YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 4:27-54

ရှင်ယောဟန်ခရစ်ဝင် 4:27-54 MSBU

ထို​အချိန်​တွင် တပည့်​တော်​တို့​သည်​ပြန်လာ​၍ အမျိုးသမီး​တစ်​ဦး​နှင့် ယေရှု​စကား​ပြော​လျက်​နေ​တော်မူ​သည်​ကို အံ့သြ​ကြ​၏။ သို့သော် “မည်သည့်​အလိုရှိ​တော်မူ​သနည်း”​ဟူ၍​လည်းကောင်း၊ “အဘယ်ကြောင့် ထို​အမျိုးသမီး​နှင့် စကား​ပြော​လျက်​နေ​တော်မူ​သနည်း”​ဟူ၍​လည်းကောင်း မည်သူမျှ မ​မေးလျှောက်​ကြ​ချေ။ ထို​အမျိုးသမီး​သည်​လည်း မိမိ​၏​ရေအိုး​ကို​ထားခဲ့​၍ မြို့​ထဲသို့​သွား​ပြီးလျှင် “ကျွန်မ​ပြု​ခဲ့​သမျှ​သော​အရာ​တို့​ကို ကျွန်မ​အား​ထုတ်ဖော်​ပြောဆို​သော​သူ​ကို လာ​ကြည့်​ကြ​ပါ။ သူ​သည် ခရစ်တော်​ဖြစ်​လေ​မည်​လော”​ဟု လူ​တို့​အား​ဆို​သဖြင့် လူ​တို့​သည် မြို့​ထဲမှ​ထွက်​၍ ကိုယ်တော်​ထံသို့​လာ​ကြ​၏။ ထို​အချိန်​အတောအတွင်း​၌ တပည့်​တော်​တို့​က “ရဗ္ဗိ၊ သုံးဆောင်​တော်မူ​ပါ”​ဟု ကိုယ်တော်​အား​ပန်ကြား​ကြ​၏။ သို့သော် ကိုယ်တော်​က“ငါ​၌ သင်​တို့​မ​သိ​သော​စားစရာ​ရှိ​၏”​ဟု မိန့်​တော်မူ​၏။ ထို့ကြောင့် တပည့်​တော်​တို့​က “တစ်စုံတစ်ယောက်​သည် ကိုယ်တော်​အား စား​စရာ​ကို​ယူလာ​ပေး​ပြီ​လော”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ ယေရှု​က​လည်း“ငါ့​ကို​စေလွှတ်​တော်မူ​သော​သူ​၏​အလို​တော်​ကို ဆောင်ရွက်​၍ သူ​၏​အမှု​တော်​ကို​ပြီးမြောက်​စေ​ခြင်း​သည် ငါ​၏​အစားအစာ​ဖြစ်​၏။ သင်​တို့​က ‘ရိတ်သိမ်း​ချိန်​ရောက်​ရန် လေး​လ​လို​သေး​၏’​ဟု ဆို​ကြ​သည်​မ​ဟုတ်​လော။ ငါ​ဆို​သည်​ကား လယ်ပြင်​တို့​ကို မျှော်ကြည့်​ကြ​လော့။ ရိတ်သိမ်း​ရန်​အသင့်​ရှိ​လျက် ဝင်းမှည့်​နေ​ပြီ။ မျိုးကြဲ​သော​သူ​နှင့်​ရိတ်သိမ်း​သော​သူ​သည် အတူတကွ​ဝမ်းမြောက်​ကြ​မည့်​အကြောင်း ရိတ်သိမ်း​သော​သူ​သည် ဆုလာဘ်​ကို​ရရှိ​လျက် ထာဝရ​အသက်​အတွက် အသီးအနှံ​ကို​စုသိမ်း​နှင့်​ပြီ။ ထို့ကြောင့် ‘တစ်​ဦး​က မျိုးကြဲ​လျက် အခြား​တစ်​ဦး​က ရိတ်သိမ်း​၏’​ဟူသော​ဆိုရိုး​စကား​သည် ဤ​နေရာ​၌ မှန်ကန်​၏။ သင်​တို့​လုပ်အား​မ​စိုက်​ခဲ့​သော​အရာ​ကို ရိတ်သိမ်း​ရန် သင်​တို့​အား ငါ​စေလွှတ်​၏။ အခြား​သော​သူ​တို့​သည် လုပ်အား​စိုက်​ခဲ့​၍ သင်​တို့​သည် ထို​သူ​တို့​၏​အားစိုက်​မှု​ရလဒ်​၌ ပါဝင်​ရ​ကြ​၏”​ဟု မိန့်​တော်မူ​၏။ “ကျွန်မ​ပြု​ခဲ့​သမျှ​သော​အရာ​တို့​ကို ထို​သူ​ထုတ်ဖော်​ပြောဆို​ခဲ့​သည်”​ဟု သက်သေခံ​သော​ရှမာရိ​အမျိုးသမီး​၏​စကား​ကြောင့် ထို​မြို့​မှ​ရှမာရိ​နယ်သား​များစွာ​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။ သို့ဖြစ်၍ ရှမာရိ​နယ်သား​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​ကြ​သောအခါ မိမိ​တို့​ထံ၌ တည်းခို​တော်မူ​ရန် ကိုယ်တော်​အား​တောင်းပန်​ကြ​သဖြင့် ကိုယ်တော်​သည် ထို​အရပ်​တွင် နှစ်​ရက်​တည်းခို​တော်မူ​၏။ ထိုအခါ ပို၍​များစွာ​သော​သူ​တို့​သည် ကိုယ်တော်​၏​စကား​တော်​ကြောင့် ယုံကြည်​ကြ​၏။ သူ​တို့​က ထို​အမျိုးသမီး​အား “ယခု ငါ​တို့​ယုံကြည်​ကြ​သည်​မှာ သင်​ပြောဆို​သော​စကား​ကြောင့်​မ​ဟုတ်​တော့​ပါ။ ငါ​တို့​ကိုယ်တိုင်​ကြားနာ​ရ​သဖြင့် ဤ​သူ​သည် လောက​၏​ကယ်တင်ရှင်​အစစ်အမှန်​ဖြစ်​ကြောင်း​ကို သိ​ကြ​ပြီ”​ဟု ဆို​ကြ​၏။ နှစ်​ရက်​လွန်​သော် ကိုယ်တော်​သည် ထို​အရပ်​မှ​ထွက်ခွာ​၍ ဂါလိလဲ​နယ်​သို့​ကြွ​တော်မူ​၏။ ပရောဖက်​သည် မိမိ​၏​နေရင်း​မြို့​၌ ဂုဏ်သရေ​မ​ရှိ​ကြောင်း ယေရှု​ကိုယ်တိုင်​သက်သေခံ​တော်မူ​၏။ ဂါလိလဲ​နယ်​သို့​ရောက်​တော်မူ​သောအခါ ဂါလိလဲ​နယ်သား​တို့​သည် ကိုယ်တော်​ကို​ကြိုဆို​လက်ခံ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည်​လည်း ပွဲတော်​သို့​သွား​ရောက်​ခဲ့​၍ ပွဲတော်​ကာလ​အတွင်း ဂျေရုဆလင်​မြို့​၌ ကိုယ်တော်​ပြု​တော်မူ​သော​အမှုအရာ​အားလုံး​တို့​ကို မြင်​ခဲ့​ကြ​၏။ ထို့နောက် ယေရှု​သည် ရေ​ကို​စပျစ်​ဝိုင်​ဖြစ်​စေ​ခဲ့​ရာ ဂါလိလဲ​နယ်၊ ကာန​မြို့​သို့ တစ်ဖန်​ကြွ​တော်မူ​၏။ ထိုအခါ​၌ ကပေရနောင်​မြို့​တွင် မှူးမတ်​တစ်​ဦး​ရှိ​၍ သူ့​သား​သည် နာမကျန်း​ဖြစ်​နေ​၏။ ယုဒ​နယ်​မှ ဂါလိလဲ​နယ်​သို့ ယေရှု​ကြွလာ​တော်မူ​ကြောင်း​ကို ထို​မှူးမတ်​သည်​ကြား​သောအခါ သူ​၏​သား သေ​အံ့ဆဲဆဲ​ဖြစ်​သောကြောင့် ကိုယ်တော်​ထံသို့​သွား​ပြီးလျှင် ကြွလာ​၍ သား​၏​အနာရောဂါ​ကို ပျောက်ကင်း​စေ​တော်မူ​ပါ​ရန် တောင်းပန်​လေ​၏။ ယေရှု​က​လည်း“သင်​တို့​သည် နိမိတ်​လက္ခဏာ​နှင့်​အံ့ဩဖွယ်ရာ​များ​ကို မ​မြင်​ရ​လျှင် မည်သည့်​အခါ​မျှ ယုံကြည်​ကြ​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။ ထို​မှူးမတ်​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​သား​မ​သေ​မီ ကြွလာ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“သွား​လော့။ သင်​၏​သား အသက်​ချမ်းသာ​ရာ​ရ​ပြီ”​ဟု မိန့်​တော်မူ​၏။ ထို​မှူးမတ်​သည် မိမိ​အား ယေရှု​မိန့်​တော်မူ​သော​စကား​ကို​ယုံကြည်​၍ ပြန်​သွား​လေ​၏။ အပြန်​လမ်း​တွင် သူ​၏​အစေအပါး​တို့​သည် သူ့​ကို​ဆီးကြို​လျက် သူ့​သား​အသက်​ချမ်းသာ​ရာ​ရ​ပြီ​ဖြစ်​ကြောင်း ပြောကြား​ကြ​၏။ ထိုအခါ သူ​သည် မိမိ​၏​သား သက်သာ​သွား​သည့်​အချိန်​ကို အစေခံ​တို့​အား​မေးမြန်း​လျှင် သူ​တို့​က “မနေ့​မွန်းလွဲ​တစ်​နာရီ​တွင် အဖျား​ပျောက်​သွား​ပါ​သည်”​ဟု လျှောက်​ကြ​၏။ ထို​အချိန်​သည်“သင်​၏​သား အသက်​ချမ်းသာ​ရာ​ရ​ပြီ”​ဟု ယေရှု​မိန့်​တော်မူ​သော​အချိန်​ဖြစ်​ကြောင်း​ကို ဖခင်​သိ​သဖြင့် သူ​ကိုယ်တိုင်​မှစ၍ သူ​၏​အိမ်သူအိမ်သား​အပေါင်း​တို့​သည် ယုံကြည်​ကြ​၏။ ဤသည်ကား ယုဒ​နယ်​မှ ဂါလိလဲ​နယ်​ထဲသို့ ယေရှု​ကြွလာ​တော်မူ​ပြီးနောက် ထပ်မံ​၍​ပြု​တော်မူ​သော ဒုတိယ​နိမိတ်​လက္ခဏာ​ဖြစ်​၏။

ရှင်ယောဟန်ခရစ်ဝင် 4:27-54 အကြောင်း ဗီဒီယိုများ