YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 4:13-30

ရှင်ယောဟန်ခရစ်ဝင် 4:13-30 MSBU

ယေရှု​က​လည်း“ဤ​ရေ​ကို​သောက်​သော​သူ​တိုင်း နောက်တစ်ဖန်​ရေငတ်​ဦး​မည်။ ငါ​ပေး​မည့်​ရေ​ကို​သောက်​သော​သူ​မူကား ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ ရေငတ်​မည်​မ​ဟုတ်။ ထိုထက်မက ငါ​ပေး​မည့်​ရေ​သည် ထို​သူ​၌ ထာဝရ​အသက်​တိုင်အောင် ရေ​ပန်းထွက်​ရာ စမ်းရေ​ပေါက်​ဖြစ်​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထို​အမျိုးသမီး​က “အရှင်၊ ကျွန်မ​သည် ရေ​မ​ငတ်​စေရန်​နှင့် ဤ​နေရာ​သို့​လာ​၍ ရေ​မ​ခပ်​ရ​လေ​အောင် ထို​ရေ​ကို ကျွန်မ​အား​ပေး​တော်မူ​ပါ”​ဟု လျှောက်​လျှင် ယေရှု​က“သွား​၍ သင်​၏​ယောက်ျား​ကို​ခေါ်​ပြီး ဤ​နေရာ​သို့​လာ​ခဲ့​လော့”​ဟု မိန့်​တော်မူ​၏။ ထို​အမျိုးသမီး​က​လည်း “ကျွန်မ​မှာ ယောက်ျား​မ​ရှိ​ပါ”​ဟု ပြန်​လျှောက်​လေ​၏။ ယေရှု​က“ယောက်ျား​မ​ရှိ​ဟု သင်​ပြော​သည်​မှာ မှန်​ပေ​၏။ အဘယ်ကြောင့်​ဆိုသော် သင်​၌ ယောက်ျား​ငါး​ယောက်​ရှိ​ခဲ့​လေ​ပြီ။ ယခု သင်​ပေါင်း​နေ​သော​သူ​သည်​လည်း သင်​၏​ယောက်ျား​မ​ဟုတ်​သောကြောင့် သင်​ပြော​သော​စကား​သည် မှန်​ပေ​၏”​ဟု မိန့်​တော်မူ​၏။ ထို​အမျိုးသမီး​က​လည်း “အရှင်၊ အရှင်​သည် ပရောဖက်​ဖြစ်​သည်​ကို ကျွန်မ​ရိပ်မိ​ပါ​၏။ ကျွန်မ​တို့​၏​ဘိုးဘေး​များ​သည် ဤ​တောင်​ပေါ်၌ ဝတ်ပြု​ကိုးကွယ်​ခဲ့​ကြ​ပါ​၏။ အရှင်​တို့​က​မူ ဝတ်ပြု​ကိုးကွယ်​ရ​မည့်​နေရာ​သည် ဂျေရုဆလင်​မြို့​၌​ရှိ​သည်​ဟူ၍ ပြောဆို​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။ ယေရှု​က“အသင်​မိန်းမ၊ ငါ့​စကား​ကို​ယုံ​လော့။ သင်​တို့​သည် ဤ​တောင်​ပေါ်၌​လည်း​မ​ဟုတ်၊ ဂျေရုဆလင်​မြို့​၌​လည်း​မ​ဟုတ်​သည့်​အရပ်​တွင် ခမည်းတော်​ကို ကိုးကွယ်​မည့်​အချိန်​ကာလ​ရောက်​လာ​လိမ့်မည်။ ကယ်တင်​ခြင်း​သည် ဂျူး​လူမျိုး​တို့​ထဲမှ​ဖြစ်​ပေါ်လာ​သည်​ဖြစ်၍ ငါ​တို့​သည် ကိုယ်​သိ​သော​အရာ​ကို ကိုးကွယ်​ကြ​၏။ သင်​တို့​သည် ကိုယ်​မ​သိ​သော​အရာ​ကို ကိုးကွယ်​ကြ​၏။ သို့သော် စစ်မှန်​သော​ကိုးကွယ်​သူ​တို့​သည် ဝိညာဉ်​နှင့်​သမ္မာတရား​အားဖြင့် ခမည်းတော်​ကို ကိုးကွယ်​မည့်​အချိန်​ရောက်​လာ​မည်​ဖြစ်ရာ ယခု​ပင်​ရောက်လာ​လေ​ပြီ။ အကြောင်းမူကား ခမည်းတော်​သည် ထိုသို့​ကိုးကွယ်​သော​သူ​တို့​ကို အလိုရှိ​တော်မူ​၏။ ဘုရားသခင်​သည် ဝိညာဉ်​ဖြစ်​တော်မူ​၍ ဘုရားသခင်​ကို​ကိုးကွယ်​သော​သူ​တို့​သည် ဝိညာဉ်​နှင့်​သမ္မာတရား​အားဖြင့် ကိုးကွယ်​ရ​မည်”​ဟု မိန့်​တော်မူ​၏။ ထို​အမျိုးသမီး​က​လည်း “ခရစ်တော်​ဟု​ခေါ်ဝေါ်​သော မေရှိယ​ကြွလာ​တော်မူ​မည်​ကို ကျွန်မ​သိ​ပါ​၏။ ထို​အရှင်​ကြွလာ​တော်မူ​သောအခါ ကျွန်မ​တို့​အား အလုံးစုံ​တို့​ကို​ဖော်ပြ​တော်မူ​လိမ့်မည်”​ဟု လျှောက်​လျှင် ယေရှု​က“သင်​နှင့်​စကား​ပြော​နေ​သော​ငါ​သည် ထို​အရှင်​ပင်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​တွင် တပည့်​တော်​တို့​သည်​ပြန်လာ​၍ အမျိုးသမီး​တစ်​ဦး​နှင့် ယေရှု​စကား​ပြော​လျက်​နေ​တော်မူ​သည်​ကို အံ့သြ​ကြ​၏။ သို့သော် “မည်သည့်​အလိုရှိ​တော်မူ​သနည်း”​ဟူ၍​လည်းကောင်း၊ “အဘယ်ကြောင့် ထို​အမျိုးသမီး​နှင့် စကား​ပြော​လျက်​နေ​တော်မူ​သနည်း”​ဟူ၍​လည်းကောင်း မည်သူမျှ မ​မေးလျှောက်​ကြ​ချေ။ ထို​အမျိုးသမီး​သည်​လည်း မိမိ​၏​ရေအိုး​ကို​ထားခဲ့​၍ မြို့​ထဲသို့​သွား​ပြီးလျှင် “ကျွန်မ​ပြု​ခဲ့​သမျှ​သော​အရာ​တို့​ကို ကျွန်မ​အား​ထုတ်ဖော်​ပြောဆို​သော​သူ​ကို လာ​ကြည့်​ကြ​ပါ။ သူ​သည် ခရစ်တော်​ဖြစ်​လေ​မည်​လော”​ဟု လူ​တို့​အား​ဆို​သဖြင့် လူ​တို့​သည် မြို့​ထဲမှ​ထွက်​၍ ကိုယ်တော်​ထံသို့​လာ​ကြ​၏။

​ရှင်ယောဟန်ခရစ်ဝင် 4:13-30 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။