YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 12:20-33

ရှင်ယောဟန်ခရစ်ဝင် 12:20-33 MSBU

ပွဲတော်​တွင် ဝတ်ပြု​ကိုးကွယ်​ရန် တက်​လာ​ကြ​သော​သူ​တို့​ထဲ၌ ဂရိ​လူမျိုး​အချို့​ပါ​၏။ သူ​တို့​သည် ဂါလိလဲ​နယ်၊ ဗက်ဇဲဒ​မြို့သား ဖိလိပ္ပု​ထံ​ချဉ်းကပ်​၍ “ဆရာ၊ အကျွန်ုပ်​တို့​သည် ယေရှု​ကို​တွေ့မြင်​လို​ပါ​သည်”​ဟု တောင်းဆို​ကြ​၏။ ဖိလိပ္ပု​သည်​သွား​၍ အန္ဒြေ​ကို​ပြောပြ​ပြီးလျှင် အန္ဒြေ​နှင့်​ဖိလိပ္ပု​တို့​သည်​လာ​၍ ယေရှု​ထံ​လျှောက်ထား​ကြ​၏။ ထိုအခါ ယေရှု​က“လူ့သား​ကို ဘုန်း​တော်​ထင်ရှား​စေ​မည့်​အချိန် ရောက်လာ​ပြီ။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ဂျုံ​စေ့​တစ်​စေ့​သည် မြေ​၌​ကျ​၍ မ​ပျက်စီး​လျှင် တစ်စေ့တည်း​ရှိ​နေ​၏။ ပျက်စီး​လျှင်​မူကား များစွာ​သော​အသီး​ကို ဖြစ်ထွန်း​စေ​တတ်​၏။ မိမိ​အသက်​ကို​တွယ်တာ​သော​သူ​သည် အသက်​ဆုံးရှုံး​လိမ့်မည်။ ဤ​လောက​၌ မိမိ​အသက်​ကို​မုန်း​သော​သူ​မူကား ထို​အသက်​ကို ထာဝရ​အသက်​အတွက် စောင့်ရှောက်​လိမ့်မည်။ မည်သူမဆို ငါ​၏​အမှု​ကို​ဆောင်ရွက်​မည်​ဆို​လျှင် ထို​သူ​သည် ငါ့​နောက်​သို့​လိုက်​ရ​မည်။ ထိုအခါ ငါ​ရှိ​ရာ​အရပ်​၌ ငါ​၏​အမှုဆောင်​လည်း​ရှိ​လိမ့်မည်။ မည်သူမဆို ငါ​၏​အမှု​ကို​ဆောင်ရွက်​မည်​ဆို​လျှင် ထို​သူ​ကို ခမည်းတော်​သည် ချီးမြှောက်​တော်မူ​လိမ့်မည်။ ယခု ငါ့​စိတ်​ပူပန်​လျက်​ရှိ​၏။ ငါ​မည်သို့​လျှောက်​ရ​ပါ​မည်နည်း။ ‘အို အဖ၊ ဤ​အချိန်​နာရီ​မှ အကျွန်ုပ်​ကို ကယ်တင်​တော်မူ​ပါ’​ဟူ၍ လျှောက်​ရ​ပါ​မည်​လော။ သို့ရာတွင် ငါ​သည် ဤ​အတွက်​ကြောင့် ယခု​အချိန်​နာရီ​သို့ ရောက်လာ​ခဲ့​၏။ ‘အို အဖ၊ ကိုယ်တော်​၏​နာမ​တော်​အား ဘုန်း​တော်​ထင်ရှား​စေ​တော်မူ​ပါ’”​ဟု မြွက်ဆို​တော်မူ​၏။ ထိုအခါ “ငါ​သည် ဘုန်း​တော်​ထင်ရှား​စေ​ခဲ့​ပြီ။ နောက်တစ်ဖန်​လည်း ထင်ရှား​စေ​ဦး​မည်”​ဟု ကောင်းကင်​မှ​အသံ​တော်​လာ​၏။ အနီးနား​၌​ရပ်​နေ​၍ ထို​အသံ​ကို​ကြား​ကြ​သော လူထု​ပရိသတ်​တို့​က “မိုးချုန်း​သည်”​ဟု ဆို​ကြ​၏။ အခြား​သော​သူ​တို့​က​မူ “ကောင်းကင်တမန်​က သူ့​ကို​မြွက်ဆို​သည်”​ဟု ဆို​ကြ​၏။ ယေရှု​က​လည်း“ဤ​အသံ​တော်​သည် ငါ့​အတွက်​မ​ဟုတ်​ဘဲ သင်​တို့​အတွက်​လာ​၏။ ယခု​သည် ဤ​လောက​၏​တရား​စီရင်​ခြင်း​ကာလ​ဖြစ်​၏။ ဤ​လောက​ကို​အုပ်ချုပ်​သူ​သည် ယခု နှင်ထုတ်​ခြင်း​ခံရ​မည်။ ငါ​သည်​လည်း မြေ​မှ မြှောက်​ထား​ခြင်း​ခံရ​သောအခါ လူ​ခပ်သိမ်း​တို့​ကို ငါ့​ထံသို့​ဆွဲငင်​မည်”​ဟု မိန့်​တော်မူ​၏။ ဤသို့​မိန့်​တော်မူ​ခြင်းမှာ မိမိ​သည်​မည်သို့​သော​သေ​ခြင်း​မျိုး​ဖြင့် အသေခံ​ရ​မည်​ကို အရိပ်အမြွက်​မိန့်​တော်မူ​ခြင်း​ဖြစ်​၏။

ရှင်ယောဟန်ခရစ်ဝင် 12:20-33 အကြောင်း ဗီဒီယိုများ