YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 19:1-16

ရှင်ယောဟန်ခရစ်ဝင် 19:1-16 MSBU

ထိုအခါ ပိလတ်​မင်း​သည် ယေရှု​ကို​ထုတ်ဆောင်​၍ ဒဏ်ခတ်​ရိုက်နှက်​စေ​၏။ စစ်သား​တို့​သည်​လည်း ဆူးပင်​ကို သရဖူ​အဖြစ်​ရစ်ခွေ​ပြီး ကိုယ်တော်​၏​ဦးခေါင်း​ပေါ်၌ ဆောင်း​စေ​၍ ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်​စေ​ပြီးလျှင် ကိုယ်တော်​ထံသို့​ချဉ်းကပ်​လျက် “ဂျူး​လူမျိုး​တို့​၏​ဘုရင်၊ မင်္ဂလာရှိ​ပါစေသော”​ဟု ဆို​ပြီး ကိုယ်တော်​ကို​ရိုက်ပုတ်​ကြ​၏။ ပိလတ်​မင်း​သည် နောက်တစ်ဖန် အပြင်​သို့​ထွက်လာ​၍ “နားထောင်​ကြ​လော့။ ထို​သူ​၌ မည်သည့်​ပြစ်မှု​ကို​မျှ ငါ​မ​တွေ့​ကြောင်း သင်​တို့​သိမြင်​ရန် သူ့​ကို သင်​တို့​ရှိ​ရာ​သို့​ခေါ်ဆောင်​လာ​မည်”​ဟု ဆို​၏။ ထိုအခါ ယေရှု​သည် ဆူး​သရဖူ​နှင့်​ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်ဆင်​လျက် အပြင်​သို့​ထွက်လာ​၏။ ပိလတ်​မင်း​က​လည်း “ကြည့်​ပါ။ ဤ​သူ​ပင်​တည်း”​ဟု ဆို​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့် အစောင့်​တပ်သား​တို့​သည် ကိုယ်တော်​ကို​မြင်​သောအခါ “လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​လိုက်​ပါ၊ လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု အော်ဟစ်​ကြ​၏။ ပိလတ်​မင်း​က “ငါ​သည် ဤ​သူ​၌ မည်သည့်​ပြစ်မှု​ကို​မျှ မ​တွေ့​သောကြောင့် သင်​တို့​ကိုယ်တိုင် သူ့​ကို​ခေါ်သွား​၍ လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ကြ​လော့”​ဟု ဆို​လေ​၏။ ဂျူး​လူမျိုး​တို့​က​လည်း “အကျွန်ုပ်​တို့​၌ ပညတ်​တရား​ရှိ​ပါ​၏။ ဤ​သူ​သည် မိမိကိုယ်ကို ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်​ဟု​ကြေညာ​သောကြောင့် ထို​ပညတ်​တရား​အရ သေ​ထိုက်​ပါ​၏”​ဟု ပြန်​လျှောက်​ကြ​၏။ ပိလတ်​မင်း​သည် ထို​စကား​ကို​ကြား​ရ​သောအခါ ပို၍​ကြောက်​လာ​သဖြင့် ရုံးတော်​ထဲသို့​ပြန်​ဝင်​ကာ ယေရှု​အား “သင်​သည် မည်သည့်​အရပ်​မှ​လာ​သနည်း”​ဟု မေး​လေ​၏။ သို့သော် ယေရှု​သည် တစ်ခွန်း​မျှ ဖြေကြား​တော်​မ​မူ။ သို့ဖြစ်၍ ပိလတ်​မင်း​က “သင်​သည် ငါ့​ကို​စကား​မ​ပြော​ဘဲ​နေ​သလော။ ငါ​၌ သင့်​ကို လွှတ်​ပေး​နိုင်​သော​အခွင့်​အာဏာ​ရှိ​၍ လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​နိုင်​သော အခွင့်​အာဏာ​လည်း​ရှိ​သည်​ကို သင်​မ​သိ​သလော”​ဟု ဆို​၏။ ယေရှု​က“အထက်​အရပ်​မှ​ပေးအပ်​တော်​မ​မူ​လျှင် သင်​သည် ငါ့​အပေါ် မည်သည့်​အခွင့်​အာဏာ​မျှ​မ​ရှိ။ ထို့ကြောင့် ငါ့​ကို သင့်​လက်​သို့​အပ်နှံ​သော​သူ​၌ ပို၍​ကြီးလေး​သော​အပြစ်​ရှိ​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထိုအခါ​မှစ၍ ပိလတ်​မင်း​သည် ယေရှု​ကို​လွှတ်​ပေး​ရန် ကြိုးစား​ရှာကြံ​၏။ သို့ရာတွင် ဂျူး​လူမျိုး​တို့​က “အရှင်​သည် ထို​သူ​ကို​လွှတ်​ပေး​လျှင် ဆီဇာ​ဧကရာဇ်​၏​ဘက်တော်သား​မ​ဟုတ်​ပါ။ မိမိကိုယ်ကို​ဘုရင်​ဖြစ်​သည်​ဟု ကြေညာ​သော​သူ​အားလုံး​သည် ဆီဇာ​ဧကရာဇ်​ကို​ဆန့်ကျင်​ပြောဆို​သော​သူ​ဖြစ်​ပါ​သည်”​ဟု အော်ဟစ်​ကြ​၏။ ပိလတ်​မင်း​သည် ထို​စကား​တို့​ကို​ကြား​သောအခါ ယေရှု​ကို အပြင်​သို့​ခေါ်ဆောင်​လာ​၍ ဟေဗြဲ​ဘာသာစကား​အားဖြင့် ဂဗ္ဗသ​အမည်​ရှိ​သည့် ကျောက်ခင်း​စင်္ကြံ​ဟု​ခေါ်ဝေါ်​သော​နေရာ​မှ တရားပလ္လင်​ပေါ်တွင် ထိုင်​လေ​၏။ ထို​နေ့​သည် ပသခါ​ပွဲတော်​အတွက် ပြင်ဆင်​ရာ​နေ့​ဖြစ်​၏။ အချိန်​ကား မွန်းတည့်​ချိန်​ခန့်​ရှိ​၏။ ပိလတ်​မင်း​သည် ဂျူး​လူမျိုး​တို့​အား “ကြည့်​ပါ။ သင်​တို့​၏​ဘုရင်​ပေတည်း”​ဟု ဆို​လေ​၏။ ထိုအခါ သူ​တို့​က “သုတ်သင်​လိုက်​ပါ၊ သုတ်သင်​လိုက်​ပါ၊ သူ့​ကို​လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု အော်ဟစ်​ကြ​၏။ ပိလတ်​မင်း​က “သင်​တို့​၏​ဘုရင်​ကို လက်ဝါးကပ်တိုင်​ပေါ်​၌ ငါ​တင်​ရ​မည်​လော”​ဟု မေး​လျှင် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​က “အကျွန်ုပ်​တို့​တွင် ဆီဇာ​ဧကရာဇ်​မှလွဲ၍ အခြား​ဘုရင်​မ​ရှိ​ပါ”​ဟု ပြန်​လျှောက်​ကြ​၏။ ထိုအခါ ပိလတ်​မင်း​သည် ယေရှု​ကို လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​စေရန် သူ​တို့​လက်​သို့​အပ်လိုက်​သဖြင့် သူ​တို့​သည် ကိုယ်တော်​ကို​ခေါ်ဆောင်​သွား​ကြ​၏။