ယေရှုသည် လမ်း၌ကြွတော်မူစဉ် မွေးရာပါမျက်မမြင်တစ်ဦးကို တွေ့တော်မူ၏။ ထိုအခါ တပည့်တော်တို့က “ရဗ္ဗိ၊ မည်သူက အပြစ်ပြုသောကြောင့် ဤသူသည် မျက်မမြင်အဖြစ်မွေးလာရသနည်း။ သူကိုယ်တိုင်လော၊ သို့မဟုတ် သူ၏မိဘလော”ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။ ယေရှုက“ဤသူအပြစ်ပြုသောကြောင့်မဟုတ်၊ သူ့မိဘကအပြစ်ပြုသောကြောင့်လည်းမဟုတ်။ သူ၌ ဘုရားသခင်၏အမှုတော်များထင်ရှားစေရန်အတွက်သာဖြစ်၏။ ငါတို့သည် ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အမှုတော်များကို နေ့အချိန်ရှိစဉ် လုပ်ဆောင်ရမည်။ မည်သူမျှအလုပ်မလုပ်နိုင်သော ညအချိန်ရောက်လာလိမ့်မည်။ ငါသည် ဤလောက၌ရှိနေစဉ် ဤလောက၏အလင်းဖြစ်၏”ဟု ပြန်၍မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူပြီးနောက် မြေပေါ်သို့တံတွေးထွေး၍ တံတွေးနှင့်ရွှံ့လုပ်ပြီးလျှင် မျက်မမြင်၏မျက်စိကို ထိုရွှံ့နှင့်လူးလျက် “ရှိလောင်ရေကန်သို့သွား၍ ဆေးလော့”ဟု မိန့်တော်မူ၏။ (ရှိလောင်၏အဓိပ္ပာယ်မှာ စေလွှတ်ခြင်းခံရသူ ဟူ၍ဖြစ်၏။) ထို့ကြောင့် သူသည်သွား၍ဆေးလိုက်ရာ မျက်စိမြင်လျက်ပြန်လာ၏။ ထိုအခါ အိမ်နီးချင်းများနှင့် ယခင်က သူသည် သူတောင်းစားဖြစ်ခဲ့ကြောင်းကို သိမြင်သောသူတို့က “ဤသူသည် ထိုင်လျက်တောင်းစားနေခဲ့သူမဟုတ်လော”ဟု ဆိုကြ၏။ လူအချို့တို့က “ထိုသူပင်ဖြစ်သည်”ဟု ဆိုကြ၏။ အချို့တို့ကလည်း “မဟုတ်ပါ။ ထိုသူနှင့်တူရုံသာဖြစ်သည်”ဟု ဆိုကြ၏။ သူကိုယ်တိုင်က “အကျွန်ုပ်ပင်ဖြစ်သည်”ဟု ဆို၏။ လူတို့ကလည်း “သို့ဖြစ်လျှင် သင်သည် မည်ကဲ့သို့မျက်စိမြင်လာသနည်း”ဟု မေးမြန်းကြ၏။ ထိုသူက “ယေရှုဟုခေါ်သောသူတစ်ဦးသည် ရွှံ့လုပ်၍ အကျွန်ုပ်၏မျက်စိကိုလူးလျက်‘ရှိလောင်ရေကန်သို့သွား၍ ဆေးလော့’ဟု ဆိုသည့်အတိုင်း အကျွန်ုပ်သွား၍ဆေးလိုက်ရာ မျက်စိမြင်လာပါသည်”ဟု ဖြေကြား၏။
ရှင်ယောဟန်ခရစ်ဝင် 9 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန်ခရစ်ဝင် 9
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန်ခရစ်ဝင် 9:1-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ