YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 8:37-46

ရှင်ယောဟန်ခရစ်ဝင် 8:37-46 MSBU

သင်​တို့​သည် အာဗြဟံ​၏​အမျိုးအနွယ်​ဖြစ်​ကြောင်း​ကို ငါ​သိ​၏။ သို့ရာတွင် ငါ​၏​တရား​စကား​သည် သင်​တို့​ထဲ၌​နေရာ​မ​ရ​သောကြောင့် သင်​တို့​သည် ငါ့​ကို​သတ်​ရန် ရှာကြံ​နေ​ကြ​၏။ ငါ​သည် ခမည်းတော်​ထံ၌​မြင်​ရ​သော​အရာ​များ​ကို ဟောပြော​၏။ သင်​တို့​မူကား သင်​တို့​၏​အဖ​ထံမှ​ကြား​ခဲ့​ရ​သော​အရာ​များ​ကို ပြု​ကြ​၏”​ဟု မိန့်​တော်မူ​လျှင် ထို​သူ​တို့​က “အကျွန်ုပ်​တို့​၏​အဖ​သည် အာဗြဟံ​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​သည် အာဗြဟံ​၏​သားသမီး​များ​ဖြစ်​ကြ​သည်​မှန်​လျှင် အာဗြဟံ​ပြု​သော​အမှု​များ​ကို ပြု​ကြ​လိမ့်မည်။ သို့သော် ယခု​တွင် ဘုရားသခင်​ထံမှ​ကြား​ရ​သည့်​သမ္မာတရား​ကို သင်​တို့​အား​ဟောပြော​ခဲ့​သူ​ငါ့​ကို သတ်​ရန် သင်​တို့​ရှာကြံ​နေ​ကြ​၏။ အာဗြဟံ​ကား ဤသို့​ပြု​ခဲ့​သည်​မ​ဟုတ်။ သင်​တို့​သည် သင်​တို့​အဖ​ပြု​သော​အမှု​များ​ကို ပြု​ကြ​၏”​ဟု မိန့်​တော်မူ​လျှင် ထို​သူ​တို့​က “အကျွန်ုပ်​တို့​သည် တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အားဖြင့် မွေး​လာ​သော​သူ​များ​မ​ဟုတ်။ အကျွန်ုပ်​တို့​၌ တစ်ပါးတည်း​သော​အဖ​ဘုရားသခင်​ရှိ​သည်”​ဟု ဆို​ကြ​၏။ ယေရှု​က“ငါ​သည် ဘုရားသခင်​ထံမှ​ကြွလာ​ပြီး ယခု​ရောက်​ရှိ​နေ​ပြီ​ဖြစ်၍ ဘုရားသခင်​သည် သင်​တို့​၏​အဖ​ဖြစ်​လျှင် သင်​တို့​သည် ငါ့​ကို​ချစ်​ခဲ့​ကြ​ပေ​လိမ့်မည်။ အကြောင်းမူကား ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက်​လာ​သည်​မ​ဟုတ်။ ဘုရားသခင်​သည် ငါ့​ကို​စေလွှတ်​တော်မူ​၏။ သင်​တို့​သည် ငါ​ပြောဆို​သော​စကား​ကို အဘယ်ကြောင့်​နား​မ​လည်​ကြ​သနည်း။ ငါ​၏​တရား​စကား​ကို သင်​တို့​နာယူ​နိုင်စွမ်း​မ​ရှိ​သောကြောင့်​ဖြစ်​၏။ သင်​တို့​သည် သင်​တို့​၏​အဖ​မာရ်နတ်​နှင့်​စပ်ဆိုင်​ကြ​ပြီး သင်​တို့​အဖ​၏​ဆန္ဒ​အတိုင်း​ပြု​လို​ကြ​၏။ မာရ်နတ်​သည် အစအဦး​ကပင် လူသတ်သမား​ဖြစ်​၏။ သူ​၌​သမ္မာတရား​မ​ရှိ​သောကြောင့် သမ္မာတရား​၌​မ​ရပ်တည်။ သူ​သည် လိမ်လည်​သော​သူ​ဖြစ်​ပြီး လိမ်လည်​ခြင်း​၏​အဖ​လည်း​ဖြစ်​သောကြောင့် လိမ်လည်​ပြောဆို​သောအခါ မိမိ​ပင်ကိုစရိုက်​အတိုင်း​ပြောဆို​၏။ ငါ​မူကား သမ္မာတရား​ကို​ပြောဆို​သောကြောင့် သင်​တို့​သည် ငါ့​ကို​မ​ယုံကြည်​ကြ။ သင်​တို့​တွင် မည်သူ​သည် ငါ​၌​အပြစ်​ရှိ​ကြောင်း ဖော်ပြ​နိုင်​သနည်း။ သမ္မာတရား​ကို ငါ​ပြောဆို​သည်​မှန်​လျှင် အဘယ်ကြောင့် သင်​တို့​သည် ငါ့​ကို​မ​ယုံကြည်​ကြ​သနည်း။