YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 16:16-24

ရှင်ယောဟန်ခရစ်ဝင် 16:16-24 MSBU

ခဏ​ကြာ​လျှင် သင်​တို့​သည် ငါ့​ကို​မြင်​ရ​ကြ​တော့မည်​မ​ဟုတ်။ သို့ရာတွင် နောက်ထပ် ခဏ​ကြာ​လျှင် ငါ့​ကို​ပြန်​တွေ့မြင်​ရ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​အချို့​တို့​သည် “‘ခဏ​ကြာ​လျှင် သင်​တို့​သည် ငါ့​ကို​မြင်​ရ​ကြ​မည်​မ​ဟုတ်။ သို့ရာတွင် နောက်ထပ် ခဏ​ကြာ​လျှင် ငါ့​ကို​ပြန်​တွေ့မြင်​ရ​ကြ​လိမ့်မည်’​ဟူ၍​လည်းကောင်း၊‘ငါ​သည် ခမည်းတော်​ထံသို့ သွား​တော့မည်’​ဟူ၍​လည်းကောင်း ငါ​တို့​အား မိန့်​တော်မူ​သော​ဤ​စကား​မှာ မည်သို့​နည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ တစ်ဖန် သူ​တို့​က “‘ခဏ​ကြာ​လျှင်’​ဟူ၍ မိန့်​တော်မူ​သော​ဤ​စကား​မှာ မည်သို့​နည်း။ ကိုယ်တော်​မိန့်​တော်မူ​သော​အရာ​ကို ငါ​တို့​နား​မ​လည်​ကြ”​ဟု ပြောဆို​ကြ​၏။ ယေရှု​သည် မိမိ​အား တပည့်​တော်​တို့​မေးလျှောက်​လို​ကြ​သည်​ကို သိမြင်​တော်မူ​လျှင်“ ‘ခဏ​ကြာ​လျှင် သင်​တို့​သည် ငါ့​ကို​မြင်​ရ​ကြ​မည်​မ​ဟုတ်။ သို့ရာတွင် နောက်ထပ် ခဏ​ကြာ​လျှင် ငါ့​ကို​ပြန်​တွေ့မြင်​ရ​ကြ​လိမ့်မည်’​ဟု ငါ​ပြော​သော​စကား​နှင့်​ပတ်သက်၍ အချင်းချင်း​မေးမြန်း​ပြောဆို​နေ​ကြ​သလော။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​တို့​သည် ငိုကြွေး​လျက်​မြည်တမ်း​ကြ​လိမ့်မည်။ ဤ​လောက​မူကား ဝမ်းမြောက်​လိမ့်မည်။ သင်​တို့​သည် ဝမ်းနည်း​ကြ​သော်လည်း သင်​တို့​၏​ဝမ်းနည်း​ခြင်း​သည် ဝမ်းမြောက်​ခြင်း​ဖြစ်​သွား​လိမ့်မည်။ အမျိုးသမီး​တစ်​ဦး​သည် သားဖွား​သောအခါ မွေးဖွား​ချိန်​ရောက်လာ​သောကြောင့် ပူဆွေး​ခြင်း​ရှိ​တတ်​၏။ သို့ရာတွင် ကလေး​မွေးဖွား​ပြီး​သောအခါ ဤ​လောက​တွင် လူ​တစ်​ယောက်​မွေးဖွား​သည့်​အတွက် ဝမ်းမြောက်​ခြင်း​ရှိ​သဖြင့် ခံစား​ခဲ့​ရ​သော​ဒုက္ခ​ဝေဒနာ​ကို သတိ​မ​ရ​တော့​ပေ။ ထို့အတူ သင်​တို့​သည် ယခု​ဝမ်းနည်း​ခြင်း​ရှိ​ကြ​သော်လည်း ငါ​သည် သင်​တို့​နှင့် တစ်ဖန် ပြန်​တွေ့​မည်​ဖြစ်​သောကြောင့် သင်​တို့​၏​စိတ်နှလုံး​သည် ဝမ်းမြောက်​ခြင်း​ဖြင့် ပြည့်စုံ​ကြ​လိမ့်မည်။ ထို​ဝမ်းမြောက်​ခြင်း​ကို မည်သူမျှ သင်​တို့​ထံမှ မ​နုတ်ယူ​နိုင်​ရာ။ ထို​နေ့​၌ သင်​တို့​သည် မည်သည့်​အရာ​ကို​မျှ ငါ့​အား​မေးမြန်း​ကြ​လိမ့်မည်​မ​ဟုတ်။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​တို့​သည် တစ်စုံတစ်ခု​ကို ငါ​၏​နာမ​၌ ခမည်းတော်​ထံ တောင်းလျှောက်​ကြ​လျှင် ခမည်းတော်​သည်​ပေး​တော်မူ​မည်။ သင်​တို့​သည် ယခု​တိုင်အောင် ငါ့​နာမ​၌ မည်သည့်​အရာ​ကို​မျှ မ​တောင်း​ကြ​သေး။ သင်​တို့​၏​ဝမ်းမြောက်​ခြင်း​ပြည့်ဝ​စုံလင်​စေရန် တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​ကြ​လိမ့်မည်။

​ရှင်ယောဟန်ခရစ်ဝင် 16:16-24 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။