ယောဘဝတ္ထု 18
18
ဗိလဒဒ် ပြောသောစကား
1ထိုအခါ ရှုအာအမျိုးသား ဗိလဒဒ်က 2“မည်သည့်အချိန်မှ သင်တို့စကားဆုံးမည်နည်း။ ဆင်ခြင်သုံးသပ်ပြီးမှ ငါတို့စကားပြောကြမည်။ 3အဘယ်ကြောင့် ငါတို့ကို တိရစ္ဆာန်ကဲ့သို့ မှတ်ရသနည်း။ အဘယ်ကြောင့် ငါတို့ကို လူတုံးလူအဟု မြင်ရသနည်း။ 4သင်အမျက်ထွက်၍ သင့်ကိုယ်သင် ဆွဲဆုတ်ပစ်လျှင်ပင် ထို့အတွက် မြေကြီး ဆိတ်သုဉ်းသွားရမည်လော။ ကျောက်ဆောင်လည်း နေရာမှရွေ့ပေးရမည်လော။ 5အကယ်စင်စစ် လူဆိုးတို့၏မီးအိမ်သည် ငြိမ်းသွားလိမ့်မည်။ သူ၏မီးလျှံသည်လည်း လင်းထိန်နေမည်မဟုတ်။ 6သူ၏တဲရှိအလင်းသည် မှောင်မိုက်ဖြစ်လိမ့်မည်။ သူ၏ဘေးရှိမီးခွက်သည်လည်း ငြိမ်းသွားလိမ့်မည်။ 7အားမာန်ပြည့်သောခြေလှမ်းများသည် အားလျော့သွားလိမ့်မည်။ သူ့အကြံနှင့်သူ လဲပြိုသွားရလိမ့်မည်။ 8အကြောင်းမူကား သူ့ခြေတို့သည် ပိုက်ကွန်နှင့်ငြိ၍ သူသည်လည်း ကွန်ရက်ထဲတွင် လည်နေလိမ့်မည်။ 9သူ၏ဖနောင့်သည် ကျော့ကွင်း၌ မိလိမ့်မည်။ ညွှတ်ကွင်းသည်လည်း သူ့ကိုဆွဲထားလိမ့်မည်။ 10သူ့ကိုထောင်ဖမ်းမည့်ကြိုးကွင်းကို မြေကြီးတွင် ဝှက်ထားလိမ့်မည်။ သူသွားမည့်လမ်းတွင် ထောင်ချောက်ဆင်ထားလိမ့်မည်။ 11ထိတ်လန့်ဖွယ်ရာတို့သည် သူ့ကိုပတ်လည်ဝိုင်း၍ ခြောက်လှန့်ပြီး သူသွားလေရာရာသို့ ထက်ကြပ်မကွာလိုက်လိမ့်မည်။ 12ဆင်းရဲဒုက္ခသည် သူ့ကို အာသာပြင်းပြလေပြီ။ ဘေးဒုက္ခသည်လည်း သူ့ကို လှဲချရန်အသင့်ဖြစ်လေပြီ။ 13သူ့အသားအရေကို တစ်စပြီးတစ်စစားပစ်လိမ့်မည်။ သေမင်း၏သားဦးသည်လည်း သူ့ခြေလက်အင်္ဂါများကို ဝါးမျိုလိမ့်မည်။ 14သူခိုလှုံရာတဲထဲမှ သူ့ကိုဆွဲထုတ်ပြီး ထိတ်လန့်ခြင်းဘုရင်ထံသို့ သူ့ကိုခေါ်ဆောင်သွားမည်။ 15သူနှင့်မဆိုင်သောသတ္တဝါတို့သည် သူ့တဲ၌နေထိုင်ကြလိမ့်မည်။ သူ့နေရာကို ကန့်မှုန့်များဖြင့် ကြဲထားလိမ့်မည်။ 16သူ့အမြစ်တို့သည် ခြောက်သွေ့သွားလိမ့်မည်။ သူ့အခက်အလက်တို့သည်လည်း ညှိုးနွမ်းသွားလိမ့်မည်။ 17မြေကြီးပေါ်တွင် သူ့ကိုအမှတ်ရစရာမကျန်။ လမ်းပေါ်တွင် သူ့နာမည်ကျန်တော့မည်မဟုတ်။ 18သူသည် အလင်းမှအမှောင်ထဲသို့ မောင်းထုတ်ခြင်းခံရမည်။ ကမ္ဘာလောကမှ နှင်ထုတ်ခြင်းခံရမည်။ 19သူ့လူမျိုးတွင် သူသည် သားသမီးထွန်းကားမည်မဟုတ်။ သားမြေးအစဉ်အဆက်လည်း ရှိမည်မဟုတ်။ သူနေထိုင်ရာအရပ်တွင် အသက်ရှင်ကျန်ရစ်သူရှိတော့မည်မဟုတ်။ 20ထိုသို့ သူခံရသောနေ့ရက်တွင် အနောက်အရပ်မှလူတို့သည် တုန်လှုပ်ချောက်ချားကြလိမ့်မည်။ အရှေ့အရပ်မှလူတို့သည် ကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည်။ 21ဤသည်ကား ဒုစရိုက်သမားတို့နေထိုင်ရာ၊ ဘုရားကိုမသိသောသူတို့နေရာဖြစ်၏”ဟု ဆိုလေ၏။
လက်ရှိရွေးချယ်ထားမှု
ယောဘဝတ္ထု 18: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative