ထို့နောက် ဂျူးလူမျိုးတို့၏ပွဲတော်ရှိသဖြင့် ယေရှုသည် ဂျေရုဆလင်မြို့သို့တက်သွားတော်မူ၏။ ဂျေရုဆလင်မြို့၌ သိုးတံခါးအနီးတွင် ဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒဟုခေါ်သည့် မုခ်ဆောင်ငါးဆောင်ရှိသောရေကန်တစ်ကန်ရှိ၏။ ထိုမုခ်ဆောင်တို့၌ မျက်မမြင်များ၊ ခြေမသန်စွမ်းသူများ၊ အကြောသေချည့်နဲ့သူများနှင့် နာမကျန်းဖြစ်သူအမြောက်အမြားတို့သည် လဲလျောင်းနေကြ၏။ [သူတို့သည် ရေလှုပ်ရှားခြင်းကို စောင့်မျှော်နေခြင်းဖြစ်၏။ အကြောင်းမှာ ကောင်းကင်တမန်သည် ရေကန်သို့ တစ်ခါတစ်ရံဆင်းလာပြီး ရေကိုလှုပ်ရှားစေတတ်၏။ ထိုသို့ ရေလှုပ်ရှားသည့်နောက် ရေထဲသို့ အဦးဆုံးဆင်းသောသူသည် မည်သည့်ရောဂါစွဲကပ်နေသည်ဖြစ်စေ ရောဂါပျောက်ကင်းတတ်၏။] ထိုနေရာတွင် သုံးဆယ့်ရှစ်နှစ်ပတ်လုံး နာမကျန်းဖြစ်သူတစ်ဦးရှိ၏။ ထိုသူလဲလျောင်းနေသည်ကို ယေရှုမြင်တော်မူ၍ ကာလကြာမြင့်စွာခံစားနေရသောအဖြစ်ကိုသိသဖြင့်“သင်သည် အကောင်းပကတိဖြစ်လိုသလော”ဟု မေးတော်မူ၏။ နာမကျန်းဖြစ်သူက “သခင်ဘုရား၊ ရေလှုပ်ရှားသောအခါ အကျွန်ုပ်ကို ရေကန်ထဲသို့ချပေးမည့်သူမရှိပါ။ အကျွန်ုပ်ဆင်းသွားမည်ပြုစဉ်တွင် အခြားသောသူသည် အကျွန်ုပ်ထက် အလျင်ဦးစွာဆင်းသွားပါသည်”ဟု ပြန်လျှောက်လေ၏။ ယေရှုကလည်း“ထလော့။ သင့်အိပ်ရာကိုဆောင်ယူ၍ လမ်းလျှောက်လော့”ဟု မိန့်တော်မူလျှင် ထိုသူသည် ချက်ချင်းအကောင်းပကတိဖြစ်လာ၍ မိမိ၏အိပ်ရာကိုဆောင်ယူလျက် လမ်းလျှောက်လေ၏။ ထိုနေ့ကား ဥပုသ်နေ့ဖြစ်၏။ သို့ဖြစ်၍ ဂျူးလူမျိုးတို့က “ယနေ့သည် ဥပုသ်နေ့ဖြစ်၏။ သင်သည် ကိုယ့်အိပ်ရာကိုဆောင်ယူခြင်းမှာ တရားတော်နှင့်မညီ”ဟု ရောဂါပျောက်ကင်းသောထိုသူအား ပြောဆိုကြ၏။ ထိုသူကလည်း “အကျွန်ုပ်ကိုအကောင်းပကတိဖြစ်စေသောသူက ‘သင့်အိပ်ရာကိုဆောင်ယူ၍ လမ်းလျှောက်လော့’ဟု အကျွန်ုပ်အား မိန့်တော်မူခဲ့သည်”ဟု ပြန်ပြောလေ၏။ ဂျူးလူမျိုးတို့ကလည်း “‘အိပ်ရာကိုဆောင်ယူ၍ လမ်းလျှောက်လော့’ဟု သင့်အားဆိုသူကား မည်သူနည်း”ဟု မေးမြန်းကြ၏။ သို့ရာတွင် အကောင်းပကတိဖြစ်လာသောသူသည် ထိုသို့မိန့်တော်မူသောသူမှာ မည်သူဖြစ်သည်ကိုမသိ။ အဘယ်ကြောင့်ဆိုသော် ထိုအရပ်၌ လူအစုအဝေးရှိနေစဉ် ယေရှုသည် မထင်မရှားထွက်သွားတော်မူသောကြောင့်ဖြစ်၏။ ထို့နောက် ယေရှုသည် ထိုသူကို ဗိမာန်တော်၌တွေ့၍“ကြည့်လော့။ သင်သည် အကောင်းပကတိဖြစ်လေပြီ။ နောက်တစ်ဖန်အပြစ်မပြုနှင့်။ သို့မဟုတ်လျှင် ပို၍ဆိုးရွားသောအရာသည် သင့်အပေါ် သက်ရောက်လိမ့်မည်”ဟု မိန့်တော်မူ၏။ ထိုသူသည်သွား၍ မိမိကိုအကောင်းပကတိဖြစ်စေခဲ့သူမှာ ယေရှုဖြစ်ကြောင်း ဂျူးလူမျိုးတို့အား ပြောကြားလေ၏။ ယေရှုသည် ဤအရာများကို ဥပုသ်နေ့၌ပြုတော်မူသောကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော်ကို လိုက်လံညှဉ်းဆဲကြ၏။ သို့ရာတွင် ယေရှုက“ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်ဖြစ်၍ ငါသည်လည်းအလုပ်လုပ်၏”ဟု သူတို့အားပြန်၍မိန့်တော်မူ၏။ ထိုအတွက်ကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုသတ်ရန် ပို၍ကြိုးစားရှာကြံကြ၏။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် ဥပုသ်နေ့ကိုဖောက်ဖျက်သည်သာမက ဘုရားသခင်ကိုမိမိ၏ခမည်းတော်ဟုခေါ်လျက် မိမိကိုယ်ကို ဘုရားသခင်နှင့်တန်းတူထားသောကြောင့်ဖြစ်၏။ ထိုအခါ ယေရှုက“သင်တို့အား ငါအမှန်အကန်ဆိုမည်။ သားတော်သည် ခမည်းတော်ပြုတော်မူသောအရာကိုမြင်၍ ပြုခြင်းမှတစ်ပါး အခြားမည်သည့်အရာကိုမျှ မိမိဆန္ဒအလျောက်မပြုနိုင်။ အကြောင်းမူကား ခမည်းတော်ပြုတော်မူသမျှအတိုင်း သားတော်လည်းပြု၏။ ခမည်းတော်သည် သားတော်ကိုချစ်တော်မူသောကြောင့် မိမိပြုတော်မူသမျှတို့ကို သားတော်အားပြတော်မူ၏။ သင်တို့အံ့သြခြင်းရှိကြစေရန် ဤထက်ကြီးမြတ်သောအမှုတို့ကိုလည်း သားတော်အား ပြတော်မူလိမ့်မည်။ ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောက်စေ၍ အသက်ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသောသူတို့ကို အသက်ရှင်စေ၏။ လူအပေါင်းတို့သည် ခမည်းတော်ကိုရိုသေသကဲ့သို့ သားတော်ကိုရိုသေကြရန် ခမည်းတော်သည် မည်သူ့ကိုမျှတရားစီရင်တော်မမူဘဲ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အားပေးအပ်တော်မူပြီ။ သားတော်ကိုမရိုသေသောသူသည် သားတော်ကိုစေလွှတ်တော်မူသော ခမည်းတော်ကိုမရိုသေ။
ရှင်ယောဟန်ခရစ်ဝင် 5 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန်ခရစ်ဝင် 5
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန်ခရစ်ဝင် 5:1-23
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ