YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 1:1-22

ယောဘဝတ္ထု 1:1-22 MSBU

ဥဇ​ပြည်​တွင် ယောဘ​အမည်​ရှိ​သော​လူ​တစ်​ယောက်​ရှိ​၏​။ သူ​သည် အပြစ်တင်စရာ​မ​ရှိ​၊ ဖြောင့်မှန်​သော​သူ​၊ ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​သော​သူ​၊ မကောင်းမှု​ကို ရှောင်ကြဉ်​သော​သူ ဖြစ်​၏​။ သူ​၌ သား​ခုနစ်​ယောက်​၊ သမီး​သုံး​ယောက်​ရှိ​၏​။ သူ​သည် သိုး​ခုနစ်​ထောင်​၊ ကုလားအုတ်​သုံး​ထောင်​၊ နွား​အရှဉ်း​ငါး​ရာ​၊ မြည်း​ငါး​ရာ​နှင့် အစေခံ​အများအပြား ပိုင်ဆိုင်​ထား​၏​။ အရှေ့​ပြည်သား​အပေါင်း​တို့​တွင် သူ​သည် အချမ်းသာဆုံး​ဖြစ်​၏​။ သူ့​သား​တို့​သည် သတ်မှတ်​ထား​သော​နေ့​အတိုင်း သူ​တို့​အိမ်​အသီးသီး​၌ စားသောက်ပွဲ​ကို အလှည့်ကျ​ကျင်းပ​၍ သူ​တို့​၏​နှမ​သုံး​ယောက်​ကို​လည်း အတူ​စား​သောက်​ကြ​ရန် လူ​လွှတ်​၍ ဖိတ်ကြား​လေ့​ရှိ​၏​။ စားသောက်ပွဲ​အလှည့်ကျ​ကျင်းပ​သော​နေ့​များ​ပြီး​သောအခါ​တွင်​လည်း ယောဘ​က “​ငါ့​သားသမီး​တို့​စိတ်​ထဲတွင် ဘုရားသခင်​ကို ကျိန်ဆဲ​၍ အပြစ်​ပြု​မိ​ကောင်း​ပြု​မိ​ကြ​လိမ့်မည်​”​ဟု တွေး​၍ သူ​တို့​ကို ခေါ်​ပြီး ကိုယ်ကို​သန့်ရှင်း​စေ​လျက် နံနက်​စောစောထ​၍ သူ​တို့​အားလုံး​အရေအတွက်​အတိုင်း မီးရှို့ရာယဇ်​ကို ပူဇော်​၏​။ ယောဘ​သည် ထိုသို့ အမြဲ​ပြု​လေ့​ရှိ​၏​။ တစ်နေ့တွင် ဘုရား​သား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ ဝင်ရောက်ခစား​သောအခါ စာတန်​သည်​လည်း သူ​တို့​နှင့်အတူ​ရောက်လာ​၏​။ ထာဝရဘုရား​က စာတန်​အား “​သင် ဘယ်​အရပ်​က​လာ​သနည်း​”​ဟု မေး​တော်မူ​လျှင် စာတန်​က ထာဝရဘုရား​အား “​မြေကြီး​တစ်ခွင် လှည့်လည်​သွားလာ​ရာ​မှ လာ​ပါ​သည်​”​ဟု ပြန်လျှောက်​၏​။ ထိုအခါ ထာဝရဘုရား​က စာတန်​အား “​ငါ့​အစေအပါး​ယောဘ​ကို သင်​သတိထား​မိ​သလော​။ မြေကြီး​ပေါ်တွင် သူ​နှင့်​တူ​သူ​တစ်ယောက်​မျှ​မ​ရှိ​။ သူ​သည် အပြစ်တင်စရာ​မ​ရှိ​၊ ဖြောင့်မှန်​သော​သူ​၊ ဘုရားသခင်​ကို​ကြောက်ရွံ့ရိုသေ​သော​သူ​၊ မကောင်းမှု​ကို ရှောင်ကြဉ်​သော​သူ​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။ စာတန်​က​လည်း ထာဝရဘုရား​အား “​ယောဘ​သည် ဘုရားသခင်​ကို အကြောင်းမဲ့​ကြောက်ရွံ့ရိုသေ​ပါ​မည်လော​။ သူ​နှင့်​သူ့​အိမ်သူအိမ်သား​များ​၊ သူ​၌​ရှိသမျှ​တို့​ကို ကိုယ်တော် ဝိုင်းရံ​ကာကွယ်​ပေး​ထား​သည်​မ​ဟုတ်​ပါ​လော​။ သူ​လုပ်ဆောင်​သမျှ​တို့​ကို ကောင်းချီးပေး​သဖြင့် သူ​ပိုင်​သော​တိရစ္ဆာန်​များ​သည်​လည်း မြေကြီး​တစ်ခွင် တိုးပွား​နေ​သည်​မ​ဟုတ်​ပါ​လော​။ ယခု လက်​တော်​ကို​ဆန့်​၍ သူ​၌​ရှိသမျှ​ကို ဖျက်ဆီး​ကြည့်​ပါ​။ သူ​သည် ကိုယ်တော့်​ကို မျက်ဝါးထင်ထင်​ကျိန်ဆဲ​ပါ​လိမ့်မည်​”​ဟု ပြန်လျှောက်​လေ​၏​။ ထာဝရဘုရား​က​လည်း စာတန်​အား “​ကြည့်​လော့​။ သူ​၌​ရှိသမျှ​ကို သင့်​လက်​၌ ငါ​အပ်​ပြီ​။ သူ့​ကို​မူ ကိုယ်ထိလက်ရောက်​မ​ပြု​ရ​”​ဟု မိန့်​တော်မူ​၏​။ စာတန်​သည်​လည်း ထာဝရဘုရား​ထံ​တော်​မှ ထွက်သွား​လေ​၏​။ တစ်နေ့သ၌ ယောဘ​၏​သား​သမီး​တို့​သည် မိမိ​တို့​၏​အစ်ကို​အကြီးဆုံး​အိမ်​တွင် အစာစား​၍ စပျစ်ဝိုင်​သောက်​လျက်​နေ​ကြ​၏​။ ထိုအခါ ယောဘ​ထံသို့ တမန်​တစ်ဦး​ရောက်လာ​ပြီး “​နွား​များ ထွန်ယက်​နေ​၍ မြည်း​များ အနီးအနား​၌ ကျက်စား​နေ​ကြ​စဉ် ရှေဘ​ပြည်သား​တို့​သည် နွား​နှင့်​မြည်း​တို့​ကို တိုက်ခိုက်​သိမ်းယူ​သွား​ပါ​ပြီ​။ အစေခံ​တို့​ကို​လည်း ဓား​နှင့်​သတ်ပစ်​ကြ​ပါ​၏​။ အကျွန်ုပ်​တစ်ဦးတည်း​သာ လွတ်မြောက်​လာ​၍ အရှင့်​ထံ လာရောက်​ကြားလျှောက်​ပါ​သည်​”​ဟု ဆို​၏​။ ထိုသို့ ကြားလျှောက်​နေစဉ်​တွင်ပင် အခြား​တမန်​တစ်ဦး​ရောက်လာ​၍ “​ဘုရားသခင်​၏​မီး​သည် ကောင်းကင်​မှ​ကျလာ​၍ သိုး​နှင့်​အစေခံ​တို့​ကို လောင်​ကျွမ်း​လေ​ပြီ​။ အကျွန်ုပ်​တစ်ဦးတည်း​သာ လွတ်မြောက်​လာ​သဖြင့် အရှင့်​ထံ လာရောက်​ကြားလျှောက်​ပါ​သည်​”​ဟု ဆို​၏​။ ထိုသို့​ကြားလျှောက်​နေစဉ် အခြား​တစ်ဦး​လည်း​ရောက်လာ​၍ “​ခါလဒဲ​လူမျိုး​တို့​သည် အဖွဲ့​သုံး​ဖွဲ့​ခွဲ​ပြီး ကုလားအုတ်​များ​ကို တိုက်ခိုက်​သိမ်းယူ​သွား​ကြ​ပြီ​။ အစေခံ​တို့​ကို​လည်း ဓား​နှင့်​သတ်ပစ်​ပါ​၏​။ အကျွန်ုပ်​တစ်ဦးတည်း​သာ လွတ်မြောက်​လာ​သဖြင့် အရှင့်​ထံ လာရောက်​ကြားလျှောက်​ပါ​သည်​”​ဟု ဆို​၏​။ ထိုသို့ ကြားလျှောက်​နေ​စဉ်တွင်ပင် အခြား​တစ်ဦး​ရောက်လာ​၍ “​အရှင်​၏​သား​သမီး​တို့​သည် မိမိ​တို့​၏​အစ်ကို​အကြီးဆုံး​အိမ်​တွင် အစာစား​၍ စပျစ်ဝိုင်​သောက်​လျက်​နေ​ကြ​စဉ် တောကန္တာရ​ဘက်​မှ လေပြင်းမုန်တိုင်း​သည် လေးဘက်လေးတန်​မှ​တိုက်​လာ​သဖြင့် ထို​လုလင်​တို့​အပေါ်​သို့ အိမ်​ပြိုကျ​ပြီး သူ​တို့​သေ​ကုန်​ကြ​ပါ​ပြီ​။ အကျွန်ုပ်​တစ်ဦးတည်း​သာ လွတ်မြောက်​လာ​သဖြင့် အရှင့်​ထံ လာရောက်​ကြားလျှောက်​ပါ​သည်​”​ဟု ဆို​၏​။ ထိုအခါ ယောဘ​သည် ထ​၍ ဝတ်လုံ​ကို​ဆုတ်​လေ​၏​။ ဆံပင်​ကို​လည်း​ရိတ်​ပြီး မြေ​ပေါ်တွင် ပျပ်ဝပ်​ကိုးကွယ်​လျက် “​ငါ​သည် အဝတ်မပါ​ဘဲ အမိ​ဝမ်း​ထဲမှ​ထွက်လာ​၏​။ အဝတ်မပါ​ဘဲ ပြန်သွား​ရ​တော့​မည်​။ ထာဝရဘုရား ပေးသနား​တော်မူ​၏​။ ထာဝရဘုရား ပြန်​ရုပ်သိမ်း​တော်မူ​၏​။ ထာဝရဘုရား​၏​နာမ​တော်​သည် မင်္ဂလာရှိ​ပါစေ​သတည်း​”​ဟု ဆို​လေ​၏​။ ယောဘ​သည် ထို​အမှုအရာ​များ​ကြောင့် အပြစ်​မ​ပြု​၊ ဘုရားသခင်​ကို​လည်း အပြစ်​မ​တင်​ဘဲ​နေ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။