YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 9:18-41

ရှင်ယောဟန်ခရစ်ဝင် 9:18-41 MSBU

သို့ဖြစ်လင့်ကစား ယခင်​က မျက်မမြင်​ဖြစ်​ခဲ့​သော်လည်း ယခု​မြင်​လာ​ပြီ​ဟူသော ထို​သူ​၏​အကြောင်း​ကို ဂျူး​လူမျိုး​တို့​သည် မ​ယုံ​ကြ​သဖြင့် နောက်ဆုံး​တွင် မျက်စိ​မြင်​လာ​သော ထို​သူ​၏​မိဘ​တို့​ကို​ခေါ်​၍ “ဤ​သူ​သည် မွေးရာပါ​မျက်မမြင်​ဖြစ်​သည်​ဟု သင်​တို့​ဆို​သော သင်​တို့​၏​သား​မှန်​သလော။ မှန်​သည်​ဆိုလျှင် သူ​သည် ယခု မည်သို့​မျက်စိ​မြင်​လာ​သနည်း”​ဟု မေးမြန်း​ကြ​၏။ မိဘ​တို့​က​လည်း “ဤ​သူ​သည် အကျွန်ုပ်​တို့​၏​သား​မှန်​သည်​ကို​လည်းကောင်း၊ မွေးရာပါ​မျက်မမြင်​ဖြစ်​သည်​ကို​လည်းကောင်း အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ သို့သော် ယခု မည်သို့​မျက်စိ​မြင်​လာ​သည်​ကို အကျွန်ုပ်​တို့​မ​သိ​ကြ​ပါ။ သူ့​ကို​မျက်စိ​မြင်​အောင် မည်သူ​ပြုလုပ်​ပေး​ခဲ့​သည်​ကို​လည်း မ​သိ​ကြ​ပါ။ သူ့​ကို​မေး​ကြ​ပါ​လော့။ သူ​သည် အရွယ်ရောက်​နေ​ပါ​ပြီ။ သူ့​အကြောင်း​ကို သူ​ကိုယ်တိုင်​ပြောပြ​ပါ​လိမ့်မည်”​ဟု ပြန်ပြော​ကြ​၏။ သူ​၏​မိဘ​တို့​သည် ဂျူး​လူမျိုး​တို့​ကို​ကြောက်​၍ ဤသို့​ပြောဆို​ကြ​ခြင်း​ဖြစ်​၏။ အကြောင်းမူကား ဂျူး​လူမျိုး​တို့​သည် မည်သူမဆို ယေရှု​ကို ခရစ်တော်​ဖြစ်​ကြောင်း​ဝန်ခံ​လျှင် ဝတ်ပြု​စည်းဝေး​ကျောင်း​မှ ထုတ်ပယ်​မည်​ဟု သဘောတူ​ဆုံးဖြတ်​ထား​သောကြောင့်​ဖြစ်​၏။ ထို​အကြောင်း​ကြောင့် သူ​၏​မိဘ​တို့​က “သူ​သည် အရွယ်ရောက်​နေ​ပါ​ပြီ။ သူ့​ကို​မေး​ကြ​ပါ​လော့”​ဟု ဆို​ကြ​ခြင်း​ဖြစ်​၏။ ထိုအခါ ဂျူး​လူမျိုး​တို့​သည် မျက်မမြင်​ဖြစ်​ခဲ့​သူ​ကို ဒုတိယ​အကြိမ်​ခေါ်​၍ “ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လော့။ ထို​သူ​သည် အပြစ်သား​ဖြစ်​ကြောင်း​ကို ငါ​တို့​သိ​၏”​ဟု ဆို​ကြ​၏။ သူ​က​လည်း “ထို​သူ​သည် အပြစ်သား​ဖြစ်​သည် မ​ဖြစ်​သည်​ကို အကျွန်ုပ်​မ​သိ​ပါ။ အကျွန်ုပ်​သိ​သော​အရာ​တစ်​ခု​မှာ အကျွန်ုပ်​သည် မျက်မမြင်​ဖြစ်​ခဲ့​သော်လည်း ယခု​မြင်​ရ​သည့်​အကြောင်း​ဖြစ်​သည်”​ဟု ဖြေကြား​လေ​၏။ ထို​သူ​တို့​က​လည်း “သူ​သည် သင်​၌ မည်သည့်​အရာ​ကို​ပြု​သနည်း။ သင်​၏​မျက်စိ​ကို​မည်ကဲ့သို့​မြင်​စေ​သနည်း”​ဟု မေးမြန်း​ကြ​လျှင် သူ​က “သင်​တို့​ကို​အကျွန်ုပ်​ပြော​ပြီး​ပြီ။ သို့သော် သင်​တို့​နား​မ​ထောင်​ကြ။ အဘယ်ကြောင့် ထပ်၍​ကြား​လို​ကြ​သနည်း။ သင်​တို့​သည်​လည်း ထို​သူ​၏​တပည့်​ဖြစ်​လို​ကြ​သလော”​ဟု ပြန်​ပြော​၏။ ထိုအခါ ဂျူး​လူမျိုး​တို့​က “သင်​သည် သူ့​တပည့်​ဖြစ်​၏။ ငါ​တို့​မူကား မောရှေ​၏​တပည့်​များ​ဖြစ်​ကြ​၏။ ဘုရားသခင်​သည် မောရှေ​အား အမိန့်​ရှိ​တော်မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။ ထို​သူ​ကား မည်သည့်​အရပ်​မှ​လာ​သည်​ကို ငါ​တို့​မ​သိ”​ဟု သူ့​ကို​ပုတ်ခတ်​ပြောဆို​ကြ​၏။ သူ​က​လည်း “အကျွန်ုပ်​၏​မျက်စိ​ကို​ဖွင့်​ပေး​လျက်​နှင့်​ပင် ထို​သူ​မည်သည့်​အရပ်​မှ​လာ​သည်​ကို သင်​တို့​မ​သိ​ကြ​သည်​မှာ အံ့ဩဖွယ်​ကောင်း​၏။ ဘုရားသခင်​သည် အပြစ်သား​တို့​ကို​နားညောင်း​တော်​မ​မူ။ သို့သော် မည်သူမဆို ဘုရားသခင်​ကို​ရိုသေ​လေးမြတ်​၍ အလို​တော်​ကို​ဆောင်ရွက်​လျှင် ထို​သူ​ကို​ဘုရားသခင်​နားညောင်း​တော်မူ​ကြောင်း အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ မွေးရာပါ​မျက်မမြင်​ဖြစ်​သော​သူ​ကို တစ်စုံတစ်ယောက်​က မျက်စိ​မြင်​စေ​ခဲ့​သည်​ဟူသော​အကြောင်း​ကို ကမ္ဘာ​ဦး​မှစ၍ မ​ကြား​ခဲ့​ဖူး​ပါ။ ထို​သူ​သည် ဘုရားသခင်​ထံမှ​လာ​သော​သူ​မ​ဟုတ်​လျှင် မည်သည့်​အရာ​ကို​မျှ ပြု​နိုင်​ခဲ့​မည်​မ​ဟုတ်”​ဟု ဆို​၏​။ ဂျူး​လူမျိုး​တို့​က​လည်း “သင်​သည် တစ်ကိုယ်လုံး​အပြစ်​နှင့်​ပြည့်နှက်​ပြီး မွေးဖွား​လာ​သူ​ဖြစ်​လျက်​နှင့် ငါ​တို့​ကို​သွန်သင်​မည်​လော”​ဟု ပြန်​၍​ပြောဆို​ကာ သူ့​ကို အပြင်​သို့​နှင်ထုတ်​လိုက်​ကြ​၏။ ဂျူး​လူမျိုး​တို့​သည် သူ့​ကို အပြင်​သို့​နှင်ထုတ်​လိုက်​ကြောင်း ယေရှု​ကြား​တော်မူ​၍ သူ့​ကို​တွေ့ရှိ​လျှင်“သင်​သည် လူ့သား​ကို​ယုံကြည်​သလော”​ဟု မေး​တော်မူ​၏။ သူ​က​လည်း “သခင်​ဘုရား၊ သူ့​ကို​ယုံကြည်​နိုင်​ရန် ထို​သူ​မည်သူ​ဖြစ်​သည်​ကို သိ​လို​ပါ​၏”​ဟု ပြန်​လျှောက်​လေ​၏။ ယေရှု​က“သင်​သည် သူ့​ကို​မြင်​ပြီး​သည်​သာမက ယခု​သင်​နှင့်​စကား​ပြော​နေ​သော​သူ​သည် လူ့သား​ပင်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ထို​သူ​က​လည်း “အကျွန်ုပ်​ယုံကြည်​ပါ​၏ သခင်​ဘုရား”​ဟု လျှောက်​လျက် ကိုယ်တော်​ကို​ရှိခိုး​လေ​၏။ ထိုအခါ ယေရှု​က“ငါ​သည် မ​မြင်​သော​သူ​တို့​ကို​မြင်​စေ​၍ မြင်​နေ​သော​သူ​တို့​ကို မျက်စိကွယ်​စေရန်​ဟူသော တရား​စီရင်​ခြင်း​အတွက် ဤ​လောက​သို့​ကြွလာ​၏”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​နှင့်အတူ​ရှိ​နေ​သော ဖာရိရှဲ​အချို့​တို့​သည် ထို​စကား​ကို​ကြား​လျှင် “အကျွန်ုပ်​တို့​သည်​လည်း မျက်မမြင်​များ​ဖြစ်​ကြ​သလော”​ဟု မေးလျှောက်​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​သည် မျက်မမြင်​များ​ဖြစ်​ခဲ့​ကြ​လျှင် သင်​တို့​၌​အပြစ်​ရှိ​ခဲ့​မည်​မ​ဟုတ်။ သို့ရာတွင် ‘ငါ​တို့​မြင်​သည်’​ဟု သင်​တို့​ယခု​ဆို​နေ​ကြ​သဖြင့် သင်​တို့​၏​အပြစ်​သည် တည်မြဲ​တည်​၏။

ရှင်ယောဟန်ခရစ်ဝင် 9:18-41 အကြောင်း ဗီဒီယိုများ