YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 40:6-24

ယောဘဝတ္ထု 40:6-24 MSBU

တစ်ဖန် ထာဝရဘုရား​က ယောဘ​အား “ယခု ယောက်ျား​ပီသ​စွာ ခါး​ကို​စည်းထား​လော့​။ ငါ​မေး​သော​မေးခွန်း​များ​ကို ဖြေ​လော့​။ သင်​သည် ငါ​၏​စီရင်ထုံးဖွဲ့ချက်​ကို ပယ်ဖျက်​မည်လော​။ သင့်ကိုယ်သင် ဖြောင့်မတ်​ကြောင်း​ပြသ​ရန် ငါ့​ကို အပြစ်တင်​မည်လော​။ ငါ​ဘုရားသခင်​၏​လက်ရုံး​မျိုး သင်​၌​ရှိ​သလော​။ မိုးချုန်းသံ​ကဲ့သို့သော​အသံ​မျိုး သင်​၌​ရှိ​သလော​။ ထိုသို့ဖြစ်လျှင် သင့်ကိုယ်ကို ဂုဏ်​များ​၊ ထည်ဝါမှု​များ​နှင့် တန်ဆာဆင်​လိုက်​ပါ​။ ကျက်သရေ​မင်္ဂလာ​များ​နှင့် ဆင်ယင်​လိုက်​ပါ​။ သင်​၏​ဒေါသအိုး​ကို ဖောက်ခွဲ​လိုက်​ပြီး မောက်မာ​သော​သူ​အပေါင်း​တို့​ကို မာန်စွယ်ချိုး​ကြည့်​လိုက်​ပါ​။ မောက်မာ​သော​သူ​တို့​ကို နှိမ့်ချ​ကြည့်​လိုက်​ပါ​။ လူယုတ်မာ​တို့​ကို သူ​တို့​ရှိ​သော​နေရာ​တွင်ပင် နင်းချေ​လိုက်​ပါ​။ သူ​တို့​ကို မြေမှုန့်​ထဲမှာ အတူ​မြှုပ်​ပစ်​လိုက်​ပါ​။ မှောင်မိုက်​ထဲ၌ သူ​တို့​မျက်နှာ​ကို စည်းထား​လိုက်​ပါ​။ ထိုသို့​ပြု​နိုင်​လျှင် သင့်​လက်ရုံး​သည် သင့်​ကို ကာကွယ်​နိုင်​ပါ​သည်​တကား​ဟု ငါ​အသိအမှတ်ပြု​မည်​။ ဗေဟမုတ်​ကို ကြည့်​လော့​။ သင့်​ကို​ငါ​ဖန်ဆင်း​သကဲ့သို့ သူ့​ကို​လည်း ငါ​ဖန်ဆင်း​ခဲ့​၏​။ သူ​သည် နွား​ကဲ့သို့ မြက်​ကို​စား​၏​။ သူ့​ခွန်အား​သည် သူ့​ခါး​၌​ရှိ​၍ သူ့​စွမ်းအား​သည် သူ့​ဝမ်းဗိုက်​ကြွက်သား​များ​၌ ရှိ​၏​။ သူ့​အမြီး​သည် သစ်ကတိုးပင်​ကဲ့သို့ မာကျော​၏​။ သူ့​ပေါင်​ကြော​တို့​သည်​လည်း လိမ်ခွေယှက်ဖြာ​လျက် ရှိ​၏​။ သူ့​အရိုး​တို့​သည် ကြေးဝါ​ချောင်း​များ​နှင့်​တူ​၏​။ ခြေချောင်း​လက်ချောင်း​တို့​သည်​လည်း သံ​ချောင်း​နှင့်​တူ​၏​။ သူ​သည် ဘုရားသခင်​၏​အဦးဆုံး​ဖန်ဆင်းခံလက်ရာ ဖြစ်​၏​။ သူ့​ကို​ဖန်ဆင်း​ထား​သော​အရှင်​သာလျှင် ဓား​ဖြင့် သူ့​ထံ​ချဉ်းကပ်​နိုင်​၏​။ အကယ်စင်စစ် သူ့​အဖို့ အစားအစာ​ကို တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​ကျက်စား​ရာ တောင်တန်း​တို့​မှ ရ​၏​။ ကြာပင်​အောက်​မှာ​၊ စိမ့်စမ်းတော​ရှိ ကျူပင်​အကွယ်​မှာ ဝပ်​နေ​တတ်​၏​။ ကြာပင်​သည် သူ့​ကို အရိပ်​မိုး​ပေး​၏​။ ချောင်း​နံဘေး​ရှိ​မိုးမခပင်​များ​သည် သူ့​ကို​ဝိုင်းရံ​ထား​၏​။ မြစ်ရေကြီး​သော်လည်း သူ​သည် ထိတ်လန့်​ခြင်း​မ​ရှိ​။ ဂျော်ဒန်​မြစ်ရေ​သည် သူ့​နှုတ်သီး​ကို အရှိန်​နှင့်​တိုက်သွား​လျှင်ပင် သူ​မမှု​ပါ​။ သူ့​ကို ပေါ်ပေါ်ထင်ထင်​ဖမ်း​နိုင်​မည်လော​။ သူ့​ကို​ထောင်ဖမ်း​ပြီး နဖားကြိုး တပ်​နိုင်​မည်လော​။