ယောဘဝတ္ထု 4
4
ပထမအကြိမ် အပြန်အလှန်ပြောသောစကား
ဧလိဖတ် ပြောသောစကား
1ထိုအခါ တေမန်အမျိုးသား ဧလိဖတ်က 2“သင်နှင့် စကားပြောလျှင် သင်စိတ်အနှောင့်အယှက်ဖြစ်မည်လော။ သို့သော် မည်သူသည် စကားမပြောဘဲနေနိုင်မည်နည်း။ 3ကြည့်ရှုလော့။ သင်သည် လူအများကို ဆုံးမပေးခဲ့ပြီ။ အားနည်းသောလက်တို့ကိုလည်း ခိုင်ခံ့စေခဲ့ပြီ။ 4သင်၏စကားများသည် လဲကျနေသောသူကို ပြန်ထစေပြီ။ ညွတ်ကျသွားသောဒူးများကိုလည်း သန်မာစေပြီ။ 5ယခုမှာ သင်ကိုယ်တိုင်ကြုံတွေ့ရပြီဖြစ်၍ သင်ပင်ပန်းနေရပြီ။ သင်ထိခိုက်ခံနေရပြီဖြစ်၍ သင်ထိတ်လန့်နေရပြီ။ 6သင်၏ကြည်ညိုကိုင်းရှိုင်းခြင်းသည် သင်၏ယုံကြည်အားထားရာ မဟုတ်လော။ တည်ကြည်စွာ ပြုမူကျင့်ကြံခြင်းသည် သင်၏မျှော်လင့်ရာ မဟုတ်လော။ 7ယခု ဆင်ခြင်ကြည့်ပါလော့။ မည်သူသည် အပြစ်မရှိဘဲ ပျက်စီးဖူးသနည်း။ ဖြောင့်မှန်သောသူသည် အဘယ်မှာ ဖျက်ဆီးခံရဖူးသနည်း။ 8ငါသတိပြုမိသည်မှာ အပြစ်ဒုစရိုက်ကိုထွန်ယက်၍ အခက်အခဲပြဿနာကိုကြဲသောသူသည် ထိုအရာတို့ကို ပြန်ရိတ်သိမ်းရတတ်၏။ 9ဘုရားသခင်ထံတော်မှ ထွက်သက်လေတစ်ချက်တည်းနှင့် ထိုသူတို့ ပျက်စီးရ၏။ အမျက်တော်အရှိန်နှင့် ထိုသူတို့ ဘဝနိဂုံးချုပ်ရ၏။ 10ခြင်္သေ့၏မာန်ဖီသံ၊ ခြင်္သေ့ကြီး၏ဟိန်းဟောက်သံ ဆိတ်သုဉ်းရ၏။ ခြင်္သေ့ပျိုတို့၏အစွယ်များ ကျိုးသွားရ၏။ 11သားကောင်မဲ့သောကြောင့် ခြင်္သေ့တို့ သေကျေကြရ၏။ ခြင်္သေ့ပေါက်လေးတို့လည်း ကွဲလွင့်ကုန်ပါ၏။ 12ငါ့နားထဲတွင် တိုးညှင်းသောစကားသံတစ်ခုကို သဲ့သဲ့လေးကြားရ၏။ 13လူတို့အိပ်မောကျနေချိန် ညစိတ်အာရုံထဲတွင် ပူပန်စရာအတွေးများ ရောက်လာ၍ 14ကြောက်ရွံ့ထိတ်လန့်ခြင်းသည် ငါ့ကိုဝိုင်းရံသဖြင့် ငါ့အရိုးရှိသမျှတို့သည် တုန်လှုပ်ကြပါ၏။ 15ဝိညာဉ်တစ်ပါးသည် ငါ့ရှေ့မှရွေ့လျားသွားသဖြင့် ငါ့တစ်ကိုယ်လုံး ကြက်သီးထမိပါ၏။ 16ထိုဝိညာဉ်သည် မလှုပ်မယှက်ရပ်နေ၏။ သို့သော် သူ့ရုပ်သွင်ကို ငါမဖော်ပြတတ်။ သူ့သဏ္ဌာန်ကိုသာ ငါမြင်ရ၏။ တိတ်ဆိတ်နေ၏။ ထို့နောက် အသံတစ်ခုကို ငါကြားရ၏။ 17သေမျိုးဖြစ်သောလူသည် ဘုရားသခင်ရှေ့တွင် ဖြောင့်မတ်နိုင်မည်လော။ လူသည် သူ့ကိုဖန်ဆင်းသောအရှင်ရှေ့တွင် စင်ကြယ်နိုင်မည်လော။ 18မိမိအစေအပါးတို့ကို အယုံအကြည်ရှိတော်မမူ၊ မိမိကောင်းကင်တမန်တို့ကိုပင် အပြစ်ရှိသည်ဟု စီရင်တော်မူလျှင် 19မြေမှုန့်တွင်အုတ်မြစ်ချထားသောရွှံ့အိမ်၌ နေထိုင်ကြပြီး ပိုးကောင်ကဲ့သို့ အမှုန့်ချေ၍ရသောသူတို့ကိုမူ အဘယ်ဆိုဖွယ်ရှိသနည်း။ 20သူတို့သည် နေထွက်ချိန်နှင့် နေဝင်ချိန်ကြား၌ပင် အမှုန့်ဖြစ်သွားနိုင်၏။ သတိမထားမိချိန်မှာပင် အစဉ်ပျက်စီးသွားနိုင်၏။ 21သူတို့တဲဆိုင်းကြိုးဆွဲဖြုတ်ခံရ၏။ သူတို့သည် ဉာဏ်ပညာမဲ့လျက် သေသွားကြရ၏။
လက်ရှိရွေးချယ်ထားမှု
ယောဘဝတ္ထု 4: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative