YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 6:43-69

ရှင်ယောဟန်ခရစ်ဝင် 6:43-69 MSBU

ယေရှု​က​လည်း“အချင်းချင်း​ကြား​တွင်​မကျေမနပ်​ပြောဆို​မ​နေ​ကြ​နှင့်။ ငါ့​ကို​စေလွှတ်​တော်မူ​သော​ခမည်းတော်​ဆွဲငင်​တော်​မ​မူ​လျှင် မည်သူမျှ ငါ့​ထံသို့​မ​လာ​နိုင်။ ငါ့​ထံသို့​လာ​သော​သူ​ကို နောက်ဆုံး​သော​နေ့​၌ ငါ​သည်​ထမြောက်​စေ​မည်။ ပရောဖက်​ကျမ်း​များ​တွင် ‘ထို​သူ​အပေါင်း​တို့​သည် ဘုရားသခင်​၏​သွန်သင်​တော်မူ​ခြင်း​ကို ခံရ​သော​သူ​များ​ဖြစ်​ကြ​လိမ့်မည်’ဟု ရေး​ထား​သည်​ဖြစ်​၍ ခမည်းတော်​ထံ၌ ကြားနာ​ပြီး နည်းခံ​သော​သူ​တိုင်း​သည် ငါ့​ထံသို့​လာ​ကြ​၏။ ထိုသို့ဆိုသော် တစ်စုံတစ်ယောက်​က ခမည်းတော်​ကို​မြင်​ခဲ့​ပြီ​ဟု​မ​ဆိုလို။ ဘုရားသခင်​ထံမှ ကြွလာ​သော​သူ​တစ်ဦးတည်း​သာလျှင် ခမည်းတော်​ကို​မြင်​ခဲ့​၏။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ယုံကြည်​သော​သူ​သည် ထာဝရ​အသက်​ကို​ရရှိ​၏။ ငါ​သည် အသက်​မုန့်​ဖြစ်​၏။ သင်​တို့​၏​ဘိုးဘေး​များ​သည် တော​ကန္တာရ​၌ မန္န​ကို​စား​ခဲ့​ပြီး သေဆုံး​သွား​ကြ​၏။ ဤ​မုန့်​ကား စားသုံး​သော​သူ​သည် သေ​ခြင်း​နှင့်​ကင်းလွတ်​မည့်​အကြောင်း ကောင်းကင်​မှ​ဆင်းသက်​သော​မုန့်​ဖြစ်​၏။ ငါ​သည် ကောင်းကင်​မှ​ဆင်းသက်​သည့် အသက်ရှင်​သော​မုန့်​ဖြစ်​၏။ မည်သူမဆို ဤ​မုန့်​ကို​စား​လျှင် ကာလ​အစဉ်အဆက်​အသက်ရှင်​မည်။ လောကီသား​တို့​၏​အသက်​အတွက် ငါ​ပေး​မည့်​မုန့်​ကား ငါ​၏​အသား​ပေတည်း”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ဂျူး​လူမျိုး​တို့​က “ဤ​သူ​သည် သူ့​အသား​ကို ငါ​တို့​စား​ရန် မည်သို့​ပေး​နိုင်​မည်နည်း”​ဟု အချင်းချင်း​ငြင်းခုံ​ပြောဆို​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ လူ့သား​၏​အသား​ကို​မ​စား၊ သူ​၏​သွေး​ကို​မ​သောက်​လျှင် သင်​တို့​၌​အသက်​မ​ရှိ။ ငါ​၏​အသား​ကို​စား​၍ ငါ​၏​သွေး​ကို​သောက်​သော​သူ​သည် ထာဝရ​အသက်​ကို​ရရှိ​၏။ ငါ​သည် ထို​သူ​ကို နောက်ဆုံး​သော​နေ့​၌ ထမြောက်​စေ​မည်။ အကြောင်းမူကား ငါ​၏​အသား​သည် စစ်မှန်​သော​စားစရာ​ဖြစ်​ပြီး ငါ​၏​သွေး​သည် စစ်မှန်​သော​သောက်​စရာ​ဖြစ်​၏။ ငါ​၏​အသား​ကို​စား​၍ ငါ​၏​သွေး​ကို​သောက်​သော​သူ​သည် ငါ​၌​တည်​၏။ ငါ​သည်​လည်း ထို​သူ​၌​တည်​၏။ အသက်ရှင်​တော်မူ​သော​ခမည်းတော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​၍ ငါ​သည် ခမည်းတော်​အားဖြင့် အသက်ရှင်​သကဲ့သို့ ငါ့​ကို​စား​သော​သူ​သည်​လည်း ငါ့​အားဖြင့် အသက်ရှင်​မည်။ ဤ​မုန့်​ကား ကောင်းကင်​မှ​ဆင်းသက်​သော​မုန့်​ဖြစ်​၏။ သင်​တို့​ဘိုးဘေး​များ​စား​ပြီး သေဆုံး​သွား​ရ​သည့်​မုန့်​မျိုး​မ​ဟုတ်။ ဤ​မုန့်​ကို​စား​သော​သူ​သည် ကာလ​အစဉ်အဆက်​အသက်ရှင်​မည်”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​သည် ကပေရနောင်​မြို့​၌ သွန်သင်​တော်မူ​စဉ် ဤ​အကြောင်းအရာ​များ​ကို ဝတ်ပြု​စည်းဝေး​ကျောင်း​တွင် မိန့်​တော်မူ​၏။ တပည့်​တော်​တို့​ထဲမှ​အများစု​သည် ကြား​လျှင် “ဤ​စကား​သည် ပြင်းထန်​လှ​၏။ မည်သူ​နားထောင်​နိုင်​မည်နည်း”​ဟု ဆို​ကြ​၏။ ဤ​အကြောင်းအရာ​နှင့်​ပတ်သက်၍ တပည့်​တော်​တို့​မကျေမနပ်​ပြောဆို​နေ​ကြ​သည်​ကို ယေရှု​သည် အလိုအလျောက်​သိ​တော်မူ​သဖြင့်“ဤ​စကား​ကြောင့် သင်​တို့​စိတ်ပျက်​ကြ​သလော။ သို့ဖြစ်လျှင် လူ့သား​သည် ယခင်​နေ​ခဲ့​ရာ​အရပ်​သို့​တက်​သွား​သည်​ကို သင်​တို့​မြင်​ရ​ပါမူ မည်သို့​ဖြစ်​မည်နည်း။ ဝိညာဉ်​တော်​က​သာ အသက်ရှင်​စေ​၏။ ကိုယ်ကာယ​သည် မည်သည့်​အကျိုး​ကို​မျှ​မ​ပေး။ ငါ​ဟောပြော​သော​စကား​တို့​သည် ဝိညာဉ်​ဖြစ်​ပြီး အသက်​လည်း​ဖြစ်​၏။ သို့သော် သင်​တို့​တွင် မ​ယုံကြည်​သော​သူ​အချို့​ရှိ​၏”​ဟု မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​သည့်​အကြောင်း​ကား မ​ယုံကြည်​သော​သူ​တို့​သည် မည်သူ​တို့​ဖြစ်​ကြ​သည်​ကို​လည်းကောင်း၊ မိမိ​ကို​အပ်နှံ​မည့်​သူ​သည် မည်သူ​ဖြစ်​သည်​ကို​လည်းကောင်း ယေရှု​သည် အစအဦး​က​ပင် သိ​ထား​တော်မူ​သောကြောင့်​ဖြစ်​၏။ ထို့နောက် ကိုယ်တော်​က“ဤ​အကြောင်း​ကြောင့် ခမည်းတော်​သည် အခွင့်​ပေး​တော်​မ​မူ​လျှင် မည်သူမျှ ငါ့​ထံသို့​မ​လာ​နိုင်​ဟု သင်​တို့​အား ငါ​ပြော​ခဲ့​ပြီ”​ဟူ၍ မိန့်​တော်မူ​၏။ ထို​အချိန်​မှစ၍ တပည့်​တော်​တို့​ထဲမှ​အများစု​သည် ဆုတ်ခွာ​သွား​ပြီး ကိုယ်တော်​နှင့်အတူ​မ​လိုက်​မ​ပါ​တော့​ဘဲ​နေ​ကြ​၏။ ထိုအခါ ယေရှု​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​အား“သင်​တို့​လည်း ထွက်ခွာ​သွား​လို​ကြ​သလော”​ဟု မေး​တော်မူ​လျှင် ရှိမုန်​ပေတရု​က “သခင်​ဘုရား၊ အကျွန်ုပ်​တို့​သည် မည်သူ့​ထံသို့​သွား​ရ​မည်နည်း။ ထာဝရ​အသက်​နှင့်ဆိုင်သော​စကား​တို့​သည် ကိုယ်တော်​၌​သာ​ရှိ​ပါ​၏။ ကိုယ်တော်​သည် ဘုရားသခင်​၏​သန့်ရှင်း​သူ​ဖြစ်​ကြောင်း​ကို​လည်း အကျွန်ုပ်​တို့​ယုံကြည်​သိရှိ​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။