YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 20:19-29

ရှင်ယောဟန်ခရစ်ဝင် 20:19-29 MSBU

ရက်သတ္တပတ်​တွင် ပထမ​နေ့​ဖြစ်​သော ထို​နေ့​၏​ညနေချမ်း​အချိန်​တွင် တပည့်​တော်​တို့​သည် ဂျူး​လူမျိုး​တို့​ကို​ကြောက်​သဖြင့် မိမိ​တို့​ရှိ​ရာ​နေရာ​၌ တံခါး​များ​ကို​ပိတ်​ထား​လျက်​နေ​ကြ​ရာ ယေရှု​သည်​ကြွလာ​၍ သူတို့​အလယ်​၌​ရပ်​တော်မူ​ပြီးလျှင်“သင်​တို့​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေ”​ဟု မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​ပြီးနောက် လက်​တော်​နှင့်​နံဘေး​တော်​တို့​ကို သူ​တို့​အား​ပြ​တော်မူ​၏။ တပည့်​တော်​တို့​သည် သခင်​ဘုရား​ကို​မြင်​ရ​သောအခါ ဝမ်းမြောက်​ကြ​၏။ တစ်ဖန် ယေရှု​က“သင်​တို့​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေ။ ခမည်းတော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​သကဲ့သို့ ငါ​သည်​လည်း သင်​တို့​ကို​စေလွှတ်​၏”​ဟု မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​ပြီးနောက် သူ​တို့​အပေါ်​မှုတ်​တော်မူ​လျက်“သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို​ခံယူ​ရရှိ​ကြ​လော့။ တစ်စုံတစ်ဦး​၏​အပြစ်​များ​ကို သင်​တို့​ခွင့်လွှတ်​လျှင် ထို​သူ​သည် အပြစ်​ခွင့်လွှတ်​ခြင်း​ကို​ခံရ​၏။ တစ်စုံတစ်ဦး​၏​အပြစ်​များ​ကို သင်​တို့​ချည်နှောင်​ထား​လျှင် ထို​အပြစ်​များ​သည် သူ​၌ ချည်နှောင်​ထား​ခြင်း​ခံရ​၏”​ဟု မိန့်​တော်မူ​၏။ တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​ပြီး ဒိဒုမု​ဟု​ခေါ်​သည့် သောမ​ကား ယေရှု​ကြွလာ​တော်မူ​သော​အချိန်​တွင် သူ​တို့​နှင့်အတူ​မ​ရှိ​ခဲ့​ချေ။ သို့ဖြစ်၍ အခြား​သော​တပည့်​တော်​တို့​က သောမ​အား “ငါ​တို့​သည် သခင်​ဘုရား​ကို​မြင်​ရ​ပြီ”​ဟု ဆို​ကြ​၏။ သို့သော် သောမ​က “ငါ​သည် လက်​တော်​တို့​၌ သံ​ရိုက်​ရာ​ကို​မ​မြင်၊ ထို​သံ​ရိုက်​ရာ​ထဲသို့ ငါ့​လက်ညှိုး​ကို​မ​ထိုး​မ​သွင်း၊ နံဘေး​တော်​ထဲသို့​လည်း ငါ့​လက်​ကို​မ​ထိုး​မ​သွင်း​ရ​လျှင် မည်သည့်​အခါ​မျှ​ယုံ​မည်​မ​ဟုတ်”​ဟု ဆို​လေ​၏။ ထို့နောက် ရှစ်​ရက်​ကြာ​သော် တပည့်​တော်​တို့​သည် တစ်ဖန် အထဲ၌​ရှိ​ကြ​၍ သောမ​သည်​လည်း သူ​တို့​နှင့်အတူ​ရှိ​၏။ တံခါး​များ​ကို​ပိတ်​ထား​သော်လည်း ယေရှု​သည်​ကြွလာ​၍ သူတို့​အလယ်​၌​ရပ်​တော်မူ​ပြီးလျှင်“သင်​တို့​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေ”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သောမ​အား“သင်​၏​လက်ညှိုး​ဖြင့် ဤ​နေရာ​ကို​တို့​၍ ငါ့​လက်​ကို​ကြည့်​လော့။ သင်​၏​လက်​ကို​လည်း ဆန့်​၍ ငါ့​နံဘေး​ထဲသို့​ထိုးသွင်း​လော့။ မ​ယုံကြည်​သော​သူ​မ​ဟုတ်​ဘဲ ယုံကြည်​သော​သူ​ဖြစ်​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ သောမ​က “အကျွန်ုပ်​၏​အရှင်၊ အကျွန်ုပ်​၏​ဘုရားသခင်”​ဟု ပြန်​လျှောက်​လေ​၏။ ယေရှု​က​လည်း“သင်​သည် ငါ့​ကို​မြင်​ရ​သောကြောင့် ယုံကြည်​ပြီ​တကား။ မ​မြင်​ဘဲ​လျက် ယုံကြည်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏”​ဟု မိန့်​တော်မူ​၏။