YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 16:23-33

ရှင်ယောဟန်ခရစ်ဝင် 16:23-33 MSBU

ထို​နေ့​၌ သင်​တို့​သည် မည်သည့်​အရာ​ကို​မျှ ငါ့​အား​မေးမြန်း​ကြ​လိမ့်မည်​မ​ဟုတ်။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​တို့​သည် တစ်စုံတစ်ခု​ကို ငါ​၏​နာမ​၌ ခမည်းတော်​ထံ တောင်းလျှောက်​ကြ​လျှင် ခမည်းတော်​သည်​ပေး​တော်မူ​မည်။ သင်​တို့​သည် ယခု​တိုင်အောင် ငါ့​နာမ​၌ မည်သည့်​အရာ​ကို​မျှ မ​တောင်း​ကြ​သေး။ သင်​တို့​၏​ဝမ်းမြောက်​ခြင်း​ပြည့်ဝ​စုံလင်​စေရန် တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​ကြ​လိမ့်မည်။ ဤ​အရာ​များ​ကို ပုံ​ဥပမာ​အားဖြင့် သင်​တို့​အား ငါ​ဟောပြော​ခဲ့​သော်လည်း ပုံ​ဥပမာ​အားဖြင့် မ​ဟောပြော​တော့​ဘဲ ခမည်းတော်​၏​အကြောင်း​ကို သင်​တို့​အား အတိအလင်း​ငါ​ဖော်ပြ​မည့်​အချိန်​ကာလ​ရောက်လာ​တော့မည်။ ထို​နေ့​တွင် သင်​တို့​သည် ငါ့​နာမ​၌ တောင်းလျှောက်​ကြ​လိမ့်မည်။ သင်​တို့​အတွက် ခမည်းတော်​ထံ ငါ​တောင်း​ပေး​မည်​ဟု ငါ​မ​ဆို​ပေ။ အကြောင်းမူကား သင်​တို့​သည် ငါ့​ကို​ချစ်​၍ ငါ​သည် ဘုရားသခင်​ထံမှ​ကြွလာ​သည်​ကို ယုံကြည်​ကြ​သောကြောင့် ခမည်းတော်​ကိုယ်တော်​တိုင် သင်​တို့​ကို​ချစ်​တော်မူ​၏။ ငါ​သည် ခမည်းတော်​ထံမှ ကြွလာ​၍ ဤ​လောက​သို့ ရောက်​ခဲ့​၏။ တစ်ဖန် ဤ​လောက​မှ ထွက်ခွာ​၍ ခမည်းတော်​ထံသို့ သွား​တော့​မည်”​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​က “ယခု ကိုယ်တော်​သည် ပုံ​ဥပမာ​ကို​မ​ဆောင်​တော့​ဘဲ အတိအလင်း​မြွက်ဆို​တော်မူ​၏။ ကိုယ်တော်​သည် အလုံးစုံ​တို့​ကို သိမြင်​တော်မူ​၍ မည်သူမျှ ကိုယ်တော်​ကို မေးလျှောက်​စရာ​မ​လို​ကြောင်း ယခု အကျွန်ုပ်​တို့​သိ​ကြ​ပါ​ပြီ။ ဤ​အကြောင်း​ကို​ထောက်၍ ကိုယ်တော်​သည် ဘုရားသခင်​ထံမှ​ကြွလာ​တော်မူ​သည်​ကို အကျွန်ုပ်​တို့​ယုံကြည်​ကြ​ပါ​၏”​ဟု လျှောက်​ကြ​၏။ ယေရှု​က​လည်း“ယခု သင်​တို့​ယုံကြည်​ကြ​သလော။ ကြည့်ရှု​လော့။ သင်​တို့​သည် တစ်ကွဲတစ်ပြား​စီ​ဖြစ်​လျက် မိမိ​တို့​အိမ်​သို့ အသီးသီး​ပြန်သွား​ကြ​ကာ ငါ့​ကို တစ်ကိုယ်တည်း​ပစ်ထား​မည့်​အချိန်​ရောက်လာ​မည်​ဖြစ်​ရာ ယခု​ပင်​ရောက်လာ​လေ​ပြီ။ သို့ရာတွင် ခမည်းတော်​သည် ငါ​နှင့်အတူ​ရှိ​တော်မူ​သောကြောင့် ငါ​သည် တစ်ကိုယ်တည်း​မ​ဟုတ်။ သင်​တို့​သည် ငါ့​အားဖြင့် ငြိမ်သက်​ခြင်း​ရှိ​ကြ​စေရန် ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ဟောပြော​ပြီ။ သင်​တို့​သည် ဤ​လောက​၌ ဆင်းရဲ​ဒုက္ခ​နှင့်​ကြုံတွေ့​ရ​ကြ​လိမ့်မည်။ သို့သော် မစိုးရိမ်​ကြ​နှင့်။ ငါ​သည် ဤ​လောက​ကို​အောင်နိုင်​ပြီ”​ဟု ပြန်​၍​မိန့်​တော်မူ​၏။

​ရှင်ယောဟန်ခရစ်ဝင် 16:23-33 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။