ကြစေ။ ထိုအခါ ထာဝရဘုရားသည် မိမိပြည်တော်အဖို့ စိတ်အားထက်သန်၍ မိမိ၏လူမျိုးတော်ကို ညှာတာတော်မူမည်။ ထာဝရဘုရားက မိမိလူမျိုးတော်အား “ကြည့်ရှုလော့။ ငါသည် သင်တို့အား ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်နှင့်ဆီကို ပေးသနား၍ သင်တို့သည် ဝပြောစွာစားသောက်ရမည်။ သင်တို့ကို လူမျိုးခြားတို့အလယ်တွင် ကဲ့ရဲ့စရာဖြစ်စေတော့မည်မဟုတ်။ မြောက်ပိုင်းရန်သူကို သင်တို့နှင့်ဝေးစေမည်။ သူ့ကို လူသူကင်းမဲ့၍ တိတ်ဆိတ်သောပြည်သို့ နှင်ထုတ်မည်။ သူ၏တပ်ဦးစစ်သည်ကို အရှေ့ပင်လယ်ထဲသို့လည်းကောင်း၊ သူ၏နောက်ရံစစ်သည်ကို အနောက်ပင်လယ်ထဲသို့လည်းကောင်း နှင်ထုတ်မည်။ သူ့ထံမှအပုပ်နံ့၊ အသိုးနံ့တို့ ထွက်လိမ့်မည်။ အကြောင်းမူကား သူသည် အမှုကြီးကို ပြုလေပြီ”ဟု ပြန်လည်မိန့်ဆိုတော်မူမည်။ အို ပြည်တော်၊ မကြောက်ရွံ့နှင့်။ ဝမ်းမြောက်ရွှင်လန်းလော့။ ထာဝရဘုရားသည် ကြီးမြတ်သောအမှုကို ပြုတော်မူလေပြီ။ အို တောတိရစ္ဆာန်တို့၊ မကြောက်ကြနှင့်။ ကန္တာရသည် စိမ်းလန်းသောစားကျက်မြေ ဖြစ်လာမည်။ အပင်များ အသီးသီးမည်။ သဖန်းပင်နှင့် စပျစ်ပင်တို့လည်း အလွန်ဖြစ်ထွန်းကြလိမ့်မည်။ အို ဇိအုန်သားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားကြောင့် ဝမ်းမြောက်ရွှင်လန်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည်ဖြောင့်မတ်မှန်ကန်တော်မူသည့်အတိုင်း သင်တို့အဖို့ မိုးဦးကို ရွာစေတော်မူပြီ။ မိုးဦး၊ မိုးနှောင်းကိုလည်း ယခင်ကကဲ့သို့ပင် ရွာသွန်းစေတော်မူပြီ။ ကောက်နယ်တလင်းတို့သည် ကောက်ပဲသီးနှံနှင့် ပြည့်လိမ့်မည်။ စည်တို့သည်လည်း စပျစ်ဝိုင်အသစ်နှင့် ဆီတို့ဖြင့် ပြည့်လိမ့်မည်။ “သင်တို့ထံ ငါစေလွှတ်ခဲ့သော စစ်သည်အလုံးအရင်းများဖြစ်သည့် အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်း၊ ဂါဇံကျိုင်းတို့ ဝါးမျိုဖျက်ဆီးသောနှစ်ကာလတစ်လျှောက် သင်တို့ဆုံးရှုံးခဲ့သမျှကို ငါပြန်ပေးမည်။ သင်တို့သည် ဝလင်စွာစားရသဖြင့် သင်တို့အဖို့ အံ့ဖွယ်သောအမှုပြုတော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို သင်တို့ချီးမွမ်းကြလိမ့်မည်။ ငါ၏လူမျိုးတော်သည် ဘယ်သောအခါမျှ အရှက်ကွဲရတော့မည်မဟုတ်။ သို့မှ ငါသည် အစ္စရေးလူမျိုးတို့တွင် စံမြန်းတော်မူကြောင်းကိုလည်းကောင်း၊ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကိုလည်းကောင်း၊ ငါမှတစ်ပါးအခြားသောဘုရားမရှိကြောင်းကိုလည်းကောင်း သင်တို့သိရကြလိမ့်မည်။ ငါ၏လူမျိုးတော်သည်လည်း ဘယ်သောအခါမျှ အရှက်ကွဲရတော့မည်မဟုတ်။ ထို့နောက်မှ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သက်ကြီးဝါကြီးတို့သည် အိပ်မက်ကို မြင်ရလိမ့်မည်။ လူပျိုတို့သည်လည်း စိတ်အာရုံကို မြင်ရကြလိမ့်မည်။ ထိုကာလတွင် ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့အပေါ်သို့ပင်လျှင် ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းမည်။ မိုးကောင်းကင်နှင့် မြေကြီးပေါ်တွင် အံ့ဖွယ်သောအမှုတို့ကို ငါပြဦးမည်။ သွေး၊ မီးနှင့် မီးခိုးတိုင်တို့ ဖြစ်ပေါ်မည်။ ကြောက်မက်ဖွယ်ကောင်းသော ထာဝရဘုရား၏နေ့ရက်ကြီးမရောက်မီ နေသည် မှောင်မိုက်၍ လသည် သွေးဖြစ်လိမ့်မည်။ ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုသောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဇိအုန်တောင်ပေါ်နှင့် ဂျေရုဆလင်မြို့တို့တွင် လွတ်မြောက်သောသူရှိလိမ့်မည်။ ထိုသူတို့သည် အသက်ရှင်ကျန်ရစ်သောသူများထဲမှ ထာဝရဘုရား ခေါ်တော်မူသောသူသာ ဖြစ်လိမ့်မည်။
ယောလအနာဂတ္တိကျမ်း 2 ကိုဖတ်ပါ။
နားထောင်ပါ။ ယောလအနာဂတ္တိကျမ်း 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယောလအနာဂတ္တိကျမ်း 2:12-32
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို