လူထုပရိသတ်သည် ယေရှုနှင့်ပတ်သက်၍ ထိုသို့တီးတိုးပြောဆိုနေကြသည်ကို ဖာရိရှဲတို့ကြားလျှင် ယဇ်ပုရောဟိတ်အကြီးအကဲတို့နှင့်ဖာရိရှဲတို့သည် ကိုယ်တော်ကိုဖမ်းဆီးရန် အစောင့်တပ်သားများကိုစေလွှတ်ကြ၏။ ထိုအခါ ယေရှုက“ငါသည် သင်တို့နှင့်အတူ နောက်ထပ် ခဏနေပြီးလျှင် ငါ့ကိုစေလွှတ်တော်မူသောအရှင်ထံသို့ သွားမည်။ သင်တို့သည် ငါ့ကိုရှာကြသော်လည်း တွေ့မည်မဟုတ်။ ငါရှိရာအရပ်သို့လည်း သင်တို့မလာနိုင်ကြ”ဟု မိန့်တော်မူ၏။ ဂျူးလူမျိုးတို့ကလည်း “ငါတို့ရှာ၍မတွေ့စေရန် ဤသူသည် မည်သည့်အရပ်သို့သွားရန် ကြံရွယ်နေသနည်း။ ဂရိလူမျိုးတို့ရှိရာအရပ်ရပ်တို့၌ ကွဲလွင့်ပျံ့နှံ့နေသောသူတို့ထံသို့သွား၍ ဂရိလူမျိုးတို့ကိုသွန်သင်ရန် ကြံရွယ်နေသလော။ ‘သင်တို့သည် ငါ့ကိုရှာကြသော်လည်း တွေ့မည်မဟုတ်။ ငါရှိရာအရပ်သို့လည်း သင်တို့မလာနိုင်ကြ’ဟူ၍ သူပြောသောစကား၏အဓိပ္ပာယ်မှာ မည်သို့နည်း”ဟု အချင်းချင်းပြောဆိုကြ၏။ ထိုပွဲတော်၏ကြီးမြတ်သောနေ့ဖြစ်သည့် နောက်ဆုံးနေ့၌ ယေရှုသည်ရပ်လျက်“မည်သူမဆို ရေငတ်လျှင် ငါ့ထံသို့လာ၍ သောက်လော့။ ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာကဆိုထားသည့်အတိုင်း သူ၏နှလုံးသားအထဲမှ အသက်ရေမြစ်များ စီးထွက်လိမ့်မည်”ဟု ကြွေးကြော်တော်မူ၏။ ဤသည်ကား ကိုယ်တော်ကိုယုံကြည်သောသူတို့ခံယူရရှိမည့် ဝိညာဉ်တော်ကိုရည်ညွှန်း၍ မိန့်တော်မူခြင်းဖြစ်၏။ အကြောင်းမူကား ယေရှုသည် ဘုန်းတော်ထင်ရှားခြင်းမရှိသေးသဖြင့် ဝိညာဉ်တော်ကိုပေးတော်မမူသေး။ လူထုပရိသတ်ထဲမှ အချို့တို့သည် ဤတရားစကားတို့ကိုကြားသောအခါ “ဤသူသည် အမှန်ပင် ထိုပရောဖက်ဖြစ်သည်”ဟု ဆိုကြ၏။ အချို့တို့ကလည်း “ဤသူသည် ခရစ်တော်ဖြစ်သည်”ဟု ဆိုကြ၏။ သို့ရာတွင် အချို့တို့က “ခရစ်တော်သည် ဂါလိလဲနယ်မှပေါ်ထွန်းပါမည်လော။ ခရစ်တော်သည် ဒါဝိဒ်၏အမျိုးအနွယ်မှလည်းကောင်း၊ ဒါဝိဒ်နေခဲ့ရာဗက်လင်ရွာမှလည်းကောင်း ပေါ်ထွန်းမည်ဟူ၍ ကျမ်းစာကဆိုထားသည်မဟုတ်လော”ဟု ဆိုကြ၏။ ဤသို့ဖြင့် လူထုပရိသတ်ထဲတွင် ကိုယ်တော်ကြောင့် ကွဲပြားခြင်းရှိကြ၏။ သူတို့ထဲမှ အချို့တို့သည် ကိုယ်တော်ကိုဖမ်းဆီးလိုကြသော်လည်း မည်သူမျှ ကိုယ်တော်ကိုမဖမ်းဆီးကြချေ။ ထို့နောက် အစောင့်တပ်သားများသည် ယဇ်ပုရောဟိတ်အကြီးအကဲတို့နှင့်ဖာရိရှဲတို့ထံသို့ ပြန်လာကြရာ ထိုအကြီးအကဲတို့က “အဘယ်ကြောင့် သူ့ကိုမခေါ်ဆောင်လာကြသနည်း”ဟု မေးမြန်းကြ၏။ အစောင့်တပ်သားတို့က “ထိုသူကဲ့သို့ မည်သူမျှမဟောပြောခဲ့ဖူးပါ”ဟု ပြန်လျှောက်ကြ၏။ ဖာရိရှဲတို့ကလည်း “သင်တို့ပင်လျှင် လှည့်ဖြားခံရကြပြီလော။ အကြီးအကဲတို့နှင့်ဖာရိရှဲတို့တွင် သူ့ကိုယုံကြည်ခဲ့သူတစ်စုံတစ်ဦးပင်ရှိသလော။ သို့သော် ပညတ်တရားကိုမသိသော ဤလူထုပရိသတ်သည် ကျိန်ခြင်းကိုခံရသူများဖြစ်ကြပါသည်တကား”ဟု ဆိုကြ၏။ ထိုသူတို့ထဲမှတစ်ဦးဖြစ်ပြီး ယခင်ကကိုယ်တော်ထံသို့လာခဲ့ဖူးသော နိကောဒင်က “ငါတို့၏ပညတ်တရားသည် လူတစ်ဦးကို သူ့ထံမှ ဦးစွာကြားနာခြင်းမရှိ၊ သူပြုနေသောအမှုအရာကိုလည်းမသိဘဲ စီရင်ပါမည်လော”ဟု ဆိုလျှင် သူတို့က “သင်သည်လည်း ဂါလိလဲနယ်သားဖြစ်သလော။ ဂါလိလဲနယ်မှ ပရောဖက် မပေါ်ထွန်းကြောင်းကို စူးစမ်းလေ့လာ၍ သိမှတ်လော့”ဟု ဆိုကြ၏။ [ထို့နောက် သူတို့သည် မိမိတို့အိမ်သို့ အသီးသီးပြန်သွားကြ၏။
ရှင်ယောဟန်ခရစ်ဝင် 7 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန်ခရစ်ဝင် 7
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန်ခရစ်ဝင် 7:32-53
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို